နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)

ဝီကီပီးဒီးယား မှ
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
Yangon University of Foreign Languages
YUFL
Let's serve our country with foreign languages


တည်ထောင်ခုနှစ် ၁၉၆၄ခုနှစ်၊ ဇန်နဝါရီလ
ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် (၂၀၁၆ - ယခု)
တည်နေရာ အမှတ်(၁၁၉/၁၃၁)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (အင်္ဂလိပ်: University of Foreign Languages, Yangon) သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံခြားဘာသာတက္ကသိုလ်ဖြစ်သည်။ အချိန်ပြည့်ဘွဲ့သင်တန်းများ၊ အချိန်ပိုင်း ဒီပလိုမာသင်တန်းများနှင့် ညနေပိုင်းလက်မှတ်ရသင်တန်းများဖွင့်လှစ် ပို့ချလျက်ရှိသည်။ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ အီတာလျံဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာသာ၊ ထိုင်းဘာသာနှင့် နိုင်ငံခြားသားများအတွက် မြန်မာဘာသာတို့ကို သင်ကြားပေးလျက်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၆၄ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်နိုင်ငံခြားဘာသာသိပ္ပံအမည်ဖြင့် ပထမဆုံးတည်ထောင်ခဲ့သည်။ ထိုစဉ်က ဂျပန်၊ ပြင်သစ်၊ ဂျာမန်နှင့် ရုရှားဘာသာများကို သင်ကြားပို့ချခဲ့သည်။ ၁၉၆၅ခုနှစ်တွင် တရုတ်ဘာသာ၊ ၁၉၆၉ခုနှစ်တွင် အင်္ဂလိပ်ဘာသာနှင့် ၁၉၇၄တွင် နိုင်ငံခြားသားများအတွက် မြန်မာစာတို့ကို တိုးချဲ့သင်ကြားပေးခဲ့သည်။ ၁၉၉၆ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာသိပ္ပံမှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ အဆင့်မြှင့်တင်ခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်၊ အမှတ်(၁၁၉/၁၃၁)၊ တက္ကသိုလ်ရိပ်သာလမ်းတွင် တည်ရှိသည်။ ရန်ကုန်တက္ကသိုလ်ရန်ကုန်ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု သံရုံး၊ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း)နေအိမ် တို့ အနီး အချက်အချာကျသောနေရာတွင်တည်ရှိသည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တည်ရှိသည်။ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာ ဘာသာရပ်အသီးသီး၏ ပါမောက္ခများက တာဝန်ယူအုပ်ချုပ်ကြသည်။ အင်ဂျင်နီယာဌာန၊ ကျောင်းသားရေးရာဌာနနှင့် စာမေးပွဲဌာနများလည်း ပါဝင်သည်။

သင်ကြားရေးနှင့် လက်မှတ်များ[ပြင်ဆင်ရန်]

အချိန်ပြည့်လေးနှစ်ဘွဲ့သင်တန်းပြီးဆုံးလျှင် ဝိဇ္ဖာဘွဲ့(သက်ဆိုင်ရာဘာသာ) ရရှိမည် ဖြစ်သည်။ နံနက်ပိုင်းလေးနှစ် ဘွဲ့လွန်ဒီပလိုမာသင်တန်းပြီးဆုံးလျှင် ဒီပလိုမာ(သက်ဆိုင်ရာဘာသာ) ရရှိမည်ဖြစ်သည်။ ညနေပိုင်းသင်တန်းများအတွက်မူ အောင်လက်မှတ်(သက်ဆိုင်ရာဘာသာ)များ ပေးအပ်ချီးမြှင့်သည်။

ပညာသင်နှစ်[ပြင်ဆင်ရန်]

နှစ်တစ်နှစ်၏ ဒီဇင်ဘာလဆန်းတွင် စတင်ပြီး မတ်လကုန်တွင်ပထမနှစ်ဝက်ပြီးဆုံးသည်။ ဒုတိယနှစ်ဝက်သည် ဇွန်လဆန်းမှ စက်တင်ဘာလကုန်အထိဖြစ်သည်။ တစ်နှစ်လျှင် ရှစ်လစာသင်ကြားချိန်ရှိပြီး လေးလသည် ကျောင်းပိတ်ရက်အားလပ်ချိန်ဖြစ်သည်။[၁]

ဘဏ္ဍာရေး[ပြင်ဆင်ရန်]

ပြည်သူပိုင်တက္ကသိုလ်ဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်နှင့် ပညာရေးဝန်ကြီးဌာနတို့၏ စီမံခန့်ခွဲ ဆုံးဖြတ်မှုဖြင့် အခွန်ထမ်းမြန်မာနိုင်ငံသူနိုင်ငံသားတို့ကထောက်ပံ့သည်။

တက္ကသိုလ်ဝင်ခွင့်[ပြင်ဆင်ရန်]

လုပ်ထုံးလုပ်နည်း[ပြင်ဆင်ရန်]

အချိန်ပြည့်ဘွဲ့သင်တန်း[ပြင်ဆင်ရန်]

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများသည် တက္ကသိုလ်ရွေးချယ်လျှောက်ထားနိုင်သော ဇွန်လကုန်ပိုင်းမှစ၍ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားနိုင်သည်။ (၂၀၁၈ ခုနှစ်မှစ၍) ဇူလိုင်လကုန်ပိုင်းတွင် နှုတ်ဖြေစာမေးပွဲကိုဖြေဆိုရသည်။ တက္ကသိုလ်တက်ရောက်ခွင့်ရရန် နှစ်အလိုက်သတ်မှတ်သည့် တက္ကသိုလ်ဝင်တန်းအောင်ရမှတ်နှင့် နှုတ်ဖြေစာမေးပွဲရမှတ်တို့ လိုအပ်သည်။ အင်္ဂလိပ်ဘာသာတက်ရောက်ရန် တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာရမှတ် (၆၅) မှတ်အနည်းဆုံးလိုအပ်သည်။ ဒီဇင်ဘာလတွင် ပထမပညာသင်ကာလကို စတင်တက်ရောက်ရသည်။

အချိန်ပိုင်းဒီပလိုမာသင်တန်း[ပြင်ဆင်ရန်]

နိုင်ငံပိုင်တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများသာ တက်ရောက်နိုင်သည်။ တက်ရောက်လိုသူတိုင်း အင်္ဂလိပ်စာ စာမေးပွဲငယ်ကို ဝင်ရောက်ဖြေဆိုရပြီး ထိုစာမေးပွဲပေါ်မူတည်၍ တက်ရောက်ခွင့်ကိုဆုံးဖြတ်သည်။

ညနေပိုင်းအောင်လက်မှတ်ရသင်တန်း[ပြင်ဆင်ရန်]

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ မည်သူမဆို တက်ရောက်နိုင်သည်။ လူဦးရေကန့်သတ်ထားပြီး ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်သည်။

ပညာသင်ကြားခြင်းအချိန်ကာလ[ပြင်ဆင်ရန်]

အချိန်ပြည့်ဘွဲ့သင်တန်း[ပြင်ဆင်ရန်]

ဘွဲ့သင်တန်းများကို အများပြည်သူအားလပ်ရက်များမှအပ တနင်္လာနေ့မှ သောကြာနေ့ ထိ ဖွင့်လှစ်ပို့ချသည်။ သင်တန်းကာလကြာမြင့်ချိန်မှာ လေးနှစ်ဖြစ်သည်။

အချိန်ပိုင်းဒီပလိုမာသင်တန်း[ပြင်ဆင်ရန်]

ဒီပလိုမာသင်တန်းများသည် အများပြည်သူအားလပ်ရက်များမှအပ တနင်္လာနေ့မှ သောကြာနေ့ နံနက်ခုနစ်နာရီမှ ရှစ်နာရီငါးဆယ်ထိ တက်ရောက်သင်ယူရသည်။ သင်တန်းကာလကြာမြင့်ချိန်မှာ သုံးနှစ်ဖြစ်သည်။

ညနေပိုင်းအောင်လက်မှတ်ရသင်တန်း[ပြင်ဆင်ရန်]

အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်သင်တန်းများ ခွဲခြားထားသည်။ သင်တန်းတစ်ခုလျှင် နှစ်ပိုင်းခွဲပြီး တစ်ပိုင်းလျှင် သုံးလကြာမြင့်သည်။ အဆင့်မြင့်သင်တန်း၏ အပိုင်းနှစ်ကို ပြီးဆုံးလျှင် အချိန်ပိုင်းဒီပလိုမာသင်တန်း၏ နောက်ဆုံးနှစ်ကို တိုက်ရိုက်တက်ရောက်နိုင်သည်။ သင်တန်းချိန်မှာ ညနေငါးနာရီ တစ်ဆယ့်ငါးမိနစ်မှ ခုနစ်နာရီအထိဖြစ်သည်။

စုစည်းအဖွဲ့များ[ပြင်ဆင်ရန်]

စာကြည့်တိုက်[ပြင်ဆင်ရန်]

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ စာကြည့်တိုက်တွင် ဘာသာရပ်အသီးသီး၏ စာအုပ်များကို ထားရှိသည်။ မဂ္ဂဇင်းနှင့် ဂျာနယ်အချို့ကိုလည်း ဖတ်ရှုနိုင်သည်။ ဆရာ/မများ၊ ကျောင်းသူကျောင်းသားများ စာကြည့်တိုက်အသင်းဝင်များအဖြစ် ဝင်ရောက်နိုင်ပြီး စာအုပ်များကိုငှားရမ်းဖတ်ရှုနိုင်သည်။ အခြားစာအုပ်များကို တစ်ကြိမ်လျှင်နှစ်အုပ်၊ နှစ်ပတ်အထိငှားရမ်းနိုင်ပြီး ရက်လွန်ကြေးမှာ တစ်ရက်လျှင်တစ်ကျပ်ဖြစ်သည်။

ပညာရေးနှင့်အခြားအဖွဲ့အစည်းများ[ပြင်ဆင်ရန်]

ဌာနခွဲများ[ပြင်ဆင်ရန်]

  • မြန်မာဘာသာဌာန၊
  • အင်္ဂလိပ်ဘာသာဌာန၊
  • ဂျပန်ဘာသာဌာန၊
  • တရုတ်ဘာသာဌာန၊
  • ပြင်သစ်ဘာသာဌာန၊
  • ကိုရီးယားဘာသာဌာန၊
  • ဂျာမန်ဘာသာဌာန၊
  • ရုရှားဘာသာဌာန၊
  • အီတာလျံဘာသာဌာနနှင့်
  • ထိုင်းဘာသာဌာန များမှာ အဓိကဌာနများဖြစ်သည်။

အချိန်ပြည့်သင်တန်းသားများ မယူမနေရ တက်ရောက်ရသော အခြားဌာနများမှာ ဘာသာဗေဒဌာန၊ သမိုင်းဌာန၊ ဒဿနိကဗေဒဌာန၊ အရှေ့တိုင်းပညာဌာန များရှိသည်။

သင်ကြားရေးနှင့်မပတ်သက်သော အခြားဌာနများမှာ အင်ဂျင်နီယာဌာန၊ ကျောင်းသားရေးရာဌာနနှင့် စာမေးပွဲဌာနတို့ဖြစ်ကြသည်။

အသင်းအဖွဲ့များ[ပြင်ဆင်ရန်]

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်စတင်တာဝန်ထမ်းဆောင်သည့်ကာလမှစ၍ ကျောင်းသားအသင်းအဖွဲ့များ၊ ဆရာအသင်းအဖွဲ့များကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရသည်။ ရန်ကုန်နိုင်ငံခြားဘာသာကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ထားသည်။ အခြားအသင်းအဖွဲ့များမှာ အနုပညာအသင်း၊ အားကစားအသင်းနှင့် စာပေအသင်းတို့ဖြစ်ကြသည်။ ကျောင်းသားများသမဂ္ဂ (Students' Union)၊ မွန်၊ရခိုင်၊ထားဝယ်၊ရှမ်း၊ ဧရာဝတီ အစရှိသော တိုင်းရင်းသားဆိုင်ရာ ဒေသဆိုင်ရာ မိသားစုအသင်းများ၊ Dance Club၊ Illustration Club၊ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်ရင်း၊ မြန်မာနိုင်ငံကင်းထောက်နှင့် ဝါသနာတူစုဖွဲ့ထားသော ကလပ် အဖွဲ့အစည်းပေါင်း များစွာရှိသည်။

အဆောက်အအုံများ[ပြင်ဆင်ရန်]

LRC၊ NB၊ EB၊ COE နှင့် ISH (ယခင် MWB) ဟူ၍ အဓိကအဆောင်(၅)ဆောင်ရှိသည်။ ယခင်က OB နေရာတွင် ယခုအခါ ကျောင်းဆောင်အသစ် EB တည်ဆောက်ပြီးဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]