ရန္တပိုရွာ

ဝီကီပီးဒီးယား မှ
ရန္တပိုရွာမှ မြေအိုးလုပ်ငန်း

ရန္တပိုရွာ[ပြင်ဆင်ရန်]

ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် နာမည်ကျော်ကြားခဲ့သည့် ရန္တပိုရွာသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ၊ မြင်းခြံမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော ရွာကြီးတစ်ရွာ ဖြစ်သည်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ယနေ့တိုင် ရှေးအစဉ်အလာမပျက် မြေအိုးလုပ်ငန်းများ လုပ်ကိုင်လျက်ပင် ရှိသည်။

သမိုင်းဝင်[ပြင်ဆင်ရန်]

၁၈၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၄ရက်နေ့တွင် ရန္တပိုရွာတွင် မြန်မာဘက်မှ လယ်ကိုင်းစားဝန်ကြီး မဟာမင်းလှမင်းခေါင်ကျော်ထင် နှင့် အင်္ဂလိပ်ဘက်မှ ဗိုလ်ချုပ် ဆာအာချီဘော ကင်းဘဲလ်တို့မှ စစ်ပြေငြိမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့မှ တောင်ဘက် မိုင် ၄ဝ ခန့်ကွာဝေးပြီး မြင်းခြံမြို့အထက် ခြောက်မိုင်ကွာဝေးသော ရန္တပိုရွာတွင် တွေ့ဆုံ၍ ရန္တပိုစာချုပ် ချုပ်ဆိုခဲ့ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ရန္တပိုဆိပ်ကမ်းတည့်တည့် ကုန်းပြင်မြင့်ပေါ်သို့ တက်လိုက်လျှင် ရန္တပိုရွာသို့ ရောက်သည်။ ရွာက အတွင်းပိုင်း နည်းနည်းကျသော်လည်း မြစ်နှင့် မဝေးပါ။ ရွာထဲရှိ အိမ်တိုင်း၌ အိုးများ နေလှမ်းထားသည်ကို တွေ့ရသည်။ တချို့အိမ်များတွင် တဲအိမ်ကို ဂိုထောင်သဘောဆောက်ပြီး မြေကြီးများ ထည့်သိမ်းထားကြခြင်း တွေ့ရသည်။ ထိုမြေကြီးများကို မြစ်အတွင်း သောင်များမှ တူးယူရသည်။ အိမ်တိုင်းလိုလို မြေသိမ်းထားကြသည်ကို မတွေ့ရသော်လည်း အိမ်တိုင်းမှာ အိုးလှမ်းထားကြတာ တွေ့ရသည်။ ထို့အပြင် အိမ်တိုင်းမှ အမျိုးသမီးတိုင်းကလည်း အိုးလုပ်နေကြသည်ကို တွေ့ရသည်။ အရွယ်မျိုးစုံ၊ ဆိုက်မျိုးစုံ ရေအိုး၊ ထမင်းအိုး၊ ညောင်ရေအိုး စသော အိုးမျိုးစုံကို မြန်မာပြည်အထက်ပိုင်းသာမက မြန်မာပြည် အောက်ပိုင်းဒေသများ အထိပါ ပြန့်ပြန့်နှံ့နှံ့ အရောက်ပို့ကြောင်း သိရသည်။ ထိုအိုးများကို စက်လှေများနှင့် တလတခါ လာဝယ်ကြပြီး တချို့က လိုချင်သော ပုံစံ၊ အရွယ်အစားနှင့် အမျိုးအစားကို အော်ဒါမှာပြီး အပ်သွားကြသည်။ ပလပ်စတစ် ရေသန့်ဘူး၊ ရေသန့်စက်၊ စတီးရေသန့်ဘူး၊ စတီးရေသန့်စက်များ ပေါ်လာခဲ့သော်လည်း အိုးလုပ်ငန်းအပေါ် ထိခိုက်မှုမရှိဟု သိရသည်။ ရွာတွင် အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ရှိပြီး ၉၈ အိမ်က အိုးလုပ်ငန်းသာ လုပ်ကိုင်ကြောင်း၊ တခြား စီးပွားရေးလုပ်သူမှာ နည်းသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ရန္တပိုရွာမှာ ဆေးပေးခန်းနှင့် ကျန်းမာရေးဝန်ထမ်းများ မရှိသေးပါ။ ကျန်းမာရေးကိစ္စဖြစ်လျှင် ၁၀ မိုင်ခန့်ဝေးသော မြင်းခြံမြို့သို့ သွားရသည်။