ရခိုင်ပြည်နယ် တံဆိပ်နှင့် အလံ

ဝီကီပီးဒီးယား မှ
ရခိုင်ပြည်နယ်တံဆိပ်
ဝေသာလီခေတ် ရခိုင်ဒင်္ဂါးများ

ရခိုင်လူမျိုးတို့သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားသော အနုပညာ ဓနာဥစ္စာ ကြွယ်၀ခြင်းနှင့် ရှေးပေ၀သဏီကပင် ယဉ်ကျေးမှုထွန်းကားလာခဲ့သည်ဟု ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ရခိုင်ပြည်နယ် တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဘက်တွင် “ရခိုင်ပြည်နယ်”ဟု ရေးသာဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားသည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

ကြယ်ဖြူ[ပြင်ဆင်ရန်]

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံအလံတွင်ပါရှိသော ပြည်နယ်နှင့်တိုင်း (၁၄)ခုကို ဖော်ညွှန်း ထားသည့် ကြယ်ဖြူ(၁၄)လုံးအနက် ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားသော ကြယ်ဖြူ တစ်ပွင့်ကို သတ်မှတ်ထားခြင်းဖြစ်သည်။

သဇင်ပန်း ခွေနှစ်ခက်[ပြင်ဆင်ရန်]

ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏ အဓိကမြင့်မြတ်ဖြူစင်သော ပန်းတစ်မျိုးဖြစ်သည်။ ယင်းပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံးတို့ကိုသုံးစွဲရာတွင် သဇင်ပန်းကို ဥပမာပြု၍တင်စား သုံးစွဲ ခဲ့ကြသည်။ သဇင်ပန်းကို ရခိုင်တို့က သန့်စင် ပန်းဟုခေါ်သည်။ သန့်လည်းသန့်ရှင်းသည်။ ဖြူလည်း ဖြူစင်သည်။ သန့်ရှင်းဖြူစင်သော အနားရစ်ရှိသည်။ ပွင့်ဖတ်အယ်တွင် ဝါဝင်း၍ ရွှေရောင်ရှိသော ဝတ်ဆံနှစ်ခုရှိသည်။ မွှ​ေးလည်မွ​ှ​ေးကြိုင်သည်။ မြင့်မြတ်သော သစ်ပင်ကြီးများအပေါ် ၌သာ ပေါက်ရောက်သည်။ ဖြူစင်သော သီလရောင် ဝါဝင်းသော ဝတ်ဆံအရောင်တို့မှာ ဗုဒ္ဓ၏ သင်္ကန်းရောင်ကို ဆောင်နေသည်။ ယင်းကြောင့် အမြတ်ဆုံးပန်းဟူ၍ တင်စားသမုတ်ကြသည်။ ယင်းကို အစွဲပြု၍ ဘုရားပေါင်းချုပ်၏ သင်္ကေတအခေါ်အဝေါ်ကဗျာတွင် “သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရား ပေါင်း” ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။ သဇင်ပန်းခက်၏ တစ်ဖက်စီတွင် ပါရှိသော (၈)ပွင့်နှင့် ထိပ်ပေါ်တွင် တစ်ပွင့်ပေါင်းလိုက်သော်လည်း ၉ ဖြစ်သည်။ ထိပ်ပေါ်၌ရှိသော အပွင့်သည် နှစ်ဖက်စလုံးနှင့် ဆိုင်သည်။ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန် ကိုးနဝင်းကျ​ေသော လက္ခဏာကိုပြထားသည်။ ဖော်ပြပါ သဇင်ပန်းခက်တစ်ခက်စီတွင် အပွင့်ငယ်လက်ဝဲမှာ (၈)ပွင့် လက်ယာမှာ (၈)ပွင့်စီ ရိုးတံကိုမှီ၍ ရှိနေကြသည်။ ထိပ်ပေါ်မှ တစ်ပွင့်နှင့်ပေါင်းလိုက်သော် (၁၇)ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် (၁၇)မြို့နယ်ကို ဖော်ဆောင်ပါသည်။

ဗိန္ဒုပြောက်များ[ပြင်ဆင်ရန်]

ဝေသာလီဒင်္ဂါးအပြင်ဘက်စက်ဝိုင်းတွင် ဖော်ပြထားသော ဗိန္နူပြောက်များမှာ နက္ကဒါန်တီးဝိုင်း၏ ပုံသဏ္ဌာန်ဖြစ်သည်။ ဝေသာလီဒင်္ဂါးများတွင် ပါရှိသော ဗိန္နူ များမှာ အရေအတွက်အားဖြင့် လုံးရေ ၂၀ ပါရှိသော ဒင်္ဂါးအမျိုးအစားရှိသကဲ့သို့ လုံးရေ ၂၀ ထက်ပိုမိုပါရှိသော ဒင်္ဂါး များလည်း ရှိကြောင်း တွေ့ရ သည်။ သို့သော်လည်း ယခုသတ်မှတ်ထားသော ရခိုင်ပြည်နယ်တံဆိပ်ပါဗိန္နူပြောက်များ၏ အရေ အတွက်ကို လုံးရေ ၂၀ ဟုသတ်မှတ်ထားသည်။ ယင်းသို့ သတ်မှတ်ရခြင်းမှာ တံဆိပ်၏ အလှအပနှင့် ရှေးရခိုင်မင်းများ၏ အဓိကကျင့်ဝတ်ဖြစ်သော မင်းကျင့်တစ်ရားဆယ်ပါး၊ နာယက ဂုဏ်ခြောက်ပါး၊ သင်္ဂဟ တရားလေးပါးတို့ကို ပေါ်လွင်စေရန် ရည်ညွှန်းထားခြင်းဖြစ်သည်။

သီရိဝစ္ဆ[ပြင်ဆင်ရန်]

သီရိဝစ္ဆမှာ သဇင်ပန်းခွေအလယ်တွင်ရှိသည်။ ၎င်းသည်ဝေသာလီစန္ဒြားမင်းတို့ ဒင်္ဂါးတွင် ခပ်နှိပ်သုံးစွဲသော ပုံဖြစ်လေသည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင်မုတ်တံကဲများ၊ ဘုရားတန်ဆောင်မုတ်တံကဲများတံခါးမုတ်စီများတို့တင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပာယ်ရသည်။ ယင်းအထဲတွင် သင်္ကေတာများစွာပါရှိသည်။

နေနှင့် လ[ပြင်ဆင်ရန်]

နေနှင့်လတို့မှာ ပထမဆုံးရခိုင်ဟူသော အမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလရှိသော ဘွဲထူး၊ ဂုဏ်ထူးအမည်များကိုခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများဖြစ်ကြသည့်အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အမြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသော အကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရားတည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသားများ လက္ခဏာကို ဖော်ညွှန်းထားသည်။ နေသည် ကမ္ဘာမြေပေါ်ရှိ လူသတ္တဝါတို့ကို အလင်းရောင် ပေးသည်။ လသည်အေးမြကြည်လင်သော သာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တဝါမရွေး မျှတသော အရောင်ကိုပေးတတ်သည်။ လူသား သတ္တဝါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။

လက်ဝဲရစ်ခရုသင်းနှင့် လက်ယာရစ်ခရုသင်း[ပြင်ဆင်ရန်]

တိုင်းပြည်ကိုအုပ်ချုပ်သော ဘုရင်များ၊ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်ယာရစ်ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ဖော်ကိုဖော်ဆောင်ပါသည်။

စိန်တောင်[ပြင်ဆင်ရန်]

စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ်ဖြောင့်တန်းစွာ ရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည် မင်းနှင့်တကွ ပြည်သူတို့အားတည့်တည့် မတ်မတ်အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြထားသည်။

စိန်တောင်အောက်ခံ[ပြင်ဆင်ရန်]

စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဌာန်ရှိပြီး စိန်တောင်အား မတိမ်းမယိုင်ဈေခင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကိုသရုပ်ဆောင်သည်။

ရွေးလုံး (၇) လုံး (ဗန္ဒု )[ပြင်ဆင်ရန်]

ရခိုင်တို့သည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြတ္တိကာနက္ခတ်သည် စပါးပင်၊ မြေများ၏လက္ခဏာကိုဆောင်သည်။ (တချို့ ကျမ်း၌ ကြင်ခုနစ်ကောင်ဟုဆိုသည်)။ ကြတ္တိကာ နက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးရိတ်သိမ်းခြင်းတို့ကို ပြုလုပ်ကြသည်။ ရခိုင်ပြည်နယ်သည် ကြတ္တိကာနက္ခတ်နှင့် လျော်ညီစွာ စပါးစိုက်ပျိုးရေးကို အဓိကပြု၍ သက်မွေး ဝမ်းကျောင်းဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်လေသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာသဘောကိုဆောင်ထားခြင်းဖြစ်သည်။

ခြူးပန်း[ပြင်ဆင်ရန်]

ခြူးပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည်။ ခြူးပန်း မှာ အပင်မှ ပွင့်သော ပန်းမျိုးမဟုတ်ပေ။ ခြူးကောင်ဟုခေါ်သော သတ္တဝါတစ်မျိုး၏ ခန္ဓာကိုယ်လက်မှ ပေါက်ရောက်နေသော အမွှေးအမှင်တို့၏ ပုံသဏ္ဌာန်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်န်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက်၊ ပန်းခွေ၊ ပန်းလိပ်၊ ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏ အလယ်တွင် ခြူးကောင်များထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟုခေါ်သည်။ ခြူးကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံး၀ဖျက်စီးခြင်းမရှိ၊ သူတို့သွားရာတွင် အမွေးအမျှင်များ တစ်ခုနှင့်တစ်ခုထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင် မြည်သည်။ ယင်းကြောင့် ဆွဲလည်းငယ်များကို ခြူးငယ်ဟူ၍ခေါ်သည်။ မင်္ဂလာရှိသော၊ တေးသံသာ သောအသံတို့ကို သရုပ်ဆောင်ထားသည်။ ၎င်းတို့သည် ကာမဆန္ဒတရား၌ တစ်သက်လျှင် တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္မစရိယာ သိက္ခာပုဒ်ကိုစောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တ မကျူးလွန်ကြစေရန် သရုပ်ဆောင်ထားခြင်းဖြစ်သည်။

ဤ သီရိဝစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံများပွားများဈေခင်း အလင်းနှင့်အမှောင်အကျိုးနှင့်အပြစ်တရားတို့ကို ဆင်ခြင်နိုင်ဈေခင်း၊ မိမိတို့ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာတစည်းတစ်လုံးတည်း တည်မြဲနိုင်ဈေခင်း၊ ထွန်းသစ်ပေါ်များတိုးတက်စေနိုင်သော သင်္ကေတ သဘောများကို သရုပ်ဖော်ဆောင်ထားသည်။

အောင်လံ[ပြင်ဆင်ရန်]

ရခိုင်ပြည်နယ်အလံ
  • ရခိုင်ပြည်နယ်အောင်လံကို ရှေးရခိုင်ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့သော အခြေခံသင်္ကေတာ အမှတ်အသားများကို မူတည်ခဲ့ကြသည်။
  • အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်သုံးစွဲခဲ့သော အောင်လံသည် အလွန်ရှည်လျား ကြီးမားခဲ့သဖြင့် ယခုခေတ်နှင့်ဆီလျော်အောင်အသုံးပြုနိုင်ရန်အတွက်။ မူလအတိုင်းအတာကို မှီ၍ အချိုးအစားအလိုက်ပြုပြင်ခဲ့ကြည်။ မူလအတိုင်းအတာ၏ အချိုးအစားမှာ အလျားကိုးတောင်၊ အနံ ခြောက်တောင်ရှိခဲ့သည်။
  • အောင်လံ၏ အရောင်အဆင်းကိုမူလအရောင်အတိုင်းအတည်ပြုခဲ့ကြသည်။ မူလအရောင် အဆင်းမှာ အဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်း အရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သော စိတ်ဓာတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ဓာတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်းတို့ကို ဖော်ဆောင်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်သော သတ္တိနှင့် ခိုင်ခန့်တည်ကြည်သော ဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကိုအဓိပ္ပာယ်ဆောင်ပါသည်။

ကိုးကား[ပြင်ဆင်ရန်]