ရက်တီဖိုင်ယာ

ဝီကီပီးဒီးယား မှ

ရက်တီဖိုင်ယာ (Rectifier) ဆိုသည်မှာ အေစီ လျှပ်စီးလမ်းကို ဒီစီ လျှပ်စီးလမ်း အဖြစ် ပြောင်းလဲပေးသော အီလက်ထရွန်းနစ် ပစ္စည်းဖြစ်သည်။ ရက်တီဖိုင်ယာကို ပါဝါဆပ်ပလိုင်း များတွင် သုံးလေ့ရှိသကဲ့သို့ ရေဒီယို ဆစ်ဂနယ်များကို ရှာဖွေဖမ်းယူရာတွင်လည်း အသုံးပြုလေ့ ရှိသည်။ ရက်တီဖိုင်ယာများကို ဆောလစ်စတိတ် ဒိုင်အုတ် ၊ စီလီကွန် ကွန်ထရိုး ရက်တီဖိုင်ယာ၊ ဗေကျွန်း ကျုဘ် ဒိုင်အုတ်၊ မာကျူရီ အာ့ပ် ဘပ်သ် သို့မဟုတ် အခြား ပစ္စည်းများဖြင့် တည်ဆောက်နိုင်သည်။

ဒီစီလျှပ်စီးလမ်းကို အေစီလျှပ်စီးလမ်း အဖြစ်ပြောင်းလဲပေးသော ပစ္စည်းကိုမူ အင်ဗာတာ ဟု ခေါ်သည်။

လှိုင်းဝက် ရက်တီဖိုင်ယာ
ဒိုင်အုတ် ၄ လုံး သုံးထားသော လှိုင်းပြည့် ရက်တီဖိုင်ယာ

အေစီကားရင့်ခေါ် ပြန်လှန်လျှပ်စီးကြောင်းကို ဒီစီကားရင့်ခေါ် (အသွားစီး၊ သို့မဟုတ် အစုန်စီး) လျှပ်စီးကြောင်း အဖြစ်သို့ ပြောင်းလဲပေးသောကိရိယာကို ရက်တီဖိုင်းယား (ဓာတ်စီးပြောင်းစက်)ဟု ခေါ်သည်။ ဤကိရိယာသည် ပြန်လှန်လျှပ်စီးကိုသာ ရနိုင်သောနေရာမျိုး၌ အသွား(စီး) သို့မဟုတ် အစုန်(စီး) လျှပ်စီးကြောင်းကိုသာ အသုံးပြုရသည့် ဓာတ်ရည်စိမ်လုပ်ငန်းများတွင် အလွန်အသုံးဝင်သည်။ အီလက်ထရွန်နစ် ပြွန်သည် ဤကဲ့သို့ လျှပ်စီးကြီးကြောင်းပြောင်းလဲပေးသော ကိရိယာများအနက် အရေးပါအရာရောက်ဆုံးသော ကိရိယာတစ်ခုပင် ဖြစ်လေသည်။

ရက်တီးဖိုင်းယား အမျိုးမျိုးရှိ၏။ စက်ဖြင့် ပြုပြင်ပေးသော မီကန်နစ်ကယ် ရက်တီဖိုင်းယားမျိုးတွင် ပြန်လှန်လျှပ်စီး၌ လျှပ်စစ်စီးကြောင်း ပြောင်းလဲပုံအတိုင်း အလိုက်သင့်လည်စေ သော ကွန်မျူတေတာ (ဓာတ်ပြောင်းကွင်း)ဖြင့်လည်းကောင်း၊ သို့မဟုတ် အခြားနည်းဖြင့်လည်းကောင်း ပြောင်းလဲပေးသည်။

အီလက်ထရွန်နစ် ရက်တီဖိုင်းယားများတွင် ပလာနယ်အတွင်း၌ ဖြစ်စေ၊ သို့မဟုတ် ပြဒါးငွေ့ကဲ့သို့ အိုင်ယွန်အဖြစ် ကွဲသွားသော ဓာတ်ငွေ့အတွင်း၌ဖြစ်စေ အီလက်ထရွန်များကို လိုသလို ထိန်းအုပ်၍ စီးဖြတ်စေသည်။ အဆိုပါ အီလက်ထရွန်တို့၌ လျှပ်စစ်ဓာတ်ကို တစ်ဖက်သတ် စီးစေနိုင်သော သတ္တိရှိလေသည်။

မာကျူရီအပ် ရက်တီဖိုင်းယား (ပြဒါးမီးစွယ် ရက်တီးဖိုင်းယား)တွင် ပလာနယ် ပြုလုပ်ထားသော ဖန်လုံးတစ်လုံး သို့မဟုတ် သံမဏိကန်တစ်ခု ရှိသည်။ ယင်းတို့တွင် နှစ်ခု၊ သို့မဟုတ် နှစ်ခုထက် ပိုသော အဖိုစွန်းများ ထားရှိ၍ အမစွန်းအဖြစ် ပြဒါးက ဆောင်ရွက်ပေးသည်။ ပြန်လှန်လျှပ်စီးကို စီးဖြတ်စေသောအခါ အဖိုနှင့်အမစွန်းများ အကြား၌ မီးစွယ် တောက်လာသည်။ မီးစွယ်ကြောင့် ပြဒါးသည် အငွေ့ဖြစ်လာ ပြီးနောက် ထိုပြဒါးငွေ့က လျှပ်စစ်ဓာတ်ကို တစ်ဖက်သတ်တည်း စီးအောင် ပြုလုပ်ဆောင်ရွက်ပေးလေသည်။

ဗက်ထရီ(လျှပ်စစ်ဓာတ်အိုး) အားသွင်းသည့် ကိစ္စကဲ့သို့သော အထွေထွေ ကိစ္စများ၌ အသုံးများကြသော ရက်တီးဖိုင်းယားမျိုးကား မက်တဲရက်တီးဖိုင်းယား (သတ္တုရက်တီဖိုင်းယား) ဖြစ်သည်။ ဤရက်တီးဖိုင်းယားတွင် ကော့ပါးအောက်ဆိုက်ကိုဖြစ်စေ၊ ဆီလီနီယမ်ကို ဖြစ်စေ သတ္တုပြားတစ်ခုပေါ်၌ ပါးလွှာသော ဖုံးအုပ်ထားသည်။ ထိုကဲ့သို့ စီမံထားသော သတ္တုမျိုးတွင် လျှပ်စစ်ဓာတ်ကို တစ်ဖက်သတ်စီးစေနိုင်သည့် သတ္တိရှိ၏။ သို့သော် ဓာတ်အားနည်းသော နေရာများ၌သာလျှင် ဤရက်တီးဖိုင်းယားမျိုးကို အသုံးပြုလေ့ ရှိကြပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)