ရဟန်းပျို အဖွဲ့

ဝီကီပီးဒီးယား မှ

သခင်လှုပ်ရှားမှု ခေတ်အတွင်း ၁၉၃၆ ခုနှစ်ဝန်းကျင်မှာ ရဟန်းပျိုအဖွဲ့ တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွန်းလာခဲ့ပါတယ်။ အထူးသဖြင့် ၁၉၃၈-၃၉ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလ အတွင်းမှာတော့ ရဟန်းပျိုအဖွဲ့ အသီးသီးရဲ့လှုပ်ရှားမှု တွေဟာ ပိုမို ပေါ်လွင် ထင်ရှားလာခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ရဟန်းပျိုအဖွဲ့ တွေ ရှိခဲ့တဲ့အပြင် နယ်မြို့တချို့မှာလဲ ဥပမာအားဖြင့် ဇလွန် ရဟန်းပျို အဖွဲ့ရွှေဘို ရဟန်းပျိုအဖွဲ့ တို့လို ရဟန်းပျို အဖွဲ့တွေ ပေါ်ထွန်းခဲ့ပါတယ်။ ရန်ကုန်မြို့ မှာ ရန်ကုန် အနောက်ပိုင်း သာသနာ့ မာမက ရဟန်းပျိုအဖွဲ့ချုပ် ထင်ရှားခဲ့သလို မန္တလေးမြို့မှာ မန္တလေး ရဟန်းပျို အဖွဲ့ချုပ် ဟာလဲ ထင်ရှားခဲ့ပါတယ်။ ရေနံမြေ အလုပ်သမား သပိတ်ကြီး စတင် ပေါ်ပေါက်လာတဲ့ အချိန်မှာ ရန်ကုန်အနောက်ပိုင်း ဆိုင်ရာ သာသနာ့ မာမက ရဟန်းပျိုအဖွဲ့ချုပ် ကနေ နယ်ချဲ့ အရင်းရှင် ဆန့်ကျင်ရေး၊ ရေနံမြေ သပိတ် အောင်မြင်ရေး အတွက်ဆိုပြီး ရေနံမြေ ကိုယ်စားလှယ်များ အဖြစ် ရဟန်းပျိုရဲ့ ဆရာတော် ဦးပါမောက္ခဦးကေသရနဲ့ ဦးအာစရ တို့ကို ရေနံမြေကို စေလွှတ်ခဲ့ပါတယ်။ ဦးပါမောက္ခ နဲ့ ဦးအာစရ တို့ဟာ အလုပ်သမား တွေဖက်က ပြတ်ပြတ်သားသား ရပ်တည်လှုံ့ဆော် တရားဟော ခဲ့ကြတဲ့အတွက် ဆရာတော် ဦးအာစရကို နယ်ချဲ့အစိုးရက ပုဒ်မ (၁၀၇)နဲ့ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ မန္တလေးမှာ ရဟန်းပျိုအဖွဲ့ ရဲ့ ဥက္ကဋ္ဌ ကတော့ ဦးကလျာဏ ဖြစ်ခဲ့ပြီး ၁၀−၂−၁၉၃၉ နေ့မှာ မန္တလေး မြို့မှာ သံဃာ၊ ကျောင်းသား၊ လူထု စီတန်း လှည့်လည်ပွဲကြီး ကို ဦးဆောင် လှုပ်ရှားခဲ့ပါတယ်။ မန္တလေး အရေးပိုင် နဲ့ ရာဇဝတ် ဝန်ကြီးတို့ ခေါင်းဆောင်တဲ့ စစ်တပ် ပုလိပ်တပ်တွေ က သေနတ် နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့အတွက် အာဇာနည် (၁၇) ဦး သွေးမြေကျရမှုကြီး ဖြစ်ပွားခဲ့ပါတယ်။ ၁၇ ဦး ကျဆုံးရမှုမှာ သံဃာတော် (၇) ပါး ပါဝင်ခဲ့ပါတယ်။ ၁၇-၂-၁၉၃၉ နေ့မှာ အာဇာနည် (၁၇) ဦး သဂြိုဟ်ဈာပနမှာ သာသနော့ ၀ပုလ္လ ရဟန်းပျို အဖွဲ့မဟာ သမဂ္ဂ ရဟန်းပျို အဖွဲ့ဝံသဟိတကာရီ ရဟန်းပျိုအဖွဲ့ဗဟို သာသနာ မာမက ရဟန်းပျိုအဖွဲ့ဇလွန် ရဟန်းပျိုအဖွဲ့သာသနာ့ ဝိသုဒြွိ ရဟန်းပျိုအဖွဲ့ရွှေဘို ရဟန်းပျို အဖွဲ့နဲ့ မန္တလေး ရဟန်းပျို အဖွဲ့မှ အုပ်ချုပ်တဲ့ အဖွဲ့ (၁၃) ဖွဲ့တို့ တက်ရောက် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။ မန္တလေး ရဟန်းပျို အဖွဲ့ ဥက္ကဋ္ဌ ဦးကလျာဏ နဲ့ အတူ ထင်ရှားခဲ့တဲ့ ရဟန်းပျို ခေါင်းဆောင် ဆရာတော် တွေကတော့ ရွှေမျက်မှန် ဦးဩဘာသအာဇာနည် ဦးသုမန စတဲ့ ရဟန်းတော်တွေ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးခေတ်၊ ဖဆပလ ခေတ် တွေ အတွင်းမှာလဲ “ရဟန်းပျိုအဖွဲ့” တွေ ဆက်လက် တည်ရှိပြီး လှုပ်ရှားမှု တွေရှိနေခဲ့တာ တွေ့ရပါတယ်။ တော်လှန်ရေးကောင်စီ စစ်အစိုးရတက်လာပြီး ၁၉၆၄ နောက်ပိုင်းမှာတော့ ရဟန်းပျိုအဖွဲ့ကြီးတွေလဲ တစစ မှေးမှိန်ပျောက်ကွယ်သွားရပါတော့တယ်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။