ယုန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယုန်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု Chordata
မျိုးပေါင်း Mammalia
မျိုးစဉ် Lagomorpha
မျိုးရင်း Leporidae
မျိုးစု [[Pentalagus
Bunolagus
Nesolagus
Romerolagus
Brachylagus
Sylvilagus
Oryctolagus
Poelagus]]

ယုန်[ပြင်​ဆင်​ရန်​]

ယုန်ကို သာမန်အားဖြင့်သာ သိသူများသည်။ တစ်မျိုးနှင့် တစ်မျိုးကို ခွဲခြား၍ သိသူကား နည်းသည်။ အမှန်မှာ ယုန်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ကွင်းယုန်ဖြစ်၍ ကျန်တစ်မျိုးမှာ တွင်းယုန် ဖြစ်သည်။ ပါဏဗေဒအလိုအရ ကွင်းယုန်နှင့် တွင်းယုန် နှစ်မျိုးစလုံးသည် လက်ပိုရီဒီးမျိုးရင်း ဝင်များ ဖြစ်ကြ၍ လက်ဂိုမော်ဖား မျိုးစဉ်တွင် ပါဝင်ကြလေ သည်။

ကွင်းယုန်[ပြင်​ဆင်​ရန်​]

ကွင်းယုန်သည် ယင်း၏ အမွှေးထူခြင်း၊ နားရွက်ရှည်ခြင်း နှင့် လျှင်မြန်ခြင်းတို့ကြောင့် လူသိများသည်။ အမှန်မှာ ကွင်း ယုန်သည် အလျှင်မြန်ဆုံး တိရစ္ဆာန်ငယ်များတွင် ပါဝင်လေ သည်။ ဘေးအန္တရာယ်နှင့် တွေ့ကြုံလျှင် ကွင်းယုန်သည် ယင်း၏ လျှင်မြန်ခြင်းကိုသာ အားကိုးလေသည်။ ထိုနည်းဖြင့် ကွင်းယုန်သည် ရန်သူများ၏ဘေးမှ လွတ်ကင်းနိုင်လေသည်။ အမေရိကန်နိုင်ငံတွင် ကွင်းယုန်များကို တွင်းယုန်များ အဖြစ် ပြောဆိုနေခြင်းသည် စင်စစ်အားဖြင့် မှားလေသည်။ ကွင်းယုန်ကို ကမ္ဘာအနှံ့အပြား၌လိုလိုပင် တွေ့နိုင်သော်လည်း တွင်းယုန်ကိုမူ ဥရောပတိုက်တွင်သာ စ၍ တွေ့ရသည်။ သို့သော် နောက်ပိုင်းတွင် တွင်းယုန်များကို အခြားတိုင်းပြည် များသို့ သယ်ဆောင်သွားကြလေသည်။ တွင်းယုန်သည် ကွင်း ယုန်ထက် ကိုယ်ထည်သေးသည့်အပြင် ခြေထောက်များနှင့် နားရွက်များသည်လည်း ကွင်းယုန်လောက်မရှည်ကြချေ။ ကွင်းယုန်သည် မြေပြင်ပေါ်၌ နေထိုင်သော်လည်း တွင်းယုန် ကမူ မြေတွင် တွင်းများတူး၍ နေထိုင်လေသည်။ တွင်းယုန် သည် ကွင်းယုန်ကဲ့သို့ ပြေးရာတွင် မမြန်ချေ။ ထိုသို့ ဖြစ်ရ သည်မှာ ရန်သူများဘေးမှ လွတ်ကင်းစေရန် ဝေးဝေးမပြေးရဘဲ၊ ယင်းတို့နေထိုင်ရာ တွင်းများအထိသာ ပြေးရန်လိုခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထို့ပြင် တွင်းယုန်သည် မွေးဖွား ရာ၌ ကွင်းယုန်ကဲ့သို့ မဟုတ်ဘဲ မျက်စိမမြင်ဘဲနှင့် အမွှေး လုံးဝနီးပါးမရှိဘဲ မွေးဖွားသည်။

ကွင်းယုန်များသည် ၁၇ လက်မမှ ၂၅ လက်မအထိ ရှည် တတ်သည်၊ အမြီးသည် တို၍ အမွှေးများပြီးလျှင် အပေါ်သို့ ထောင်လျက်ရှိသည်။ ကွင်းယုန်သည် မြေပြင်တွင် ခုန်လွှား၍ ပြေးသွားသောအခါတွင် ယင်း၏ ဖြူဖွေးသောအမြီးအောက်ပိုင်း ကို ထင်ရှားစွာ မြင်နိုင်ပေသည်။ နားရွက်များကို ထောင်လိုက် သောအခါတွင် အမည်းအမှတ်အသားများကို မြင်ရသည်။ ကွင်း ယုန်တစ်ကောင် မြေကြီးပေါ်၌ ရပ်နေသောအခါတွင် ယင်း၏ အရောင်နှင့် ပတ်ဝန်းကျင်အရောင်တို့သည် တူလှသဖြင့် ကွင်း ယုန်ကို မြင်နိုင်ရန် ခဲယဉ်းသည်။ ကွင်းယုန်၏ အသက်ရှူမှုနှင့် ပါးမုန်းမွှေးများ၏ လှုပ်ရှားနေမှုကြောင့်သာ ကွင်းယုန်ရှိနေ ကြောင်း သိနိုင်လေသည်။

ကွင်းယုန်၏ အပေါ်နှုတ်ခမ်းသည် ကွဲနေ၏။ နှာခေါင်း နှင့် နှုတ်ခမ်းတို့သည်လည်း အစဉ်လှုပ်ရှားနေသည်ဟု ထင်ရ လေသည်။ အထူးသဖြင့် ကွင်းယုန်ကလေးများတွင် ထိုသို့ ဖြစ် တတ်သည်။ ရှေ့ခြေထောက်တွင် ခြေချောင်းကလေးများ ငါး ချောင်းစီရှိ၍ နောက်ခြေထောက်များတွင်မူ လေးချောင်းစီသာ ရှိသည်။ ကွင်းယုန်သည် မလွှဲသာ၍ ရန်သူကို ခုခံရလျှင် ယင်း၏နောက်ခြေများနှင့် ရန်သူကို နာကျင်အောင် ကန် ကျောက်နိုင်လေသည်။ ကွင်းယုန်သည် ယင်း၏နောက်ခြေများ ကြောင့် အတော်အလှမ်းကျယ်စွာ ခုန်လွှားနိုင်သည်။ ယင်း၏ ရှေ့ခြေထောက်များကို ရှဉ့်များကဲ့သို့ အစာစားရာတွင် အသုံး မပြုနိုင်ချေ။ ကွင်းယုန်နှင့် တွင်းယုန်နှစ်မျိုးစလုံးသည် ကြောက် တတ်သော်လည်း မလွှဲသာ၍ သားငယ်ကလေးများအတွက် ခုခံ ရန် လိုသောအခါတွင် ရဲရင့်စွာ ခုခံတတ်ကြသည်။ ခုခံရာတွင် ယင်းတို့၏ သန်မာသော နောက်ခြေထောက်များကို အသုံးပြုကြ သည်။ တစ်ခါက မြွေပါမြီးတို တစ်ကောင်နှင့် မြွေတစ်ကောင် အား သတ်ထားသည်ကို တွေ့ရဖူးသည်။ အိမ်တွင် မွေးမြူထား သည့် တွင်းယုန်များသည် ယေဘုယျအားဖြင့် ကြောင်များနှင့် သင့်မြတ်အောင် နေထိုင်လေ့ရှိကြသော်လည်း မလွှဲသာ၍ မသင့် မမြတ် ဖြစ်ကြသောအခါတွင် နိုင်အောင်တိုက်ခိုက်လေ့ ရှိကြ သည်။ ရန်သူ၏ဘေးမှ တိမ်းရှောင်ကြရာတွင် လွန်စွာပါးနပ်ကြ သည်။ လေ့လာသူအချို့ကမူ ရန်သူကို တိမ်းရှောင်ကြရာ၌ ယုန် များသည် မြေခွေးတို့ကဲ့သို့ပင် ပါးနပ်ကြသည်ဟု ဆိုလေသည်။ ရန်သူက ယုန်ကို လိုက်သောအခါတွင် ယုန်သည် အားကုန်ပြေး ပြီးလျှင် ရုပ်တရက် ရပ်လိုက်တတ်သည်။ ထိုသို့ ရပ်လိုက်ပြီး လျှင် အခြားတစ်ဖက်သို့ အလွန်လျှင်မြန်စွာ ထွက်ပြေးသွား တတ်လေသည်။

ကွင်းယုန်နှင့် တွင်းယုန်တို့သည် ဟင်းသီးဟင်းရွက်စား တိရစ္ဆာန်များ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းတို့ကို သိပ္ပံ ပညာရှင်များက ရွက်စားသတ္တဝါများဟု ခေါ်ကြသည်။ အထူး သဖြင့် ဂေါဘီထုပ် (မုန်လာထုပ်)၊ ပြောင်း၊ ဂျုံ၊ စပါး စသည့် အသီးအနှံများနှင့် သစ်ခေါက်များကို စားကြသည်။ ယုန်တို့ သည် များသောအားဖြင့် ညဉ့်ဘက်တွင် လှည့်လည်၍ အစာကို ရှာဖွေစားသောက်ကြသည်။ နံနက်အရုဏ်တက်ချိန်တွင် နေထိုင် ရာ မြက်ခင်းအတွင်းရှိ တွင်းများ၊ သို့မဟုတ် ကျောက်တုံးကြီး များ အနီးရှိ တွင်းများသို့ ပြန်လာကြသည်။ ညဉ့်အချိန် တွင်း ယုန်များ အစာရှာထွက်ကြသောအခါတွင် ဟင်းသီးဟင်းရွက် ဥယျာဉ်များနှင့် လယ်ခင်းများသည် မကြာခဏ ပျက်စီးတတ်ကြ သည်။

ကွင်းယုန်များသည် မကြာခဏ သားဖွားတတ်ကြသဖြင့် အပွားမြန်သည်။ ခြောက်လအရွယ်သို့ ရောက်လျှင် မိတ်လိုက် နိုင်သည်။ တစ်နှစ်တွင် နှစ်ကြိမ် သုံးကြိမ် သားမွေးနိုင်သည်။ မိခင်သည် ကိုယ်ဝန်ကို တစ်လသာ လွယ်သည်။ တစ်ကြိမ် မွေးလျှင် ယုန်ကလေး နှစ်ကောင်မှ ငါးကောင်အထိ မွေးတတ် သည်။ တစ်လ၊ သို့မဟုတ် နှစ်လကြာအပြီးတွင် ယုန်ကလေး များသည် ဘာသာဘာဝ နေထိုင်စားသောက်ကြသည်။ အချို့နေရာများတွင် ကွင်းယုန်တို့၏ သဘာဝရန်သူများ ဖြစ်သော မြေခွေး၊ မြွေပါမြီးတို၊ လင်းယုန်၊ သိမ်းနှင့် ခွေးတူ ဝက်တူများကို လူများက ရှင်းလင်းသုတ်သင်ပေးကြသဖြင့် ကွင်းယုန်များသည် အတိုးပွား မြန်လာပြီးလျှင် စိုက်ခင်းများ ကိုပင် ဖျက်ဆီးပစ်ကြလေသည်။ ထို့ကြောင့် အချို့နေရာများ တွင် စိုက်ခင်းများ အတွင်းသို့ ကွင်းယုန်များ မဝင်နိုင်အောင် ခြံများကိုပင် ကာထားကြရလေသည်။ ဩစတြေလီးယားတိုက် ကဲ့သို့သော ကွင်းယုန်၏ အနှောင့်အယှက်ကို ခံကြရသည့် နေရာများတွင်မူ ကွင်းယုန်များကို ကျော့ကွင်းများ၊ ခွေးများနှင့် သေနတ်များ အသုံးပြုကာ ကာကွယ်ပေးကြရသည်။ ထိုသို့ ပြုလုပ်ရုံမျှနှင့် မရသေးလျှင် အချိန်မှန်မှန် ခရိုင်တစ်ခရိုင် အတွင်းရှိ ယောက်ျားကြီးငယ်များနှင့် တစ်ခါတစ်ရံတွင် မိန်းမ ကြီးငယ်များသည် ကွင်းယုန်များ နေထိုင်သော နေရာများကို စတုရန်းတစ်မိုင်ခန့် တိုင်း၍ ကွင်းယုန်များကို ဝင်းခြံတစ်ခု အတွင်းသို့ မောင်းသွင်းပြီးလျှင် တုတ်ကြီးများဖြင့် ရိုက်သတ်ကြ ရလေသည်။ ထိုကဲ့သို့သောအခါမျိုးတွင် တစ်နေ့တည်း၌ပင် ကွင်းယုန်ပေါင်း ၂ဝဝဝဝ ခန့်ကို ရိုက်သတ်နိုင်ကြလေသည်။ ကွင်းယုန်သားသည် ခပ်ထပ်ထပ်ဖြစ်သော်လည်း ထူးခြား သည့် အနံ့ရှိသဖြင့် လူကြိုက်များသည်။ ယုန်၏ အမွှေးများကို အထူးသဖြင့် ဆောင်းရာသီ၌ အရောင်ပြောင်းသည့် အမွှေးများ ကို အဖိုးတန်သည့် သားမွှေးတုအနေဖြင့် အသုံးများသည်။ တွင်းယုန်တွင် အရိုင်းနှင့် အယဉ်ဟု နှစ်မျိုးရှိသည်။

တွင်းယုန်[ပြင်​ဆင်​ရန်​]

တွင်းယုန်တွင် သားမွှေးများ ရှိသည့်ပြင် နားရွက်ရှည်များ လည်း ရှိသည်။ ကွင်းယုန်လောက် မလျှင်မြန်သော်လည်း လျှင်မြန်စွာကား ပြေးနိုင်လေသည်။ လူ့အတွက် ကွင်းယုန်နှင့် တွင်းယုန်များက အဝတ်နှင့် အစာကို ဖြည့်တင်းပေးကြသည်။ အိမ်၌ မွေးထားလေ့ရှိသော တွင်းယုန်များသည် လူ၏ ချစ်စနိုး တိရစ္ဆာန်များ ဖြစ်ကြလေသည်။ မြောက်အမေရိကတိုက်တွင် ကွင်းယုန်နှင့် တွင်းယုန်အတော်များများ နေထိုင်ကြလေသည်။ ဘီစီ ၅၅၁ မှ ၄၇၈ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ထင် ရှားခဲ့သော ကွန်ဖူးဇီးခေတ်တွင် တွင်းယုန်များကို အယူဝါဒ ဆိုင်ရာ ပွဲလမ်းများတွင် အသုံးပြုခဲ့ကြသည်။ ရှေးခေတ် သဘာဝပညာရှင်များက တွင်းယုန် အကြောင်းကို ရေးကြရာ၌ ကွင်းယုန်နှင့် တွင်းယုန်ကိုပါ ရောနှော၍ ရေးသားခဲ့ကြသဖြင့် ယခုအခါတွင် အချို့တွင်းယုန်များကို ကွင်းယုန်များဟု ခေါ်နေ ကြလေသည်။ တွင်းယုန်စစ်စစ်များသည် တစ်ခါတစ်ရံတွင် မိမိ ကိုယ်တိုင်တူးထားသည့်တွင်းများအတွင်း၌ သားများကို မွေးဖွား လေ့ရှိသည်။ တစ်ခါတစ်ရံတွင်မူ ခွေးတူ ဝက်တူ၊ သို့မဟုတ် အခြားမြေတွင်းနေတိရစ္ဆာန်တို့၏ တွင်းများတွင် မွေးဖွားလေ့ ရှိသည်။ မွေးစတွင် တွင်းယုန်ကလေးများသည် မျက်စိမှိတ် ထားကြပြီးလျှင် ယင်းတို့၌ အမွှေးများ မရှိကြချေ။ ဤအချက် တွင် ကွင်းယုန်နှင့် ခြားနားသည်။ ကွင်းယုန်သည် သားကို တွင်းထဲ၌ မမွေးချေ။ ထို့ပြင် မွေးစကွင်းယုန်ကလေးများ၏ မျက်စိများသည် ပွင့်လျက်ရှိကြသည့်ပြင် အမွှေးများလည်း ပါကြသည်။ တွင်းယုန်များသည် နေ့အချိန်တွင် အစာရှာထွက် လေ့ မရှိသော်လည်း ယင်းတို့ကို မကြာခဏ နေ့အချိန်၌ တွေ့ရတတ်သည်။ ယင်းတို့သည် ညဉ့်အချိန်တွင်သာ ထွက်၍ အစာကို ရှာစားလေ့ ရှိကြသည်။ တွင်းယုန်များသည် တစ်ကြိမ် လျှင် နှစ်ကောင်မှ ခြောက်ကောင်အထိ မွေးဖွားတတ်၍ တစ်နှစ် အတွင်း ကြိမ်ဖန်များစွာ မွေးဖွားတတ်သည်။

တွင်းယုန်များတွင် ရောဂါကျရောက်တတ်ပြီးလျှင် ယင်းတို့ မှတစ်ဆင့် လူများကို ကူးစက်စေတတ်သည်။ ထိုသို့ကူးစက်ရာ တွင် ရက်သတ္တပတ်ပေါင်းများစွာ၊ သို့မဟုတ် လပေါင်းအတော် ကြာသည်အထိ ခံရတတ်သည်။ ထိုရောဂါ ရောက်လာလျှင် လူ တစ်ရာလျှင် သုံးယောက်မှ ငါးယောက်အထိ သေတတ်သည်။ မုဆိုးများ တောလိုက်ရာတွင် တွင်းယုန်ရိုင်းများကိုလည်း လိုက်လံဖမ်းဆီးလေ့ ရှိကြသည်။ ထိုအခါတွင် ခွေးများကို အသုံးပြုကြသည်။ အမေရိကန် တိုင်းရင်းသားများသည်လည်း ရှေးအခါကပင် တွင်းယုန်များကို ဖမ်းဆီးလေ့ ရှိကြသည်။ ထိုသို့ တိုင်းရင်းသားများက ဖမ်းဆီးကြရာတွင် တွင်းယုန် အမြောက်အမြားရှိသော နေရာတစ်ဝိုက်တွင် လူအမြောက် အမြားက အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဌာန်ဖြင့် ဝိုင်းထားပြီးလျှင် လူများသည် တဖြည်းဖြည်း မျက်နှာချင်းဆိုင်ဘက်သို့ ရွေ့လာ ကြကာ တွင်းယုန်များ၏ နေရာကိုကျဉ်းမြောင်းသွားစေပြီးလျှင် နောက်ဆုံးတွင် တုတ်ကြီးများဖြင့် ရိုက်သတ်ကြလေသည်။ အမေရိကန်ပြည်ထောင်စုအတွင်း ရှိရင်းစွဲတွင်းယုန်များ၏ အမွှေးများသည် နူးညံ့၍ သေးပြီးလျှင် အညိုရောင်လိုလိုသာ ရှိသည်။ အချို့တွင်းယုန်များ၏ အမွှေးများသည် ဆောင်းအခါ၌ ပတ်ဝန်းကျင်အရောင်နှင့် လိုက်လျောစေရန် အဖြူရောင်အဖြစ် သို့ ပြောင်းသွားတတ်သည်။ ထိုအခါတွင် ယင်းတို့ကို ပတ်ဝန်း ကျင်တွင် မြင်နိုင်ခဲသည်။ တွင်းယုန်၏ အမွှေးများကို အထည် များ၏ အနားကွပ်ရာတွင်ဖြစ်စေ၊ ဦးထုပ်ပြုလုပ်ရန် သက္ကလပ် ကြမ်းအဖြစ် ပြုလုပ်ရာတွင်ဖြစ်စေ အသုံးပြုကြသည်။ အမွှေး ချွတ်ပြီးသောတွင်းယုန်များကို ကော်များ ပြုလုပ်ရာတွင် အသုံး ပြုကြလေသည်။

ပထမကမ္ဘာစစ် အတွင်းတွင် ယုန်သားသည် အတော်ပင် နာမည်ကျော်ကြားခဲ့လေသည်။ထိုသို့ နာမည်ကျော်ကြားမှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ်အတော်များများသို့ တွင်းယုန်မွေးမြူခြင်းသည် ပျံ့နှံ့သွားခဲ့လေသည်။ ဒုတိယကမ္ဘာ စစ်အတွင်းကလည်း တွင်းယုန်သားကို အတော်ပင်လူကြိုက်များ ခဲ့လေသည်။ အချို့နေရာများတွင် ထိုအသားကို လိုသလောက် မပေးနိုင်အောင်ပင် ဖြစ်ခဲ့လေသည်။ တွင်းယုန်ကို လူကြိုက်များ ရာတွင် အကြောင်းနှစ်မျိုးရှိ၏။ ပထမအကြောင်းမှာ တွင်းယုန် အမွှေးများကို သက္ကလပ်ကြမ်း ပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်၍၊ ဒုတိယအကြောင်းမှာ ယင်းတို့ကို အဖိုးတန်သည့် အမွှေးများနှင့် တူအောင် ဆေးဆိုးယူနိုင်ခြင်းကြောင့် ဖြစ်သည်။

တွင်းယုန်များကို မွေးမြူရာတွင် အစာကို ဂရုစိုက်၍ ကျွေးမွေးရန် လိုအပ်ပေသည်။ ရေကောင်းရေသန့် များများနှင့် ဆားအနည်းငယ်ကိုပါ နေ့စဉ် ကျွေးသင့်သည်။ ယင်းတို့ကို ထားရာ အိမ်များကို မွေးမြူသည့် တိုင်းပြည်၏ ရာသီဥတုနှင့် ကိုက်ညီစွာ ဆောက်လုပ်ရန် လိုပေသည်။ သန့်သန့်ရှင်းရှင်း လည်း ထားရမည်။ နေ့စဉ် ယုန်များ၏နေရာများကို ရှင်းလင်း ပေးပြီးလျှင် ကောက်ရိုး၊ သို့မဟုတ် သစ်ရွက်များကို အသစ်လဲ ပေးသင့်သည်။ ထို့ပြင် လေကောင်းလေသန့်နှင့် နေရောင်ကို လည်း ရရှိစေရန် ဖန်တီးပေးရမည်။ သို့မဟုတ်လျှင် တွင်းယုန် များတွင် ရောဂါကျရောက်တတ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)