ယဟူဒီလူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ယဟူဒီလူမျိုး(Israelis)[ပြင်​ဆင်​ရန်​]

ယဟူဒီ-အာရပ်လူမျိုးဖြစ်သည့် စာရေးဆရာ အန်မိုင်း ဟဘီဘီ

ကမ္ဘာပေါ်ရှိ လူမျိုးအသီးအသီးတို့၏ သမိုင်းတွင် ယဟူဒီလူမျိုး (Hebrew: ישראלים‎, Yisra'elim)(အင်္ဂလိပ်ဘာသာဖြင့်-(Israelis) ၏ သမိုင်းမှာ ထူးခြား စိတ်ဝင်စားဖွယ် ကောင်းပေသည်။ ယဟူဒီလူမျိုးတို့သည် နှစ်ပေါင်း ၁၉ဝဝ ခန့်မျှ ကိုယ်ပိုင် တိုင်းပြည်ဟူ၍ မရှိဘဲ ကမ္ဘာအရပ်ရပ်တွင် လှည့်လည်၍ လူ အမျိုးမျိုးနှင့် ရောနှောနေထိုင်ခဲ့ရသော လူမျိုးဖြစ်သည်။

အနှိပ်စက် အညှဉ်းဆဲခံရဆုံး လူမျိုးလည်း ဖြစ်သည်။ ယဟူဒီ တို့၏ သမိုင်းသည် ရှေးကျ၍ ရှည်လျားသော်လည်း လူမျိုး တစ်မျိုးအနေဖြင့် ယခုထက်တိုင် တည်တံ့လျက် ရှိပြီးလျှင် မိမိတို့၏ ဓလေ့ထုံးစံ၊ အယူဝါဒကို ထိန်းသိမ်းမြဲ ထိန်းသိမ်း ထားကြသည်။ ထိုလူမျိုးထဲမှာ ကမ္ဘာကျော် အနုပညာရှင်၊ သိပ္ပံပညာရှင်၊ စာရေး ဆရာ၊ စက်မှုလက်မှု ပညာရှင် စသည် ဖြင့် လူရည်ချွန် အများအပြား ပေါ်ထွက်ခဲ့ပေသည်။

သမ္မာကျမ်းစာအလိုအားဖြင့် ယဟူဒီတို့သည် ဆီးမိုက် လူမျိုးအနွယ်များဖြစ်၍ အာရေဗျ သဲကန္တာရဘက်မှ ပယ်လက် စတိုင် ပြည်သို့ ဘီစီ ၂ဝဝဝ ခန့်က ဝင်ရောက်လာကြလေ သည်။ ခေါင်းဆောင်မှာ ယဟူဒီတို့၏ ဖခင် အာဗရာဟင် (အာဗြဟံ)ဖြစ်သည်။ အာဗရာဟင်သည် ယူဖရေးတီးမြစ်ကို ဖြတ်ကျော်လာရသည့်အတွက် ဖြတ်ကျော်သည်ဟူ၍ အဓိပ္ပာယ်ရသော ဟီဗြူ(ဟေဗြဲ)အမည်ဖြင့်လည်း ခေါ်တွင် သည်။ ထိုကြောင့် ယဟူဒီတို့ကို တစ်ခါတစ်ရံ ဟီဗြူ(ဟီးဘရူး) လူမျိုးဟု လည်း ခေါ်သည်။


အာဗရာဟင်၏သား အိုင်ဇက် (ဣဇက်)၌ အီစော (ဧသော) နှင့် ဂျက်ကော့ (ယာကုပ်)ဟူ၍လည်း သား အမြွှာနှစ်ယောက် ရှိသည်တွင် ဂျက်ကော့သည် အဇ္ဇရီယယ် (ဣသရေလ)အမည် ဖြင့် ခေါင်းဆောင်ဖြစ်လာလေ သည်။ ယဟူဒီတို့သည် ဂျက်ကော့၏သား တစ်ဆယ့်နှစ်ယောက်မှ ပေါက်ပွားလာကြ သူများဖြစ်၍ အဇ္ဇရီယယ် (အစ္စရေး)လူမျိုးဟူ၍လည်း အမည်တွင်သည်။

ဂျက်ကော့၏သား ဂျိုးဇက်(ယောသပ်)သည် အီဂျစ်ပြည် (အဲဂုတ္တုပြည်)သို့ ရောက်ရှိသွားရာမှ ကျန် ယဟူဒီလူမျိုးတို့ သည်လည်း လိုက်ပါသွားကြလေသည်၊ ကာလအတန်ကြာသော် ယဟူဒီတို့သည် အီဂျစ်ပြည်၌ ကျွန်အဖြစ်နှင့် နှစ်ပေါင်းများစွာ နှိပ်စက်ညှဉ်းဆဲခြင်းကို ခံကြရ၏။ ထိုနောက် မိုးဇက်(မောရှေ) ဆိုသူ ခေါင်းဆောင်က ယဟူဒီများကို အီဂျစ်ပြည်မှ ကယ်၍ ပယ်လက်စတိုင်ပြည်သို့ ပို့ဆောင်ခဲ့လေသည်။ ခရီးစပ်ကြား တွင် အနှစ်လေးဆယ်မျှ လှည့်လည်နေစဉ် ပညတ်တော်ဆယ်ပါးကို မိုးဇက်မှတစ်ဆင့် လက်ခံရရှိကြသည်။


မိုးဇက်ကွယ်လွန်ပြီးနောက် ဂျော့ရွား(ယောရှု)က ယဟူဒီ တို့ကို ခေါင်းဆောင်၍ ဂျော်ဒန်မြစ် (ယော်ဒန်)ကို ဖြတ်ကျော် လျက် ပါလက်စတိုင်ပြည်သို့ သိမ်းယူကြသည်။

ထိုအခါက ပယ်လက်စတိုင်ပြည်တွင် ဆီးမိုက်အနွယ်ဝင် ဖြစ်၍ ယဉ်ကျေးမှု အဆင့်အတန်းမြင့်သော ကနန် နိုက်(ခါနန်) လူမျိုးက အုပ်စိုးလျက်ရှိရာ ယဟူဒီတို့သည် ကနန်နိုက်တို့ထံမှ စိုက်ပျိုးနည်း၊ အဝတ်အထည် ရက်နည်းနှင့် စာရေးစာဖတ် အတတ်စသော ယဉ်ကျေးမှုများကို ဆက်ခံရရှိကြလေသည်။ သို့ရာတွင် ယဟူဒီ လူမျိုးတို့သည် အေးချမ်းစွာ မနေထိုင်ရချေ။

အနီးအနားရှိ တိုင်းပြည်များမှ မိုအာဗိုက်လူမျိုး၊ အမ္မိုက်နိုက် လူမျိုးနှင့် ဖိလစ္စတင်း (ဖိလိတ္တိ)လူမျိုးတို့သည် ပါလက်စတိုင် ပြည်ကို မကြာခဏ စစ်ချီတိုက်ခိုက်သဖြင့် ယင်းတို့၏ရန်ကို တွန်းလှန်လျက် နေရ၏။ ထိုကြောင့် ယဟူဒီလူမျိုးတို့ကို ဦးစီး ရန် ဂိဒယွန်၊ ဒဗိုရာ၊ ဆမ္မဆန်(ရှံဆုံ)ကဲ့သို့သော အမျိုးသား ခေါင်းဆောင်များ ပေါ်ထွက်ခဲ့လေသည်။

ယဟူဒီ-အာရပ်လူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ရယ်ဘယ် မဂျဒဠီ

ဘီစီ ၁၁ ရာစုနှစ်ခန့်တွင် ဆယ်မျူယယ်(ရှမွေလ)ဆိုသူ ပရောဖက်တစ်ဦး ပေါ်ပေါက်လာ၍ ယဟူဒီ တစ်ဆယ့်နှစ်မျိုးကို ပေါင်းစည်းလျက် ဘုရင်အုပ်ချုပ်ရေးစနစ်ကို တီထွင်ခဲ့လေသည်။

ဆော(ရှောလု)ဆိုသူကို ပထမဆုံးဘုရင်အဖြစ် ရွေးကောက် တင်မြှောက်ကြသည်။ ဆောဘုင်လက်ထက်တွင် ယဟူဒီတို့သည် သွေးစည်းမိပြီးလျှင် ဖိလစ္စတင်းတို့ကို တိုက်ခိုက်အောင်မြင် ခဲ့လေသည်။ ဆောဘုရင်နှင့် သားတော် ဂျိုနသန်(ယောနသန်) တို့လည်း တိုက်ပွဲ၌ကျဆုံးကြ၏။

ထိုနောက် ဒေးဗစ်(ဒါဝိဒ်) (ဘီစီ ၁ဝ၃ဝ-၉၉ဝ ခန့်)သည် ယဟူဒီတို့၏ ဘုရင်ဖြစ်လာ၍ ဂျရူးဆလမ်းမြို့ (ယေရုရှလင်)ကို မြို့တော်အဖြစ် ထားရှိလေသည်။ ယဟူဒီတို့၏ နိုင်ငံသည် လည်း စည်ပင်သာယာလျက် ရှိပေသည်။ ဒေးဗစ်၏ ထီးနန်း အရိုက်အရာကို ဆက်ခံသော သားတော် ဆောလမွန် (ရှော လမုန်)ဘုရင် လက်ထက်တွင် ယဟူဒီတို့၏ နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ရှိလေသည။ ဆောလမွန်ဘုရင် ဉာာဏ် ပညာကြီးမားပုံနှင့် စည်းစိမ်ကြွယ်ပုံ သတင်းမှာ အနီးအနားရှိ တိုင်းပြည်များသို့ ပျံ့နှံခဲ့၏။


ဆောလမွန်ဘုရင်သည် ဂျရူးဆလမ်းမြို့တော်၌ အလွန် ကြီးကျယ်ခမ်းနားသော ဘုရားတန်ဆောင်းကြီး (ဝါ) ဗိမာန် တော်တစ်ခုကို ဆောက်လုပ်ခဲ့၏။ သို့ရာတွင် နောက်ဆုံး၌ ဘုရင်ကြီးသည် တိုင်းပြည်အုပ်ချုပ်ရေးဘက်၌ ပေါ့လျော့လာ ခြင်းကြောင့်လည်းကောင်း၊ ဘာသာအယူဝါဒ ကိုးကွယ်ရေး ဘက်၌ ပေါ့ဆလာခြင်းကြောင့်လည်းကောင်း တိုင်းသူပြည် သားတို့သည် ဘုရင့်အပေါ်၌ မကျေမနပ် ဖြစ်ကြလေသည်။

သို့ဖြစ်၍ ဘုရင်ကြီး နတ်ရွာစံပြီးနောက် သားတော်လက်ထက် တွင် ယဟူဒီတို့၏ တိုင်းပြည်သည် မြောက်ပိုင်းနှင့် တောင်ပိုင်း ဟူ၍ နှစ်ပိုင်း ကွဲလေတော့သည်။

ယဟူဒီ(ဝါ) အဇ္ဇရီယယ် တစ်ဆယ့်နှစ်မျိုးအနက် ၁ဝ မျိုး တို့သည် ပယ်လက်စတိုင်ပြည် မြောက်ပိုင်းတွင် အဇ္ဇရီယယ် နိုင်ငံဟူ၍ သီးခြားနိုင်ငံငယ်တစ်ခုကို တည်ထောင်ကြသည်။ ကျန် အဇ္ဇရီယယ် နှစ်မျိုးတို့သည်ကား တောင်ပိုင်းတွင် ဂျူဒါ (ယုဒ)နိုင်ငံကို တည်ထောင်ကြလေသည်။ အဇ္ဇရီယယ်နိုင်ငံသည် ဂျူဒါနိုင်ငံထက် မြေဩဇာ ကောင်းမွန်၍ စည်ပင်ဝပြောသည်။ ဂျူဒါနိုင်ငံတွင် ဂျရူးဆလမ်းမြို့မှ လွဲလျှင် အခြားမြို့ကြီးပြကြီး ဟူ၍ မရှိချေ။ ခြောက်သွေ့သော အရပ်ဖြစ်၏။ နိုင်ငံ အချင်းချင်း မသင့်မတင့်ကြချေ။

ဘီစီ ၇၂၁ ခုနှစ်တွင် အဆီးရီးယန်း လူမျိုးတို့သည် တန်ခိုး ကြီးလာ၍ အဇ္ဇရီယယ်နိုင်ငံ၏ မြို့တော်ဖြစ်သော ဆမေးရီးယား မြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီးလျှင် အဇ္ဇရီယယ် လူမျိုးများကို ကျွန်အဖြစ် ခေါ်ဆောင် သွားလေသည်။

မြောက်ပိုင်း အဇ္ဇရီယယ်နိုင်ငံ ကျဆုံးပြီးနောက် နှစ်ပေါင်း တစ်ရာကျော် ကြာသောအခါ အဆီးရီးယား ဘုရင် ဆင်နာခရစ် သည် ဂျူဒါနိုင်ငံကိုလည်း ချီတက် တိုက်ခိုက်လေသည်။ သို့ရာ တွင် အလိုမပြည့်ဘဲ ရှိချေသည်။ ထိုနောက် ဗက်ဗီလုံးနီးယားနိုင်ငံ(ဗာဗုလုံ)သည် အင်အားကြီးမားလာသဖြင့် ဘီစီ ၅၈၆ ခုနှစ်တွင် နက်ဗျူခက်နက်ဇာဘုရင်သည် ဂျူဒါနိုင်ငံကို တိုက်ခိုက်အောင်မြင်၍ ဂျရူးဆလမ်းမြို့နှင့်တကွ ဘုရား တန် ဆောင်းကြီးကို ဖျက်ဆီးပစ်လေသည်။ ဂျူဒါပြည်သူပြည်သား အမြောက်အမြားတို့ကိုလည်း ဗက်ဗီလုံးမြို့တော်သို့ ဖမ်းဆီး ခေါ်ဆောင်သွားလေ၏။


ထိုနောက် ဗက်ဗီလုံးပျက်စီး၍ ပါးရှင်းလူမျိုးများ တန်ခိုး ကြီးလာသောအခါ ပါးရှင်းဘုရင် ဆိုင်းရပ်စ် သည် ဘီစီ ၅၃၈ ခုနှစ်တွင် ယဟူဒီတို့ကို ဂျရူးဆလမ်းမြို့သို့ ပြန်ခွင့်ပေး၏။ ဂျရူးဆလမ်းမြို့၌လည်း ဘုရား တန်ဆောင်းကြီးကို ပြန်လည် ဆောက်လုပ်ခွင့်ပြုသည်။


ဘီစီ ၄၄၄ ခုနှစ်တွင် ပါးရှင်းဘုရင်က ယဟူဒီအမျိုးသား နေဟမီးယားကို ဂျူဒီး ယားပြည်(ဂျူဒါ)၌ ဘုရင်ခံအဖြစ် ခန့်ထားလေသည်။ နေဟမီး ယား လက်ထက်တွင် ယဟူဒီတို့သည် နိုင်ငံရေးရာ အရသော် လည်းကောင်း၊ အယူဝါဒရေးရာအရသော်လည်းကောင်း တိုးတက်လာကြသည်။

ဘီစီ လေးရာစုနှစ်အတွင်း မဟာအလက်ဇန္ဒား ဘုရင်ကြီးသည် ပါးရှင်းတို့ကို တိုက်ခိုက်အောင်မြင်သဖြင့် ယဟူဒီတို့သည် ဂရိဘုရင်ကြီး လက်အောက်သို့ ကျရောက်ရပြန်သည်။ ( အယ်လက်ဇန္ဒာ-သ-ဂရိတ်။) အလက်ဇန္ဒားဘုရင်ကြီး ကွယ်လွန် ပြီးနောက် အီဂျစ်ပြည်မှ တော်လမီဘုရင်များက ဂျူဒီးယား ပြည်ကို နှစ်ပေါင်း ၁ဝဝ ခန့် အုပ်စိုးကြလေသည်။ ထိုနောက် ဂျူဒီးယားပြည်သည် ဆီးရီးယားပြည် လက်အောက်သို့ ရောက်ရှိ ပြန်သည်။ အလက်ဇန္ဒားဘုရင်ကြီး လက်ထက်၌သော်လည်း ကောင်း၊ အီဂျစ်ဘုရင်များ လက်ထက်၌ သော်လည်းကောင်း ယဟူဒီတို့သည် လွတ်လပ်စွာ နေထိုင်ခွင့်၊ ကိုးကွယ်ခွင့်ကို ရရှိ ခဲ့ကြ၏။ သို့ရာတွင် ဘီစီ ၁၆၈ ခုနှစ်၌ ဆီးရီးယား ဘုရင် အင်တီယိုခပ် အက်ပီဖေနီသည် ယဟူဒီတို့၏ အယူဝါဒကို စော်ကားလာသဖြင့် ပုန်ကန်ထကြွကြလေသည်။ မက္ကဗီ ညီအစ် ကို ငါးယောက်က ယဟူဒီတို့ကို ခေါင်းဆောင်၍ တော်လှန်ကြ ရာ ဆီးရီးယန်းတပ်များကို တိုက်ခိုက်အောင်မြင်ပြီးလျှင် လွတ်လပ်ရေးကို ပြန်လည်ရရှိကြပြန်သည်။

ယဟူဒီတို့သည် ထီးနန်းဆက်ခံရေးနှင် စပ်လျဉ်း၍ အချင်း ချင်း မသင့်မတင့်ဖြစ်ကြသောကြောင့် မဟာမိတ်ဖြစ်သော ရောမနိုင်ငံကို ဖြန်ဖြေပေးရန် အကူအညီ တောင်းရလေသည်။ ထိုအခါ ရောမဗိုလ်ချုပ် ပွန်ပီသည် အခွင့်ကောင်းယူလျက် ဘီစီ ၆၃ ခုနှစ်တွင် ပါလက်စတိုင်းပြည်ကို သိမ်းပိုက်လေ၏။ ( ပွန်ပီ- ။) ရောမတို့သည် ပါလက်စတိုင်းပြည်ကို နိုင်ငံခြားသား ဘုရင်ခံများ လက်အောက်တွင်ထား၍ အုပ်ချုပ် သည်။ ထိုဘုရင်ခံများသည် ယဟူဒီတို့ကို အလွန်ညှဉ်းပန်းကြ သဖြင့် တော်လှန်ပုန်ကန်မှုများ မကြာခဏ ပေါ်ပေါက်လေ သည်။ နောက်ဆုံး၌ ရောမဗိုလ်ချုပ် တိုင်တပ်သည် အေဒီ ၇ဝ ပြည့်နှစ်တွင် ဂျရူးဆလမ်းမြို့သို့ သိမ်းပိုက်၍ ဘုရားတန်ဆောင်း ကြီးကို မီးရှို့ဖျက်ဆီးပစ်လေသည်။ ယဟူဒီပေါင်း ထောင် သောင်းမက အသတ်ခံရ၍ ကျန်လူများကိုလည်း ကျေးကျွန် အဖြစ် ဖမ်းဆီးသည်။ ထိုအချိန်မှစ၍ ယဟူဒီတို့သည် ထီးကျိုး စည်ပေါက်ဖြစ်ကြပြီးနောက် ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိကြ ရလေသည်။

ယဟူဒီတို့သည် ဥရောပတိုက်၊ အာဖရိကတိုက်နှင့် အမေရိ ကတိုက်များသို့ သွားရောက်နေထိုင်ကြ၏။ သူတို့ရောက်ရှိသော တိုင်းပြည်များ၌ အများနည်းတူ အခွင့်အရေးများ မရရှိကြချေ။ မြို့တွင်း သီးခြားရပ်ကွက်၌သာ နေခွင့်ရ၏။ မြေယာပိုင်ခွင့် မရှိ။ ကုန်သွယ်မှုနှင့် ငွေချေးလုပ်ငန်းကိုသာ လုပ်ကိုင်နိုင်၏။ စီးပွားတိုးတက်လာလျှင် တိုင်းရင်းသားများ မယုံသင်္ကာဖြစ် လာတတ်သည်။ ထိုကြောင့် ယဟူဒီတို့သည် ရောက်ရာအရပ်၌ သူတစ်ပါး၏ အငြိုအငြင်ကို ခံရရုံမျှမက တစ်ခါတစ်ရံ လူထု နှင့် ဝိုင်း၍ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းကိုပင် ခံရလေ သည်။ သို့ရာတွင် ယဟူဒီတို့သည် မိမိတို့၏ အယူဝါဒကို စွဲမြဲစွာ ယုံကြည်လျက် မိုးဇက်ချမှတ်သော တရားကို တသွေ မတိမ်း လိုက်နာလျက် ရှိကြ၏။

၁၉၃၃ ခုနှစ်တွင် ဂျာမနီမှ နာဇီခေါင်းဆောင် ဟစ်တလာ သည် ယဟူဒီလူမျိုးကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေသည်။ အစအဦးတွင် ယဟူဒီတို့ကို ဆရာဝန်အလုပ်၊ ကျောင်းဆရာ အလုပ်မှ ဖယ်ရှား၏။ ထိုနောက် ယဟူဒီပိုင် ပစ္စည်းများကို သိမ်းယူ၏။ လူမျိုးရေး အဓိကရုဏ်းများကို လှုံ့ဆော်၍ နှိပ်စက် ညှဉ်းဆဲ၏။ နောက်ဆုံး ၁၉၃၉ ခုနှစ်တွင် နာဇီခေါင်းဆောင် များသည် ဥရောပတိုက် အရှေ့ပိုင်းနှင့် အလယ်ပိုင်း၌ နေထိုင် ကြသော ယဟူဒီလူမျိုး ခြောက်သန်းခန့်ကို သတ်ပစ်ကြသည်။

ပထမကမ္ဘာစစ် (ခရစ် ၁၉၁၄-၁၉၁၈) အတွင်းက ယဟူဒီ တို့သည် ပယ်လက်စတိုင်တွင် သီးသန့်နယ်ပယ် သတ်မှတ်ပေး ရန် ဗြိတိသျှ အစိုးရထံ တောင်းဆိုကြသည်။ စစ်ပွဲအပြီး၌ ကမ္ဘာအရပ်ရပ်မှ ယဟူဒီတို့ကို ပါလက်စတိုင်းတွင် နေရာချ ထားပေး၍ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အမိန့်အရ ဗြိတိသျှ တို့က အုပ်ချုပ်လေသည်။ သို့ရာတွင် ယဟူဒီနှင့် အာရပ်တို့ နယ်လု၍ အချင်းချင်း တိုက်ခိုက်ကြလေသည်။ ဒုတိယကမ္ဘာစစ်ပြီးသည့်နောက် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှ အစိုးရသည် ပယ်လက်စတိုင်ပြည် အုပ်ချုပ်ခွင့်အာဏာကို ကုလသမဂ္ဂသို့ ပြန်အပ်၍ ယဟူဒီနှင့် အာရပ်တို့၏ ပြဿနာကို ဖြေရှင်းပေးရန် တင်ပြလေသည်။ ယင်းသို့ အားဖြင့် ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ယဟူဒီတို့အတွက် ပယ်လက်စတိုင်ပြည် တစ်ပိုင်း ကို အစ္စရေးနိုင်ငံ(Israel) အဖြစ် တည်ထောင်ပေးခဲ့ကြသည်။


၁၉ ရာစုနှင့် ၂ဝ ရာစုနှစ်များအတွင်းက ယဟူဒီအမျိုးသား ထဲမှ လူရည်ချွန်မြောက်မြားစွာ ပေါ်ထွက်ခဲ့ပေသည်။ ကားလ မတ် (ခရစ် ၁၈၁၈-၈၃)၊ အဲလဗတ်အိုင်းစတိုင်း (ခရစ် ၁၈၇၉ -၁၉၅၅)၊ ပေါအာလစ် (ခရစ် ၁၈၅၄-၁၉၁၅)၊ ဟင်နရီဗတ်ဂ ဆန် (ခရစ် ၁၈၅၉-၁၉၄၁)နှင့် ဇိဂမွန်ဖရွိုက် (ခရစ် ၁၈၅၆- ၁၉၃၉) တို့မှာ ထင်ရှားသည်။ ဗင်ဂျမင် ဒစ်ဇရေလီ (ခရစ် ၁၈ဝ၄-၈၁)၊ လော့ရက်ဒင်း (ခရစ် ၁၈၆ဝ-၁၉၃၅)၊ လော့ ဆယ်မျူယယ် (ခရစ် ၁၈၇ဝ-)နှင့် အက်ဒွင်မွန်တေဂူ (ခရစ် ၁၈၇၉-၁၉၂၄)တို့မှာ ဗြိတိန်နိုင်ငံတွင် ထင်ရှားသော ယဟူဒီ ခေါင်းဆောင်များ ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)