ယဉ်ကျေးမှု တော်လှန်ရေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယဉ်ကျေးမှုတော်လှန်ရေးမှ ဝါဒဖြန့် ပိုစတာ တစ်ခုကို တွေ့ရစဉ်။ ထိုပိုစတာတွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် မှ စစ်သားများ၏ ပုံပေါ်တွင် မော်စီတုန်း၏ ပုံကို ရေးဆွဲထားသည်။ ရေးထားသောစာမှာ မော်စီတုန်း၏ အတွေးအခေါ်များအတွက် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှာ မဟာကျောင်းတော်ကြီး ဖြစ်သည် ဟူ၍ ဖြစ်သည်။

ယဉ်ကျေးမှု တော်လှန်ရေး (Cultural Revolution) ဆိုသည်မှာ ၁၉၆၆ မှ ၁၉၇၆ အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမှုရေး နှင့် နိုင်ငံရေး ဆိုင်ရာ လှုပ်ရှားမှု တစ်ရပ်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဥက္ကဌ မော်စီတုန်းမှ စတင်ခဲ့ပြီး ထိုလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်တွင် ဆိုရှယ်လစ်စနစ် ပေါ်ပေါက်ရန်၊ အရင်းရှင်ဆိုင်ရာ၊ ရိုးရာ နှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများကို တရုတ်လူ့အဖွဲ့အစည်းတွင်းမှ ဖယ်ရှားပစ်ရန် နှင့် ရှေးရိုးစွဲ မော်ဝါဒကို ပါတီအတွင်း ထုတ်ဖော်ရန် ဖြစ်သည်။ ထိုတော်လှန်ရေးမှ မော်စီတုန်းအား အကြွင်းမဲ့အာဏာကို ပြန်လည် ရရှိစေခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် နိုင်ငံအတွင်း နိုင်ငံရေးအရ ချိနဲ့သွားခဲ့ပြီး စီးပွားရေး နှင့် လူမှုရေးအရ အကြီးအကျယ် ချိနဲ့ သွားစေခဲ့သည်။

ထိုလှုပ်ရှားမှုကို ၁၉၆၆ ခုနှစ်မေလတွင် စတင်ခဲ့သည်။ မော်စီတုန်းက ဘူဇွာများသည် အစိုးရနှင့် လူ့အဖွဲ့အစည်းအတွင်း ထိုးဖောက်ဝင်ရောက်ပြီး အရင်းရှင်စနစ်ကို ပြန်လည်အသက်သွင်းရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်။ ထိုသို့သော ပြုပြင်ပြောင်းလဲရေး သမားများကို ပြင်းထန်သော လူတန်းစား တိုက်ပွဲဖြင့် ဖယ်ရှားပစ်ရမည်ဟု အခိုင်အမာ ပြောခဲ့သည်။ တရုတ်လူငယ်များက မော်စီတုန်း၏ စည်းရုံးမှုကို လိုက်နာသည့် အနေနှင့် နိုင်ငံတဝှမ်းလုံးတွင် အနီရောင်အစောင့် (Red Guard) အဖွဲ့များ ဖွဲ့စည်းခဲ့သည်။ ထိုလှုပ်ရှားမှုသည် စစ်တပ်၊ မြို့ပြနေ အလုပ်သမားများနှင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ အတွင်း ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် လူတန်းစား အလွှာအသီးသီး အတွင်း အချင်းချင်း ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် အရင်းရှင်လမ်းကို လျှောက်နေသည်ဟု စွပ်စွဲခံရသော ရာထူးကြီး ခေါင်းဆောင်များ အစုလိုက် အပြုံလိုက် ဖယ်ရှား ခံခဲ့ရသည်။ ဖယ်ရှားခံရသူများထဲမှ ထင်ရှားသူများမှာ လျူရှောင်ကွီ နှင့် တိန့်ရှောင်ဖိန် ဆို့ဖြစ်သည်။ ထိုအချိန်အတွင်းမှာပင် မော်စီတုန်းကို ကိုးကွယ်သူများမှာ အဆမတန် များပြားလာခဲ့သည်။

ရိုင်းစိုင်းကြမ်းတမ်းသော အချင်းချင်း ဖြစ်ပွားသည့် ပဋိပက္ခများသည် နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့ပြီး လူ သန်းပေါင်းများစွာမှာ ဖိနှိပ်ခံခဲ့ရပြီး ထိုသူတို့ ခံစားခဲ့ရသော မတော်မတရားမှု အမျိုးမျိုးတွင် လူအများရှေ့တွင် အရှက်ခွဲခံရခြင်း၊ အကြောင်းမဲ့ အကျဉ်းချခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ထပ်ပြန်တလဲလဲ အနှောင့်အယှက် ခံရခြင်း၊ ပိုင်ဆိုင်မှုများ အသိမ်းအဆည်းခံရခြင်းတို့ ခံရသည်။ လူဦးရေ၏ များပြားလှစွာသော အစိတ်အပိုင်းတို့မှာ အတင်းအကြပ် နေရာရွှေ့ပြောင်းခြင်း ခံရပြီး အထင်ရှားဆုံး ကိစ္စမှာ ကျေးလက်သို့ ဆင်းကြ ဟူသော လှုပ်ရှားမှုတွင် မြို့ပြနေလူငယ်များကို ကျေးလက်ဒေသများသို့ ရွှေ့ပြောင်းခံရခြင်း ဖြစ်သည်။ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများနှင့် ပစ္စည်းများမှာ ဖျက်ဆီးခြင်း ခံရပြီး ယဉ်ကျေးမှုနှင့် ဘာသာရေး ဆိုင်ရာ ဌာနတို့မှာ မွှေနှောက်ဖျက်ဆီးခြင်း ခံရသည်။

မော်စီတုန်းမှ ၁၉၆၉တွင် ယဉ်ကျေးမှုတော်လှန်ရေးကို အဆုံးသတ်ရန် တရားဝင်ကြေငြာခဲ့သည်။ သို့သော် ထိုလှုပ်ရှားမှုသည် ၁၉၇၁ ခုနှစ် စစ်ခေါင်းဆောင် လင်းဗြောင် ကွယ်လွန်သော အချိန်အထိ ဆက်လက်ရှိနေခဲ့သည်။ ၁၉၇၁ မှစ၍ ၄ ဦးဂိုဏ်းဟု အမည်ရသော ခေါင်းဆောင်တို့ကို ဖမ်းဆီးခဲ့သည့် ၁၉၇၆ ခုနှစ် အထိ နိုင်ငံရေး မတည်ငြိမ်မှုများ ရှိနေခဲ့ခြင်းကိုလည်း ယဉ်ကျေးမှုတော်လှန်ရေး ကာလ၏ တစိတ်တပိုင်း အဖြစ် သတ်မှတ်သည်။ ၁၉၇၆ ခုနှစ် မော်စီတုန်း သေဆုံးပြီးနောက် တိန့်ရှောင်ဖိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲရေး သမားများ ဩဇာအာဏာ ကြီးထွားလာခဲ့သည်။ ယဉ်ကျေးမှု တော်လှန်ရေးနှင့် ဆက်စပ်နေသော မော်ဝါဒ ပြုပြင်ပြောင်းလဲရေး သမားများကို ၁၉၇၈ ခုနှစ်တွင် အပြီးတိုင် စွန့်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ ယဉ်ကျေးမှု တော်လှန်ရေးကို မကောင်းသော အရာတစ်ခု အဖြစ် စတင်ရှုမြင်ခဲ့ကြသည်မှာ ယခုတိုင်ပင် ဖြစ်သည်။