ရိုက်ညီနောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရိုက်ညီနောင်

ရိုက်ညီနောင်၊ အော်ဗီလ်ရိုက် နှင့် ဝီလ်ဘာရိုက် (Orville Wright & Wilbur Wright)တို့ကို လူသားတို့သမိုင်းတွင် ပထမဆုံး ကောင်းကင်၌ ပျံသန်းသူများ၊လူသားတို့ယဉ်ကျေးမှုကို ပြောင်းလဲစေမည့် တစ်ခေတ်ဆန်းစေမည့် လေယာဉ်ပျံကို တီထွင်သူများ အဖြစ် လူတို့က အမှတ်ရကျေးဇူးတင်ကြသည်။လူပုဂ္ဂိုလ် နှစ်ဦးအကြောင်းဖြစ်သော်လည်း ခေါင်းစဉ်တစ်ခုတည်းသာဖွင့်ရခြင်းမှာ ၄င်းတို့နှစ်ဦးပေါင်းမှ တီထွင်ဖန်တီးမှုတစ်ခုတည်းဖြစ်၍ ဖြစ်သည်။

အော်ဗီလ်ရိုက်ကို ၁၈၇၆ အင်ဒီယားနားပြည်နယ်၊မေဗေး တွင်ဖွားမြင်ပြီး ညီဖြစ်သူ ဝီလ်ဘာရိုက်ကို ၁၈၇၁ အိုဟိုင်းယိုးပြည်နယ်၊ ဒေတွန် တွင်ဖွားမြင်သည်။နှစ်ဦးသားအထက်တန်းကျောင်းပြီးသည်အထိသာ ပညာသင်ဖူးပြီး တက္ကသိုလ်တက်ရောက်ခဲ့ခြင်းမရှိပေ။ ညီနောင်နှစ်ဦးတို့မှာ ငယ်စဉ်ကတည်းက စက်ပစ္စည်းကိရိယာများပေါ်တွင် စိတ်ဝင်စားခဲ့ပြီး သင်္ချာပညာတွင်လည်း ထူးချွန်ကြသည်။ ၁၈၉၂တွင် စက်ဘီဆိုင်ဖွင့်ပြီး တပ်ဆင်ပြုပြင်ကြသည်။ထိုမှရသည့် ဝင်ငွေဖြင့် မိမိတို့စိတ်ပါဝင်စားရာ မိုးပျံခြင်းနည်းပညာကို စူးစမ်းသုတေသနပြုကြသည်။၄င်းနှင့် စပ်ဆိုင်သည့် ပညာရပ်ဆိုင်ရာ စာတမ်းများကို တခုပ်တရပင် ရှာဖွေဖတ်ရှုကြသည်၊ လေ့လာကြသည်။

၁၈၉၉တွင် ညီနောင်နှစ်ဦး စိတ်တူကိုယ်တူဖြင့် ထိုကြီးကျယ်သည့်၊လူ့သမိုင်းကို တစ်ဆစ်ချိုးပြောင်းလဲစေမည့် တီထွင်မှုအသစ်ကို စတင်အကောင်အထည်ဖော်ကြသည်။ထိုအချိန်မှစကာ စွန်(လေတံခွန်)များကို အကြိမ်ကြိမ် စမ်းသပ်လွတ်တင်ကြည့်ကြသည်။ ရည်ရွယ်ချက်မှာ ဦးစွာလူလိုက်ပါပျံသန်းကြည့်ပြီးမှ စက်ကိရိယာတို့ကို လိုအပ်သလိုတပ်ဆင်မည် ဟုဖြစ်သည်။ နောက်တစ်ဆင့် တက်ကာလေဟုန်စီးတောင်ပံကြီးများကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ဖန်တီးပြီး တောင်ကုန်းအမြှင့်မှ လျောချလေဟုန်စီးကြည့်သည်။ အတန်အတင့်အောင်မြင်သဖြင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ကစ်တီဟောက်စ်တွင် လူကိုသယ်ဆောင် လေဟုန်စီးနိုင်သည့် လေဟုန်စီးတောင်ပံကြီး ပြုလုပ်သယ်ဆောင်ကာ စမ်းသပ်ပျံသန်းကြည့်ကြသည်။ရလဒ်ကို မကျေနပ်သဖြင့် ၁၉၀၂ တွင်ပိုကောင်း၊ ပိုကြီးသည့် လေဟုန်စီးတောင်ပံကြီးနှစ်ခုကို ထပ်မံစမ်းသပ်ကြသည်။နောက်ဆုံးတစ်ခုတွင် လူတို့လိုက်ပါနိုင်လောက်အောင် အရေးပါသည့် စက်ကိရိယာများကို တပ်ဆင်ပြီးစမ်းသပ်ကြခြင်းဖြစ်သည်။ထိုတတိယလေဟုန်စီးေတောင်ပံဖြင့် အကြိမ် တစ်ထောင်ကျော် စမ်းသပ်ကြည့်ပြီးနောက် ကျေနပ်သဖြင့် ၁၉၀၃တွင် မှတ်ပုံတင်ရုံး၌ မူပိုင်အဖြစ်မှတ်ပုံတင်ပြုလုပ်ခဲ့ကြသည်။

ထိုစမ်းသပ်မှုအောင်မြင်ပြီးနောက် ပိုကောင်းသည့် စက်တပ်ယာဉ်ပျံကိုတည်ဆောက်ရန် ကြိုးပမ်းကြသည်။ထိုနေရာတွင် အများနှင့်ကွဲလွဲချက်မှာ အများသူငါက ယာဉ်ကိုမြေမှကြွတက်ရန်ကိစ္စမှာ အဓိကပြဿနာဟုရှုမြင်ပြီး ရိုက်ညီနောင်က မြေမှကြွတက်ပြီးနောက် ကောင်းကင်ပေါ်တွင် လိုသလိုထိန်းသိမ်းရန်မှာ အဓိကပြဿနာဟု နားလည်ထားကြခြင်းဖြစ်သည်။ သို့ဖြင့် ဝင်ရိုးသုံးချောင်းတပ်စက်ကို တီထွင်ပြီး ထိန်းသိမ်းမောင်းနှင်ရန် အားထုပ်ပြီးအောင်မြင်မှုရခဲ့သည်။တောင်ပံများနှင့် ပတ်သတ်၍လည်း လေတိုက်ရာလမ်းကြောင်း၊လေဖိအား နှင့် လေတိုက်ခက်ပုံများကိုလေ့လာပြီး ပုံစံပေါင်း နှစ်ရာကျော်ကို ထုတ်လုပ်စမး်သပ်ခဲ့ကြသည်။ထို့ပြင် လေယာဉ်ပျံဦးပိုင်းတွင် တပ်ဆင်အသုံးပြုမည့် ပန်ကာပုံစံ အပါအဝင် စက်ကိုမောင်းနှင်မည့် အင်ဂျင်နှင့်ပတ်သတ်၍လည်း စက်ကိရိယာကျွမ်းကျင်သူတစ်ဦးထံမှအကူအညီကိုရယူခဲ့ရသည်။ ထိုခေတ်အခါကအသုံးပြုနေ သည့်အင်ဂျင်များမှာ အရွယ်ကြီးမားပြီးလေးလံလှသဖြင့် ၄င်းတို့ယာဉ်နှင့် လိုက်ဖက်ညီရန် အဆင့်ဆင့်ပြုပြင်ခဲ့ရသည်။ထိုစဉ်က ရိုက်ညီနောင် တီထွင်ခဲ့သည့် ပန်ကာပုံစံမှာ ယနေ့ခေတ်တွင်အသုံးပြုနေသည့် ပန်ကာများ၏စွမ်းရည်ကို ၆၃%ထိလိုက်နိုင်သည် ဟုဆိုကြသည်။

၁၉၀၃ခုနှစ်၊ ဒီဇင်ဘာ ၊၁၇တွင် ကစ်တီဟောက်စ်၌ ထိုစက်တပ်ယာဉ်(လေယာဉ်ပျံ)ကို တစ်ယောက် နှစ်ကြိမ်စီ ပျံသန်းပြခဲ့သည်။ ပထမဆုံးအကြိမ်တွင် အောဗီလ် ပျံသန်းရာ ပျံသန်းချိန်၁၂စက္ကန့်၊ပေ၁၂၀ ထိရောက်ပြီး နောက်ဆုံးအကြိမ်တွင် ဝီလ်ဗာပျံသန်းရာ အချိန် ၅၉ စက္ကန့်တွင် ပေ ၈၅၀ထိရောက်ရှိသဖြင့် အလွန်အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ကုန်ကျစားရိတ် ဒေါ်လာ တစ်ထောင်နီးပါး၊အလျား ပေ၄၀၊အလေးချိန် ပေါင်၇၅၀ရှိ ထိုယာဉ်ကိုရိုက်ညီနောင်က ယာဉ်ပျံ(၁) ဟုအမည်ပေးသော်လည်း အများက ကစ်တီဟောက်စ်(Kitty Hawk)ဟုသာခေါ်ကြသည်။ထိုယာဉ်ကို ယခု ဝါရှင်တန် ဒီစီရှိ အမျိုးသားလေကြောင်းနှင့်အာကာသပြတိုက်Italic text တွင်ပြသထားသည်။

ထိုသို့ကြီးကျယ်သည့် အောင်မြင်မှုကို မျက်မြင်သက်သေ ငါးယောက်ကသာ မြင်တွေ့ပြိး ဒေသခံသတင်းစာ အချို့ကသာ ပေါ့တီးပေါ့ဆ သဘောမျိုးဖြင့် ဖေါ်ပြခဲ့ပြီး နေထိုင်ရာ အိုဟိုင်းယိုးပြည်နယ်၊ဒေတန်တွင်မူ ထိုကိစ္စကို မသိသလောက်ပင်ဖြစ်သည်။ (သို့သော် နောင်၅နှစ်အကြာတွင် ကမ္ဘာတစ်ဝှမ်းမှ လူများကြားတွင် ထိုယာဉ်ပျံမှာ ပြောမပြီးသည့် အထူးအဆန်းဖြစ်လာခဲ့သည်။)

ကစ်တီဟောက်စ်တွင် အောင်မြင်မှုရပြီးနောက် ဒေတန်သို့ပြန်လာကြပြီး ယာဉ်ပျံ(၂) ကိုတည်ဆောက်သည်။၁၉၀၄ တွင် ထိုယာဉ်ကို ၁၀၅ကြိမ်တိုင်တိုင် ပျံသန်းခဲ့သည်။မည်သူမှ အရေးတယူလုပ်ခြင်းမရှိကြပေ။၁၉၀၅ တွင်ပိုကြီးသည့် ယာဉ်ပျံ(၃)ကို တည်ဆောက်ပြီး ဒေတန်မှာပင် အကြိမ်ကြိမ် ပျံသန်းပြခဲ့သော်လည်း လူအများက သတိမပြုခဲ့ကြသေးပဲရှိနေခဲ့ရသည်။ ထိုမျှသာမက ၁၉၀၅တွင်ပြင်သစ်သတင်းစာတစ်စောင်ကပျံသန်းသူများလား၊လိမ်လည်သူများလား?(Flyers or Liars) ဟူ၍ပင် နှိမ်ချရေးသားခဲ့သည်။

၁၉၀၈တွင် ရိုက်ညီနောင်သည် ပြင်သစ်နိုင်ငံသို့ လေယာဉ်ပျံများဖြင့် သွားရောက်ပြီး ပျံသန်းပြသပြီး လူအများ၏သံသယစိတ်ကို အဆုံးသတ်စေခဲ့သည်။ထိုသို့ပျံသန်းပြပြီးနောက် လေယာဉ်ပျံများကို ဈေးကွက်တင်ရောင်းနိုင်ရန် ကုမ္မဏီတစ်ခု တည်ထောင်လိုက်ကြသည်။ထို့ပြင် ပျံသန်းမှုများကိုလည်း အများမြင်သာအောင် လိုက်လံပြသခဲ့ကြသည်။ ၁၉၀၈၊စက်တင်ဘာ၊၁၇တွင် အောဗီလ်ရိုက်ပျံသန်းရာ လေယာဉ်ပျံပျက်ကျသဖြင့် လူတစ်ဦးသေဆုံးပြီး အောဗီလ်လည်း ခြေတစ်ဖက်နှင့် နှံရိုးနှစ်ချောင်း ကျိုးသည်။ထိုတစ်ကြိမ်မှာ သူတို့အတွက် ပထမဆုံးနှင့်နောက်ဆုံး မတော်တဆမှုဖြစ်ပြီး သူတို့အောင်မြင်မှုများကြောင့် အမေရိကန်အစိုးရက စစ်တပ်တွင် အသုံးပြုရန် လေယာဉ်များတင်သွင်းခွင့် ကန်ထရိုက်စာချုပ်ချုပ်ဆိုသည်။၁၉၀၉တွင် ပြည်ထောင်စုဘက်ဂျက်လျာထားချက်မှ ဒေါ်လာ၃၀၀၀၀ ကိုရသည်။

ထိုအောင်မြင်မှုများနှင့်အတူ မူပိုင်ခွင့်အတွက် အခြားသူများနှင့် အပြန်အလှန်တရားစွဲဆိုပြီး ရုံးတက်ဖြေရှင်းခဲ့ရသေးသည်။ ၁၉၁၄တွင်မှ အမှုပြီးပြတ်ကာ အနိုင်ရရှိခဲ့သည်။သို့သော် ထိုအဖြစ်အပျက်တို့ကို ညီဖြစ်သူ ဝီလ်ဗာရိုက် မြင်တွေ့မသွားနိုင်ရှာပေ။အကြောင်းမှာ ထိုအမှုမပြီးပြတ်မှီ ၁၉၁၂ခုနှစ်တွင် အသက် ၄၅နှစ်အရွယ် ဝီလ်ဗာ တစ်ယောက် အူယောင်ငန်းဖျား(တိုက်ဖွိုက်)ဖြင့် ကွယ်လွန်သွားခဲ့သည်။အောလ်ဗီလည်း စိတ်ထိခိုက်ဟန်ရှိသည်။ထို့ကြောင့် ၁၉၁၅တွင် လေယာဉ်ကုမ္မဏီ နှင့် သက်ဆိုင်ရာငွေကြေးခံစားခွင့် အားလုံးကိုရောင်းချပြီး ၁၉၄၈ထိ တစ်ကိုယ်တည်း နေထိုင်သွားခဲ့သည်။ ထူးခြားချက်မှာ နှစ်ဦးလုံး အိမ်ထောင်မပြုခဲ့ခြင်းဖြစ်သည်။

အကျဉ်းချုပ်အနေဖြင့် ပြောရလျှင် တစ်ထောင့်တစ်ညအာရေဘီးယားပုံပြင်များတွင် ကောဇောပျံဖြင့် လူတို့၏မိုးပေါ်ပျံသန်း လိုသည့် စိတ်ကူးယဉ်ကို ရိုက်ညီနောင်က လက်တွေ့အကောင်အထည်ဖေါ်ပေးခဲ့သည်ဟုဆိုနိုင်သည်။ [၁]

ပထမဆုံးလေယာဉ်ပျံ-ကစ်တီဟောက်စ်

ဝီလဗာရိုက်(ခရစ် ၁၈၆၇-၁၉၁၂)နှင့် အောက်ဗီးရိုက် (ခရစ် ၁၈၇၁-၁၉၄၈) ဆိုသူ အမေရိကန်လူမျိုး ညီနောင် နှစ်ယောက်တို့သည် အင်ဂျင်စက်ပါသော လေယာဉ်ပျံဖြင့် ကောင်းကင်ယံ၌ ပထမဦးဆုံး ပျံသန်းခဲ့ကြ၏။ ၁၉ဝ၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထိုညီနောင်နှစ်ဦးတို့သည် မြောက်ကယ်ရိုလီးနားပြည်နယ်၊ ကစ်တီဟော့အရပ်၌ အင်ဂျင် စက်တပ်သည့် အတောင်နှစ်ထပ် လေယာဉ်ပျံကို လေထဲ၌ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြလေသည်။ အော်ဗီးရိုက်က ဦးစွာ လေယာဉ်ပျံကို စမ်းသပ်မောင်းနှင်ကြည့်ရာ၌ လေထဲတွင် ၁၂ စက္ကန့်မျှ နေနိုင်ပြီးလျှင် ပေ ၁၂ဝ အထိ ပျံသန်းနိုင်ခဲ့၏။ ထိုနောက် ဝီလဗာရိုက် အလှည့်တွင် ၅၉ စက္ကန့်မျှနေနိုင်ခဲ့၍ ၈၅၂ ပေအထိ ပျံသန်းနိုင်ခဲ့လေသည်။

ရိုက်ညီအစ်ကို နှစ်ဦးတို့သည် ၁၈၉၃ ခုနှစ်တွင် ကျောင်း မှ ထွက်၍ ရိုက်စက်ဘီးကုမ္ပဏီတည်ထောင်ကြသည်။ သူတို့ သည် ဂလိုက်ဒါ လေယာဉ်အကြောင်းကို ဖတ်ရသဖြင့် လေထဲ၌ ပျံသန်းခြင်းကို စိတ်ဝင်စားလာ၏။ ငှက်များပျံပုံကို၎င်း၊ သေတ္တာပုံစွန် လေထဲ၌ ပျံသန်းပုံကို၎င်း ကြည့်ရှုလေ့လာပြီးလျှင် အတောင်နှစ်ဖက်နှင့် ပဲ့အထိန်းပါသော ဂလိုက်ဒါ လေယာဉ် များကို ဆောက်လုပ်၍ စမ်းသပ်ကြည့်ကြသည်။


၁၉ဝဝ ပြည့်နှစ်မှ ၁၉ဝ၂ ခုနှစ်အထိ ရိုက်ညီနောင် နှစ်ဦး တို့သည် လူစီးနင်းလိုက်ပါနိုင်သော ဂလိုက်ဒါ လေယာဉ်များကို ကစ်တီဟော့အရပ်၌ စမ်းသပ်ပျံသန်းကြည့်ရာ လူ့ကိုယ်အလေး ကို လေထဲ၌ သယ်ဆောင်နိုင်လောက်အောင် အားမရှိကြောင်း တွေ့ရလေသည်။ ထိုကြောင့် အလျားခြောက်ပေရှိသော လေပြွန် တစ်ခုကို ပြုလုပ်ပြီးလျှင် အတောင်ပုံစံအမျိုးမျိုးဖြင့် လေ၏ ဖိအားအကြောင်းကို လေ့လာကြသည်။ ထိုစမ်းသပ်ချက်များမှ လေထဲတွင် ပျံနိုင်သော အတောင်ပုံစံမျိုးကို တီထွင်နိုင်ကြ၏။ ၁၉ဝ၂ ခုနှစ်တွင် လေယာဉ်ပျံကို ဆောက်လုပ်ခဲ့လေသည်။ ထိုနှစ်အတွင်း၌ပင် အင်ဂျင်စက်တပ်သည့် လေယာဉ်ပျံကို စတင်ဆောက်လုပ်ခဲ့ရာ ၁၉ဝ၃ ခုနှစ်တွင် ပြီးစီးသည်။ ယင်း လေယာဉ်ပျံတွင် အတောင်ပံအလျားပေ ၄ဝ ရှိ၍ အနံ ခြောက် ပေ ရှိ၏။ လေယာဉ်မောင်းသူအပါအဝင် အလေးချိန် ၇၅ဝ ပေါင်ရှိသည်။

ထိုသို့အားဖြင့် ရိုက်ညီနောင်တို့သည် ၁၉ဝ၃ ခုနှစ်မှ ၁၉ဝ၈ ခုနှစ်အထိ လေယာဉ်ပျံပုံစံအမျိုးမျိုးကို စမ်းသပ်တီထွင် ခဲ့ရာ ၁၉ဝ၅ ခုနှစ်တွင် ၃၈ မိနစ်၊ သုံးစက္ကန့်အတွင်း ၂၄ မိုင် အထိ ပျံသန်းနိုင်သော လေယာဉ်ပျံကို အောင်မြင်စွာ ဆောက် လုပ်နိုင်ခဲ့ကြလေသည်။ သို့ရာတွင် အမေရိကန်အစိုးရသည် ရိုက်ညီနောင်တို့၏ တီထွင်မှု၌ စိတ်မဝင်စားချေ။ ထိုကြောင့် ၁၉ဝ၈ ခုနှစ်တွင် ဝီလဗာရိုက်သည် ဥရောပတိုက်သို့ သွား၍ မိမိတို့ တည်ဆောက်သော လေယာဉ်ပျံကို လက်တွေ့ပျံသန်းပြ လေသည်။ ၁၉ဝ၉ ခုနှစ်တွင် ရိုက်ကုမ္ပဏီကို တည်ထောင်၍ လေယာဉ်ပျံများ ဆောက်လုပ်ရောင်းချသည်။ အမေရိကန် စစ် ဘက်ဌာနက လေယာဉ်ပျံတစ်စင်းကို ဝယ်ယူ၏။ ထိုနောက် အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အီတလီနိုင်ငံ တို့ကလည်း ရိုက်ကုမ္ပဏီမှ လေယာဉ်ပျံများကို ဝယ်ယူကြ သည်။ ၁၉၁၂ ခုနှစ်တွင် ဝီလဗာရိုက် ကွယ်လွန်သဖြင့် အော်ဗီး ရိုက် တစ်ဦးတည်းက လုပ်ငန်းကို ဆက်လက်ဦးစီးခဲ့လေသည်။ ထိုနောက် ၁၉၁၅ ခုနှစ်တွင် ရိုက်ကုမ္ပဏီသို့ မိမိ၏အကျိုး အမြတ် ခံစားခွင့်ကို ရောင်းချပြီးလျှင် ကိုယ်ပိုင် သုတေသန လုပ်ငန်းကို လုပ်ကိုင်သည်။ အော်ဗီးရိုက်သည် ၁၉၄၈ ခုနှစ် တွင် ကွယ်လွန်လေသည်။

ရိုက်ညီနောင်တို့၏ တီထွင်မှုကြောင့် မျက်မှောက်ခေတ် တွင် လေကြောင်း ခရီးဖြင့် သွားလာခြင်းမှာ များစွာတိုးတက် လျက် ရှိပေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (၁၀၀)-ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)