ရောင်စဉ်စစ်ကိရိယာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စပက်ထရမ်နှင့်စပက်ထရိုစကုပ်[ပြင်​ဆင်​ရန်​]

oုံးမြှောင့်ပုံ ဖန်တုံးဖြင့်ပြုလုပ်ထားသည့် ရိုးရှင်းသည့် စပက်ထရိုစကုပ်။

နေရောင်ကို ပရစ်ဇမ်ခေါ် သုံးမြေ|ာက်ဖန်တုံးဖြင့်ခံ၍ကြည့် လျှင် ဖန်တုံးထဲက ဖြတ်ထွက်လာသောနေရာသည် မူလ နေရောင်အဖြူရောင် မဟုတ်တော့ဘဲ၊အနီ၊ လိမ်မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနည်၊ ခရမ်းဟူ၍အရောင်ခုနစ်မျိုး ဖြစ်ပေါ် လာသည်ကို တွေ့ရသည်။ ယင်းသို့ထွက်လာသော အရောင် ခုနစ်မျိုးကို စပက်ထရမ် (ရောင်စဉ်)ဟုခေါ်၏။အနောက်ဘက် တွင် နေရှိနေ၍ အရှေ့ဘက်တွင်မိုးရွာနေသောအခါ၌သက်တံ့ ဖြစ်ပေါ်တတ်ပုံကို တွေ့ဘူးကြပေမည်။သက်တံ့များတွင် အနီ အစ ခရမ်း အဆုံးရှိသောအရောင်ခုနစ်မျိုးပင် ပါရှိသည့် ရောင်စဉ်များကို ကောင်းစွာတွေ့နိုင်သည်။ခြားနားချက်မှာ သဘာဝ အလျောက်ဖြစ်ပေါ်သော သက်တံများ၌နေရောင်သည် ဖန်တုံး ကို ဖြတ်သွားရမည့်အစားမိုးရေပေါက်များကို ဖြတ် သွားခြင်း သာဖြစ်သည်။


သို့ရာတွင် ရောင်စဉ်များသည် နေရောင် တစ်ခုတည်းမှသာ မဟုတ် လျှပ်စစ်ဓာတ်မီး၊ လျှပ်စစ် အတ်မီး၊ ဓာတ်ငွေ့မီးစသည့် မီးရောင်များမှလည်း ဖြစ်ပေါ် လာနိုင်ပေသည်။ ပရစ်ဇမ်ဖန်တုံးသည် နေရောင်မှ ရောင်စဉ်ဖြစ်အောင်ခွဲ တတ်ပုံကို စတင်စုံစမ်း၍ စစ်ဆေးကြည့်ရှုသူမှာ သိပ္ပံကဝိ နျူတန်ပင်ဖြစ်လေသည်။


ထိုပုဂ္ဂိုလ်ကြီးသည် ဖန်တုံး၏သတ္တိကို စုံစမ်းစစ်ဆေးပြီးနောက် နောက် စဉ်တွင်ပါဝင်သော ခုနစ်မျိုးသောအရောင်တို့ဖြင့် စုပေါင်းဖွဲ့စည်း ထားကြောင်း၊ တစ်ရောင်စီဖြစ်အောင် ဖန်တုံးက ခွဲထုတ်ပေးနိုင် ကြောင်း စသည်တို့ကို ခရစ် ၁၆၂၇ ခုနှစ်တွင် ထုတ်ဖော်ပြော ဆိုခဲ့လေသည်။ နေရောင်ကို ပရစ်ဇမ်ဖန်တုံးကဲ့သို့သော ပစ္စည်း မျိုးဖြင့် ခံ၍ကြည့်လိုက်သောအခါ အဘယ်ကြောင့် ရောင်စဉ် များ ထွက်ပေါ်လာရသနည်း။ထိုအကြောင်းခြင်းရာကို နားလည် ရန်မှာ အလင်းရောင်သည် လှိုင်းအဖြစ်ဖြင့် ဖြတ်သန်းသွားသည့် အချက်ကို ရှေးဦးစွာ သိထားရပေမည်။ အလင်းလှိုင်းတို့တွင် အလျားအမျိုးမျိုးရှိကြရာ၊ ထိုလှိုင်းအလျားအလိုက် အရောင်များ ဖြစ်ပေါ်လာကြသည်။ ပမာအားဖြင့် အနီရောင်သည် ရောင်စဉ်ရှိ အရောင်ခုနစ်မျိုးတွင် လှိုင်းအလျားအရှည်ဆုံးဖြစ်၍ ခရမ်းရောင် မှာ လှိုင်းအလျား အတိုဆုံး ဖြစ်လေသည်။ လှိုင်းအလျားအမျိုး မျိုးတို့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အဖြူရောင်အလင်းသည် အဘယ်ကြောင့် လေထဲတွင် ရောင်စဉ်အဖြစ်ဖြင့် ကွဲ၍မထွက်ပါ သနည်း။ ဤမေးခွန်းကို ဖြေရန်ကား ဤသို့ဖြစ်၏။ အားလုံး သော အလင်းလှိုင်းတို့သည် မည်ကဲ့သို့သော လှိုင်းအလျား ရှိသည်ဖြစ်စေ အာကာသတွင်ဖြစ်မူ အလျင်အတူတူဖြင့်သာ ဖြတ်သွား လျက်ရှိ၏။ သို့သော် ဖန်၊ရေ စသော လင်းပေါက် ပစ္စည်းတစ်ခုခုကို ဖြတ်သွားသောအခါ၌မူကား အလင်းလှိုင်း အသီးသီးတို့၏ အလျင်များသည် တစ်မျိုးနှင့်တစ်မျိုး မတူ တော့ချေ။ ထိုအခါ လှိုင်းအသီးသီးသည် တစ်မျိုးစီယိုင်၍ ကွဲထွက် သွားလာကြသည်။ လှိုင်းအလျားအရှည်ဆုံးဖြစ်သော အနီရောင်သည် အမြန်ဆုံးနှုန်းဖြင့် ဖြတ်သွားသဖြင့် အနည်း ငယ်ယိုင်၏။ လှိုင်းအလျား အတိုဆုံးဖြစ်သော ခရမ်းရောင်၏ အလျင်မှာ အနှေးဆုံးဖြစ်၍ အများဆုံး ယိုလေသည်။ အလင်း လှိုင်းများ အလျင်ချင်း မတူမှုကြောင့် ဤကဲ့သို့ အရောင် အလိုက်ခွဲထွက်လာခြင်းကို အရောင်ကွဲထွက်ခြင်းဟု ခေါ်လေ သည်။


အထက်တစ်နေရာတွင် ဖော်ပြခဲ့သည့်အတိုင်း ရောင်စဉ်များ သည်အဖြူရောင် အလင်းတစ်ခုတည်းမှသာ ထွက်ပေါ်လာကြ သည်ဟု မယူဆအပ်ပေ။ ပစ္စည်းတစ်ခုခုကို ဓာတ်ငွေ့ဖြစ် သွားအောင် အပူများများတိုက်ပေးလိုက်သောအခါ ထိုဓာတ်ငွေ့ ဖြစ်သွားသော ပစ္စည်းများမှ ရောင်စဉ်များ ဖြစ်ပေါ်လာနိုင်သေး သည်။ ဒြပ်စင်တစ်ခုကို အပူပြင်းပြင်း တိုက်ပေးသောအခါ အက်တမ်များသည် ဒြပ်စင်မှ ထွက်လာပြီးလျှင် တုန်ခါသွားလေ သည်။ ထိုအလင်းရောင်မျိုးကို ဖန်ပရစ်ဇမ်တုံးဖြင့် ခံကြည့်လျှင် ရောင်စဉ်များကို ရရှိ၏။ သို့ရာတွင် များသောအားဖြင့် ထို ရောင်စဉ်မျိုးတွင် နေရောင်စဉ်များမှာကဲ့သို့ အရောင် ခုနစ်မျိုး လုံးကို မရှိကြချေ။ ဒြပ်စင်အသီးသီးရှိ ကိုယ်ပိုင်အရောင်များ ကိုသာ ထိုရောင်စဉ်မျိုးတွင် တွေ့နိုင်ကြသည်။ ထိုကြောင့် ရောင်စဉ်များကို စပတ်ထရိုစကုပ်နှင့် ကြည့်ရှုစစ်ဆေးခြင်းဖြင့် မည်သည့်ပစ္စည်း၌ မည်သည့်ဒြပ်စင်များ ပါရှိကြောင်းကို ခွဲခြား ပြောဆိုနိုင်သည်။ ဤနည်းဖြင့်ပင် နက္ခတ်ဆရာတို့သည် နေ၊ လ၊ ကြယ်၊ ဂြိုဟ်စသော ကောင်းကင်တန်ဆာများ၌ ပါဝင် ဖွဲ့စည်းထားသည့် ဒြပ်စင်များကို သိအောင်ရှာဖွေနိုင်၏။ အလင်းရောင်အမျိုးမျိုးမှ ထွက်ပေါ်လာကြသော ရောင်စဉ် များကို (၁) အပြည့်ရောင်စဉ် (၂) အလွှတ်ရောင်စဉ် (၃) အစုတ်ရောင်စဉ် ဟူ၍ သုံးမျိုးခွဲထားသည်။


နေရောင်၊ လျှပ်စစ်အတ်မီးရောင်၊ လျှပ်စစ်မီးရောင်သို့မဟုတ် ဓာတ်ငွေ့မီးရောင်များမှ အပြည့်ရောင်စဉ်များဖြစ်ပေါ်၍ ဤရောင် စဉ်မျိုးတွင် ပါသောအရောင်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ် လျက် ရှိလေသည်။ ဒြပ်စင်တစ်ခုကို ဓာတ်ငွေ့ဖြစ်အောင် အပူ ပြင်းပြင်း မီးတိုက်ပေးလိုက်သောအခါ ထွက်လာသောအရောင် များမှ အလွှတ်ရောင်စဉ်များကို ရရှိသည်။ ဤရောင်စဉ်မျိုး တွင် ဒြပ်စင်ကိုလိုက်၍ ကွဲလွဲကြသော တောက်ပသည့်အရောင် ကြောင်းများ ပါရှိသည်။ ပမာပြရသော်၊ ဆားအနည်းငယ်ကို ဗွန်ဆင်မီးတိုင်တွင် မီးလျှံသည် အဝါရောင်ဖြစ်၍ နေသည်။


ထိုအဝါရောင် မီးလျှံကို စပက်ထရိုစကုပ်နှင့် ကြည့်လျှင် တောက်ပသော အဝါကြောင်းကို ဓာတုဗေဒဆရာများက ဆိုဒီယမ်ကြောင်းဟု ခေါ်ကြ၏။ အခြားဓတ်ဆားနှင့် ဓာတ်ငွေ့ များကို အရောင်ထွက်အောင် အပူတိုက်ပေးပြီးနောက် စပက် ထရိုစကုပ်နှင့် ကြည့်လျှင်လည်း ပါဝင်နေသော ဒြပ်စင်ကို လိုက်၍ တောက်ပသောအနီကြောင်း၊ အစိမ်းကြောင်းများကို မြင်ရလေသည်။


အစုတ်ရောင်စဉ်များမှာ အလင်းရောင်နှင့် စပက်ထရိုစကုပ် တို့ကြားတွင် အလင်းရောင်ကို စုတ်ယူတတ်သည့် ဓာတ်ငွေ့များ ရှိသောအခါမျိုး၌ ဖြစ်ပေါ်တတ်သည့် ဓာတ်ငွေ့များ ရှိသော အခါမျိုး၌ ဖြစ်ပေါ်တတ်လေသည်။ ပမာအားဖြင့် ဓာတ်မီး တစ်လုံးကို စပက်ထရိုစကုတ် ရှေ့တွင် ထား၍ကြည့်လျှင် အပြည့်ရောင်စဉ်ကို တွေ့ရ၏။ ဗွန်ဒင်မီးတိုင်တွင် ဆားကို မီးရှို့ပြီးကြည့်လျှင် တောက်ပသောအဝါကြောင်း တစ်ကြောင်း မြင်ရကြောင်း ဖေါ်ပြခဲ့ပြီ။ သို့သော် ဆားကို မီးရှို့ထားသော ဗွန်ဆင်မီးတိုင်ကို စပက်ထရိုစကုပ်နှင့်ဓာတ်မီးလုံးကြားတွင် ထား၍ ကြည့်သောအခါ ဓာတ်မီးကြောင့် ဖြစ်ပေါ်သည့်အပြည့် ရောင်စဉ်ပေါ်တွင် ဆားကြောင့် ဖြစ်ပေါ်သည့် အဝါရောင်မျဉ်း ကြောင်းကို မမြင်ရတော့ခေ။ အဝါကြောင်းနေရာတွင် အနက် ကြောင်းကိုသာ တွေ့ရလေသည်။ အကြောင်းမှာကား၊ ဆိုဒီယမ် ဓာတ်ငွေ့ အဝါရောင်အလင်းလှိုင်းများကို စုတ်ယူလိုက်သော ကြောင့်ပင် ဖြစ်လေသည်။


အစုတ်ရောင်စဉ်တွင် တွေ့ရသော အနက်ကြောင်းများကို ဖရောင်ဟိုဖာမျဉ်းများဟုခေါ်သည်။ ဤသို့ ခေါ်တွင်ရခြင်း၏ အကြောင်းမှာ ခရစ် ၁၈၄၁ ခုနှစ်တွင် ဗာဗေးရီးယားပြည်သား မျက်မှန်ဆိုင်ရာ ပညာသည်တစ်ဦး ဖြစ်သူ ဖရောင်ဟိုဖာက နေ၏ရောင်စဉ်တွင် ထိုအနက်ကြောင်းများကို စတင်တွေ့ရသော ကြောင့် ဖြစ်ပေသည်။ ကပ်ခေါ့ အမည်ရှိ ဂျာမန်ရူပဗေဒ ပညာရှင်က ရှင်းပြသည်မှာ အနက်ကြောင်းများသည် နေလုံး ကြီးကို ဝန်းရံလျက်ရှိသော ဓာတ်ငွေ့အထပ်ထပ်တို့ကြောင့် ဖြစ် သည်။ ထိုဓာတ်ငွေ့တို့သည် နေမှာထက် အပူချိန်လျော့၍ ရှိကြ ပြီး၊ နေမှထုတ်လွှတ်သော အလင်းလှိုင်းတို့အနက် မိမိတို့ ကိုယ်တိုင် ထုတ်လွှတ်နိုင်သော အလင်းလှိုင်းများကို စုတ်ယူ လိုက်ကြသည်ဟု ဆိုလေသည်။


နေရောင်မှ ရောင်စဉ်တွင် အနက်ကြောင်း ထင်သည့်နည်းတူ ပစ္စည်းတစ်မျိုးမျိုးမှ ရရှိသည့် ရောင်စဉ်များတွင်လည်း အနက် ကြောင်းများ ထင်အောင် လက်တွေ့စမ်းခန်း၌ စမ်းသပ်ကြည့် သောအခါ နေ၏အကြောင်းကို တိုးတက်သိလာကြရပြန်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် နေထဲတွင်ရှိသော ဒြပ်တို့ကိုသာ မဟုတ် နေ၏အပူချိန်၊ နေ၌ဖြစ်သောဓာတ်ငွေ့တို့၏ ဖိအား၊ နေပေါ်တွင်ဖြစ်သော လျှပ်စစ် သံလိုက်ဓာတ်၏ အခြေအနေ တို့ကိုပါ သိခဲ့ရလေသည်။ ကမ္ဘာမြေပေါ်တွင် သဘာဝ အလျောက် တွေ့ရသော ဒြပ်စင် ၉၂ မျိုးအနက် ၅၈ မျိုး နေပေါ်ရှိကြောင်းကို စပက်ထရိုစကုပ်နည်းဖြင့် သိရ၏။ ကျန် အခြား ဒြပ်စင်များလည်း နေပေါ်၌မရှိဟု ကျွန်ုပ်တို့က တစ်ထစ်ချ မဆိုနိုင်သေးပေ။အလင်းရောင်အသီးသီးမှရောင်စဉ် အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည့်အတိုင်း နက္ခတ်ပညာ ဆည်း ပူးရာတွင် အလွန်အသုံးဝင်သော ကိရိယာမှာ စပက်ထရိုစကုပ် ဖြစ်သည်။ ထိုကိရိယာကို ဖန်တီးနိုင်သဖြင့် ရူပဗေဒလိုက်စားသူ တို့အား အသိဉာဏ်တိုးပွားအောင် များစွာ အထောက်အပံ့ ဖြစ် ခဲ့လေသည်။ နျူတန်၏ နေရောင်မှ ရောင်စဉ်ခွဲဲထုတ်ပုံနည်းကို အခြေပြု၍ ဖန်တီးထားသော ရှေးကျသည့် စပက်ထရိုစကုပ် မျိုးတွင် ပရစ်ဇမ်ခေါ်သော သုံးမြေ|ာင့်ပုံ ဖန်တုံးတစ်ခုရှိ၍ ထို ဖန်ပရစ်ကို ခုံမြင့်ဝိုင်းကလေးပေါ်၌ တင်ထားရသည်။ ပရစ်ဇမ် ၏ တစ်ဖက်တစ်ချက်တွင် ကော်လီမေတာခေါ် အလင်းရောင် ခံယူရာ ပြောင်းတစ်ခုနှင့် ရောင်စဉ်ကိုကြည့်ရန် တယ်လီစကုပ် မှန်ပြောင်းတစ်ခုရှိသည်။ ရှေးဦးစွာ အလင်းတန်းတစ်ခုကို ကော်လီမေတာပြောင်း၏ အစွန်းတစ်ဖက်၌ ထောင်လိုက်ဖောက် ထားသော အပေါက်လျားကလေးမှ ဝင်စေပြီးလျွင် ပရစ်ဇမ်ပေါ် သို့ ကျစေသည်။ ထိုအခါ ဖန်ပရစ်ဇမ်က မူလအလင်းရောင် ကို ရောင်စဉ်များ ဖြစ်အောင် ခွဲထုတ်ပေးသည်။ ဤသို့ ခွဲထွက် လာသော ရောင်စဉ်များကို တစ်ဖန် တယ်လီစကုပ်မှန်ပြောင်း ဖြင့် ကြည့်ရှုစစ်ဆေးရသည်။


အဖြူရောင်အလင်းကို ပရမ်ဇမ်ဖြင့် ခွဲထုတ်လိုက်သောအခါ တစ်နေရာတွင် ဖေါ်ပြခဲ့ပြီးသည့်အတိုင်း အနီ၊ လိမ်မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနည်၊ ခရမ်းရောင် စသည်ဖြင့် အရောင်ခုနစ် မျိုး ကွဲထွက်လာသည်။ အဖြူ အလင်းရောင်အစား ပစ္စည်း တစ်ခုခုကို မီးရှို့၍ရသော အလင်းရောင်ဖြစ်လျှင်လည်း မီးရှို့ခံ ရသော ပစ္စည်းအလိုက် အလွှတ်ရောင်စဉ်ကို မြင်ရပေသည်။

ဒြပ်စင်အသီးသီးမှ ရသော ရောင်စဉ်များသည် တစ်ခုနှင့်တစ်ခု မတူကြချေ။ နက္ခတဆရာတို့သည် နေနှင့်ကြယ်တို့၏ အလင်း ရောင်များကို စပက်ထရိုစကုပ်နှင့် ရောင်စဉ်ဖြစ်အောင် ခွဲယူ စစ်ဆေးကြည့်ခြင်းဖြင့် နေနှင့်ကြယ်တို့၌ ခေတ်မှီစပက် ထရို စကုပ်များ၏ အကူအညီဖြင့် မော်လီကျူ၊ အက်တမ်၊ အီလက် ထရွန်၊ ပရိုတွန်း၊ နျူးထရွန်းတို့၏ ဖွဲ့စည်းပြုမူပုံ အခြေအနေ များကိုပင် ယခုအခါ တိုးတက်၍ စုံစမ်းသိရှိနိုင်ခဲ့ကြပေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)