ရူးဗင်၊ ပီတာပေါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပီတာ ပေါ ရူးဗင် ၏ ကိုယ်တိုင်ရေးပုံတူ

ရူးဗင်၊ ပီတာပေါ (ခရစ် ၁၅၇၇-၁၆၄ဝ)[ပြင်​ဆင်​ရန်​]

ပီတာပေါရူးဗင်သည် နာမည်ကျော် ဖလင်းမစ်အမျိုးသား ပန်းချီဆရာဖြစ်သည်။ ရူးဗင်သည် ရီနေဆွန်းခေတ် အီတလီ နိုင်ငံ ပန်းချီလက်ရာကို ဥရောပမြောက်ပိုင်း ထိပ်တန်းပန်းချီ လက်ရာနှင့် ပေါင်းစပ်ပြီးလျှင် ဆေးရောင်ခြယ်ခြင်း၊ ပုံဖော်ခြင်း တို့၌ မိမိဉာာဏ်ကွန့်၍ ရေးဆွဲခဲ့သည်။ ထိုကြောင့် ရူးဗင် ကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာ ဥရောပတိုက်ရှိ ပန်းချီ ဆရာတို့က သူ၏လက်ရာကို အတုယူ ရေးဆွဲကြရလေသည်။ ဗဲလဂျီယမ်နိုင်ငံ၊ အန့်တွပ်မြို့ရှိ ရူးဗင်၏ နေအိမ်သို့ ပန်းချီပညာသင် မြောက်မြားစွာတို့ လာရောက်၍ တပည့်ခံကြ သည်။ ပုံတူကားရေးဆွဲရာ၌ နာမည်ကျော်သော ပန်းချီဆရာ ဗန်ဒိုက်မှာ ရူးဗင်၏တပည့်ဖြစ်သည်။ ဗန်ဒိုက် ဆာအန်တိုနီ ရူးဗင်ရေးဆွဲခဲ့သော ပန်းချီကားပေါင်း ၁၂၅ဝ ခန့်တွင် ရှုခင်းပုံနှင့် တိရစ္ဆာန်ပုံ ပန်းချီကားများလည်း ပါဝင်၏။ ထုံး ဟောင်းပုံပြင်နှင့် အယူဝါဒဆိုင်ရာ ပန်းချီကားများ၊ ပုံတူပန်းချီ ကားများလည်း ပါဝင်၏။ ရူးဗင်သည် နန်းတော်နံရံတွင် တန်ဆာဆင်ရန် ပန်းချီကားချပ်ကြီးများ၊ ကသီဒရယ် ဘုရား ရှိခိုးကျောင်းတွင် တန်ဆာဆင်ရန် ပန်းချီကားချပ်ကြီးများကို ရေးဆွဲရန် အထူးပင် ဝါသနာထုံသည်။ ရူးဗင်၏ ပန်းချီကား များသည် အသက်ဝင်လျက် ရှိပြီးလျှင် သူ၏လက်စွမ်းနှင့် စိတ်ကူးဉာာဏ်ကို ထုတ်ဖော်ပြသလျက် ရှိပေသည်။

ရူးဗင်ကို ၁၅၇၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဂျာမနီ နိုင်ငံအနောက်ပိုင်း ဆီးဂျင်းမြို့၌ ဖွားမြင်သည်။ ဖခင်သည် ဗဲလဂျီယမ်နိုင်ငံသား ဖြစ်သော်လည်း အယူဝါဒအစွဲအလမ်း ကြောင့် ပြည်နှင်ဒဏ် ခံနေရသူဖြစ်၏။ ရူးဗင်သည် ဘခင် ကွယ်လွန်ပြီးနောက် မိခင်နှင့်အတူ ဇာတိအရပ်ဖြစ်သော အန့်တွပ်မြို့သို့ ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ၁၅၉၈ ခုနှစ်တွင် ပန်းချီဆရာအသင်းဝင်တစ်ဦး ဖြစ်လာပြီးလျှင် နှစ်နှစ်ကြာသော အခါ အီတလီနိုင်ငံသို့ သွားရောက်၍ မန်တူအာမြို့စားထံ၌ ခစားသည်။ ရူးဗင်သည် မြို့စားကြီးအတွက် ပန်းချီကားပေါင်း များစွာ ရေးဆွဲခဲ့ရသည့်အပြင် ရောမမြို့၊ဂျီနိုးအားမြို့နှင့် ဗင်းနစ် မြို့များ၌ အီတလီရီနေဆွန်းခေတ်မှ ပန်းချီကျော်တို့၏ လက်ရာ များကို လေ့လာခဲ့ရလေသည်။

၁၆ဝ၈ ခုနှစ်တွင် အန့်တွပ်မြို့သို့ ပြန်လာပြီးနောက် မကြာမီ အဇ္ဇဗလားဗရန့်ဆိုသူနှင့် လက်ထပ်သည်။ ၁၆၂၂ ခုနှစ် တွင် ပြင်သစ်ဘုရင် ၁၃ ဆက်မြောက်လူဝီ၏ မယ်တော်က ရူးဗင်အား ဖိတ်ခေါ်၍ သူ၏ဘဝ အဖြစ်အပျက်များကို ပန်းချီ ကားများဖြင့် သရုပ်ဖော်စေ၏။ ထိုပန်းချီကားများသည် ပါရစ် မြို့၊ လပ်ဇင်ဗူးနန်းတော်၌ တန်ဆာဆင်ရန် ဖြစ်လေသည်။ ပန်းချီကျော်ရူးဗင်သည် သံတမန်အဖြစ်လည်း အရည် အချင်းပြည့်သူဖြစ်၏။ ၁၆၂၈ ခုနှစ်တွင် ဖလင်းမစ် ဘုရင်ခံက ရူးဗင်အား သံတမန်အဖြစ် စပိန်နိုင်ငံ စတုတ္ထဖိလစ်ဘုရင်ထံသို့ စေလွှတ်ခဲ့သည်။ နောက်တစ်နှစ်တွင် စပိန်နိုင်ငံနှင့် အင်္ဂလန် နိုင်ငံတို့ စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုရန် အင်္ဂလန်နိုင်ငံ ပထမချားဘုရင်ထံသို့ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်းခံရ လေသည်။ ရူးဗင်သည် တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင် သဖြင့် ချားဘုရင်က ဆာဘွဲ့အပ်နှင်း၍ သူကောင်းပြုသည်။ စပိန်ဘုရင်ကလည်း ဘွဲ့ထူးဖြင့် ခြီးမြှင့်လေသည်။

ထိုနောက် ရူးဗင်သည် သံတမန်ရာထူးကို စွန့်လွှတ်ပြီး လျှင် အန့်တွပ်မြို့၌ အေးချမ်းစွာ နေထိုင်လေသည်။ ပထမ ဇနီးသည် ၁၆၂၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ ၁၆၃ဝ ပြည့်နှစ်၌ ဟယ်လီနာဖိုးမင့် ဆိုသူနှင့် လက်ထပ်ပြန်သည်။ ရူးဗင်သည် ခန့်ညားထယ်ဝါစွာ နေထိုင်၏။ သူ၏နေအိမ်ကြီးတွင် ရှေး ခေတ်နှင့် နှောင်းခေတ် ပန်းချီလက်ရာကျော်များဖြင့် တန်ဆာ ဆင်ထားသည်။ သူ၏ပထမဇနီးနှင့် ကလေးများပုံတူပန်းချီကား၊ ဒုတိယဇနီး ပုံတူပန်းချီကားများသည် အနုပညာလက်ရာမြောက် သော ပန်းချီကားများအဖြစ် ထင်ရှားသည်။ မင်းစိုးရာဇာပိုင်းက ၎င်း၊ အနုပညာရှင်ပိုင်းက၎င်း ရူးဗင်နှင့် မိတ်ဖွဲ့၍ သူ့အိမ်သို့ ဝင်ထွက်သွားလာလေ့ ရှိကြသည်။ ရူးဗင်သည် ၁၆၄ဝ ပြည့်နှစ် မေလ ၃ဝ ရက်နေ့တွင် အနိစ္စရောက်လေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)