ယူအက်စ်ဘီ

ဝီကီပီးဒီးယား မှ
(ယူနီဗာဆယ် စီရီယယ် ဘတ်စ် မှ ပြန်ညွှန်းထားသည်)
အသုံးများသော ယူအက်စ်ဘီ ပလပ်ခေါင်း တိုက်ပ် အေ ပလပ်

ယူနီဗာဆယ် စီရီယယ် ဘတ်စ် (Universal Serial Bus) သို့မဟုတ် ယူအက်စ်ဘီ (USB) သည် ကွန်ပျူတာနှင့် အီလက်ထရွန်းနစ် ပစ္စည်းများ ဆက်သွယ်ရာတွင် အသုံးပြုသော တပ်ဆင်ရေး၊ ဆက်သွယ်ရေး နှင့် ဓာတ်အားပေးပို့ရေး တို့နှင့် ပတ်သက်သော ဓာတ်ကြိုးများ၊ ပလပ်ခေါင်းများ နှင့် ပရိုတိုကောလ်များ နှင့် သက်ဆိုင်သော လုပ်ငန်းပိုင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက် ဖြစ်သည်။

ယူအက်စ်ဘီသည် ကွန်ပျူတာ အထောက်အကူပြု ပစ္စည်းများ ဖြစ်သော မောက်စ်များ၊ ကီးဘုတ်များ၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ ပရင်တာများ၊ ခရီးဆောင် သီချင်းဖွင့်စက်များ၊ ဒစ်(စ်) ဒရိုက်ဗ်များ နှင့် ကွန်ယက် အဒပ်ပတာများကို ကွန်ပျူတာတွင် တပ်ဆင်ရာတွင် ဓာတ်အားပေးပို့ခြင်းနှင့် ဆက်သွယ်ရေးတို့ကို စံတစ်ခု အနေဖြင့် ရှိစေရန် ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုစနစ်သည် ကွန်ပျူတာတွင်သာ မကဘဲ အခြား ကိရိယာများ ဖြစ်ကြသော စမတ်ဖုန်းများ၊ ပီဒီအေများ၊ ဗွီဒီယိုဂိမ်း ကွန်ဆိုးများတွင်လည်း အသုံးပြုကြသည်။ ယူအက်စ်ဘီသည် အစောပိုင်း ဆက်သွယ်တပ်ဆင်မှုများဖြစ်ကြသော စီရီယယ် ပလပ်ခေါင်း နှင့် ပယ်ရယ်လယ် ပလပ်ခေါင်းများကို အစားထိုး နေရာယူလာနိုင်ခဲ့ပြီး အိတ်ဆောင် ပစ္စည်းများ အတွက်လည်း ဓာတ်အားပြန်လည်ဖြည့်သွင်းသည့် ချာဂျာများ နေရာကိုလည်း ရယူလာနိုင်ခဲ့သည်။

၂၀၀၈ ခုနှစ် အထိ တစ်နှစ်လျှင် ယူအက်စ်ဘီသုံးသော ကိရိယာ ၂ ဘီလီယံမျှ ရောင်းရပြီး စုစုပေါင်း ကိရိယာ ၆ ဘီလီယံခန့် ရောင်းချပြီး ဖြစ်သည်။.