ယိုထိုးခြင်း

ဝီကီပီးဒီးယား မှ

အနောက်နိုင်ငံများတွင် အလေ့ရှိသည်မှာ ပေါင်မုန့်ကို ထောပတ်သုတ်၍ စားကြသကဲ့သို့ ယိုသုတ်၍လည်း သုံး ဆောင်ကြလေသည်။ အဆိုပါယိုကို ပြုလုပ်ရာ၌ ယိုပြုလုပ်မည့် သစ်သီးများကို ရှေးဦးစွာ ပြုတ်၍ ချေနယ်ရသည်။ ထို့နောက်မှ သကြားရည်နှင့် ရေရော၍ထားသည့် အထဲသို့ ချေနယ်ထားသော သစ်သီးဖတ်များကိုထည့်ကာ သကြားရည်အတန်ပျစ်လာသည်အထိ ကျိုရသည်။ ပေါင်မုန့်တွင် သုတ်စားရန် အနေရောက် မရောက် သိနိုင်ရန်မှာ ကျိုနေသော ယိုကို တစ်ဇွန်းခန့် ခပ်ပြီး လျှင် လက်ဖက်ရည်ပန်းကန်ထဲသို့ ထည့်၍ အအေးခံကြည့်ရသည်။ ယိုသည် အနည်းငယ်ခဲသွားလျှင် အိုးကိုချရန်သင့်ပြီ ဖြစ်သည်။

ကျိုထားသောအိုးကို ဖိုပေါ်မှ ချလျှင်ချခြင်း အသင့်ပြင် ထားသော ပုလင်းများထဲသို့ ပူနွေးနေခိုက်တွင် လောင်းထည့်ရလေသည်။ ပုလင်းထဲတွင် အအေးခံ၍ ခပ်ပျစ်ပျစ်ဖြစ်လာသောအခါမှ ဆီစိမ်စက္ကူ၊ ဂျပ်စက္ကူတို့ဖြင့် ပုလင်းအဝကို ခပ်ကျပ်ကျပ် ပိတ်စည်းရလေသည်။

ယိုအမျိုးမျိုးရှိသည့်အနက် မာမလိတ်ခေါ် ယိုတစ်မျိုးသည် လိမ္မော်သီးသံပရာသီးတို့ကို အခွံပါ ထည့်သွင်းပြုလုပ်ထားသော ယိုဖြစ်သည်။ ဂျယ်လီခေါ် ယိုတစ်မျိုးမှာကား သစ်သီးရည်ကိုသာ ညှစ်ယူ၍ အဖတ်များ မထည့်ဘဲ သကြားဖြင့် ကျိုထားခြင်းဖြစ်သည်။ ယိုထိုးရာတွင် သကြားကို ယိုထိုးမည့် သစ်သီး၏ အလေးချိန်နှင့် ဆတူမျှ ထည့်ရသည်။ အချဉ်အရသာ မပါသော သစ်သီးမျိုးဆိုလျှင် သကြားအနည်းငယ် လျှော့၍ ထည့်ရသည်။ ယိုထိုးရာတွင် ဒန်အိုး၊ သို့မဟုတ် ကြေးဝါအိုး အဝခပ်ကျယ်ကျယ်ကို အသုံးပြုသင့်၍ မိနစ် ၂ဝ မှ ၆ဝ ခန့်ထိ ကျိုပေးရသည်။ ကျိုရာ၌ မီးခပ်ပြင်းပြင်းတွင် ခပ်သွက်သွက် ဆူနေစေရမည်။

ယိုထိုးသည်ဟု ဆိုလျှင် သစ်သီးမှအပ အခြားအရာများကို ယိုထိုး၍မရချေ။ မြန်မာနိုင်ငံတွင်လည်း ရာသီအလိုက်ပေါ်သော သစ်သီးများကို ယိုထိုးကြသည်။ သို့ရာတွင် အနောက်နိုင်ငံမှ ယိုများကဲ့သို့ ပေါင်မုန့်တွင် သုတ်စားရန်မဟုတ်ဘဲ၊ မုန့်ခဲဖွယ် အချိုပွဲများတွင် သုံးဆောင်ရန်ဖြစ်သည်။ သရက်သီးမရမ်းသီး စသော အသီးများကို အလုံးလိုက်ဖြစ်စေ၊ အခြမ်းလိုက်ဖြစ်စေ၊ အစိတ်လိုက်ဖြစ်စေ ယိုထိုးကြ၍ အဖတ်အတိုင်းဆယ်၍ စားသုံး ကြသည်။ နာနတ်ယိုဒူးရင်းယိုများမှာ ချေနယ်၍ ယိုထိုးထားခြင်း ဖြစ်သော်လည်း လက်ဖြင့် ဆုပ်ကိုင်စားနိုင်သောယိုများ ဖြစ်ကြသည်။ ကျောက်ဖရုံယိုအုန်းယိုတို့ကိုကား အေးသွား လျှင် ခဲ၍ မာသွားသည်ထိ ယိုထိုးကြသည်။ မြန်မာနိုင်ငံတွင် ယိုထိုးရာ၌ သကြားကိုလည်းကောင်း၊ ထန်းလျက်ကိုလည်းကောင်း၊ ကြံသကာကိုလည်းကောင်း အသုံးပြုကြလေသည်။

သစ်သီးများမှာ ယိုထိုးထားခြင်းဖြင့် ကြာရှည်ခံကာ အရသာပို၍ ကောင်းလေသည်။ အနောက်နိုင်ငံများတွင်မူ ကမ္ဘာ အရပ်ရပ်သို့ တင်ပို့ရောင်းချကြရန် ယိုထိုးခြင်းကို လုပ်ငန်း တစ်ရပ်အဖြစ်ဖြင့် ဆောင်ရွက်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)