မွန်းဘုခဂါ့ခုရှော ပညာသင်ဆု

ဝီကီပီးဒီးယား မှ
(မွန်ဘုကဂကုရှို့ မှ ပြန်ညွှန်းထားသည်)

မွန်းဘုခဂါ့ခုရှော ပညာသင်ဆု (အတိုကောက်အားဖြင့် MEXT ပညာသင်ဆု; ယခင်အခေါ် မွန်းဘုရှော ပညာသင်ဆု) (ဂျပန်: 文部科学省奨学金, pronounced Monbukagakushō Shōgakukin; အင်္ဂလိပ်: Japanese Government Scholarship) သည် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (MEXT) က နှစ်စဉ်ချီးမြှင့်သည့် ပညာသင်ဆုတစ်ခု ဖြစ်သည်။

ပညာသင်ဆု အမျိုးအစားများ[ပြင်ဆင်ရန်]

ဂျပန်အစိုးရက ပေးအပ်သည့် MEXT ပညာသင်ဆုတွင် သုတေသနကျောင်းသားများအတွက် တစ်မျိုး၊ ဆရာများအတွက် တစ်မျိုး (teacher training)၊ ဘွဲ့ကြို တက္ကသိုလ်ကျောင်းသားများအတွက် တစ်မျိုး၊ ဂျပန်ဘာသာ အထူးပြုကျောင်းသားများအတွက် တစ်မျိုး၊ နည်းပညာကောလိပ် ကျောင်းသားများအတွက် တစ်မျိုး၊ သီးသန့်လေ့ကျင့်ရေး ကျောင်းသားများအတွက် တစ်မျိုး၊ YLP ကျောင်းသားများအတွက် တစ်မျိုး၊ စုစုပေါင်း အမျိုးအစား ခုနစ်မျိုးရှိသည်။

သုတေသနကျောင်းသား[ပြင်ဆင်ရန်]

အသက် ၃၅နှစ်အောက် ရှိရမည်ဖြစ်ပြီး အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားသူ၊ သို့မဟုတ် ၁၆နှစ်တာ အတန်းပညာရေး ပြီးဆုံးသူ (သို့မဟုတ် ပြီးတော့မည့်သူ) ဖြစ်ရမည်။ သတ်မှတ်ထားသည့် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သူများအနေဖြင့် မဟာတန်းနှင့် ပါရဂူတန်းများ တက်ရောက်ခွင့်ရှိသည်။

သင်ကြားရေးလေ့ကျင့်မှု ကျောင်းသား[ပြင်ဆင်ရန်]

အသက် ၃၅နှစ်အောက် ရှိရမည်ဖြစ်ပြီး ကောလိပ်တစ်ခုခု သို့မဟုတ် ဆရာအတတ်သင်ကောလိပ်များမှ အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားသူ ဖြစ်ရမည်။ အမိနိုင်ငံရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း သို့မဟုတ် ဆရာအတတ်သင်ကောလိပ်များ၌ အနည်းဆုံး ငါးနှစ်နှင့်အထက် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ရမည်။ (တက္ကသိုလ်၊ ကောလိပ်များ၌ တာဝန်ထမ်းဆောင်နေသော တက္ကသိုလ် ဆရာ၊ ဆရာမများ အကျုံးမဝင်ပါ။)

ဘွဲ့ကြို တက္ကသိုလ်ကျောင်းသား[ပြင်ဆင်ရန်]

အသက် ၁၇နှစ်ပြည့်ပြီး ၂၅နှစ်ထက်မကျော်သူ ဖြစ်ရမည်။ ၁၂နှစ်တာ အတန်းပညာရေး ပြီးဆုံးသူ သို့မဟုတ် အထက်တန်းကျောင်းပညာရေးနှင့် ညီမျှသော အတန်းကို တက်ရောက်ပြီးသူ (သို့မဟုတ် ပြီးတော့မည့်သူ) ဖြစ်ရမည်။

နှစ်စဉ်နှစ်တိုင်း သံရုံးထောက်ခံချက် (Embassy recommendation) ဖြင့် ကျောင်းသားအတော်များများ ​လျှောက်ထားကြသည်။ ရွေးချယ်ခံရသူသည် ဂျပန်နိုင်ငံရှိ နိုင်ငံပိုင်တက္ကသိုလ် ၈၇ကျောင်းအနက် တစ်ကျောင်းကျောင်းတွင် ဘွဲ့ကြိုတန်းများ မတက်ရောက်မီ၊ Natural Science ဘာသာရပ်များ လျှောက်ထားသူဖြစ်လျှင် အိုဆာကာတက္ကသိုလ် ဂျပန်ဘာသာစကားနှင့် ယဉ်ကျေးမှုဌာနတွင်လည်းကောင်း၊ Social Science and Humanity ဘာသာရပ်များ လျှောက်ထားသူဖြစ်လျှင် တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်တွင်လည်းကောင်း တစ်နှစ်တာ ဝင်ခွင့်ပြင်ဆင်မှုအတန်းကို တက်ရောက်ကြရမည်။

ဂျပန်ဘာသာ အထူးပြုကျောင်းသား[ပြင်ဆင်ရန်]

အသက် ၁၈နှစ်မှ ၃၀အတွင်းရှိသူ ဖြစ်ရမည်။ ဂျပန်သို့ ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံပြင်ပရှိ တက္ကသိုလ်တစ်ခုခု၌ ဂျပန်ဘာသာစကား သို့မဟုတ် ဂျပန့်ယဉ်ကျေးမှုဘာသာရပ်ကို အဓိကဘာသာရပ်အဖြစ် ဘွဲ့ကြိုတန်းအတွက် အပ်နှံထားသူဖြစ်ရမည် ဖြစ်သကဲ့သို့ မိမိတိုင်းပြည်သို့ ပြန်ချိန်တွင်လည်း မိခင်ဌာနတွင် ပြန်လည်တက်ရောက်ရန် စာရင်းသွင်းထားသူ ဖြစ်ရမည်။

ဂျပန်ဘာသာစကား သို့မဟုတ် ဂျပန့်ယဉ်ကျေးမှုဘာသာရပ် မေဂျာမဟုတ်သူများအနေဖြင့် ၎င်းတို့ယူထားသည့် မေဂျာဘာသာရပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဂျပန်နိုင်ငံ၏ အင်ဂျင်နီယာပညာ၊ စီးပွားရေးပညာ၊ စိုက်ပျိုးရေးပညာ၊ ဗိသုကာပညာ၊ အနုပညာ စသည်တို့ကို ​ တက်ရောက်သင်ကြားလိုပါက JASSO (Japan Student Services Organization) သို့ ကာလတို Exchange Promotion program များအတွက် ဆက်သွယ်စုံစမ်းနိုင်သည်။

နည်းပညာကောလိပ် ကျောင်းသား[ပြင်ဆင်ရန်]

အသက် ၁၇နှစ်ပြည့်ပြီး ၂၂နှစ်မကျော်သူနှင့် ၁၁တန်းပညာရေးပြီးဆုံးထားသူ (သို့မဟုတ် ပြီးတော့မည့်သူ) ဖြစ်ရမည်။

သီးသန့်လေ့ကျင့်ရေး ကျောင်းသား[ပြင်ဆင်ရန်]

အသက် ၁၇နှစ်ပြည့်ပြီး ၂၂နှစ်မကျော်သူနှင့် ၁၂တန်းပညာရေးပြီးဆုံးထားသူ သို့မဟုတ် ဂျပန်နိုင်ငံ အထက်တန်းကျောင်းပညာရေးနှင့် ညီမျှသော အတန်းကို တက်ရောက်ပြီးသူ (သို့မဟုတ် ပြီးတော့မည့်သူ) ဖြစ်ရမည်။

Young Leaders' Program (YLP) ကျောင်းသား[ပြင်ဆင်ရန်]

အာရှနှင့် အခြားသောနိုင်ငံများမှ လူငယ်ခေါင်းဆောင်များ လျှောက်ထားနိုင်သည်။ တက္ကသိုလ်၊ ကောလိပ် တစ်ခုခုမှ ဘွဲ့ရပြီး လူထုအခြေပြုလှုပ်ရှားမှု အနည်းဆုံး လုပ်သက် သုံးနှစ်မှ ငါးနှစ်အတွင်းရှိသူ စသဖြင့် ဖြစ်ရမည်။

ထောက်ခံချက်[ပြင်ဆင်ရန်]

သံရုံးထောက်ခံချက်[ပြင်ဆင်ရန်]

သက်ဆိုင်ရာ ဂျပန်သံရုံး (သို့မဟုတ် ဂျပန်ကောင်စစ်ဝန်ချုပ်ရုံး) က ကြီးမှူးစစ်ဆေးသည်။

လာမည့် ဘဏ္ဍာနှစ်၏ ဧပြီနှင့် အောက်တိုဘာ ပညာသင်ကာလတွင် လာရောက်ကြမည့် သုတေသနကျောင်းသားများ၊ ဘွဲ့ကြို တက္ကသိုလ်ကျောင်းသားများ၊ နည်းပညာကောလိပ် ကျောင်းသားများ၊ သီးသန့်လေ့ကျင့်ရေး ကျောင်းသားများအတွက် နှစ်စဉ် မတ်လမှ မေလအတွင်း ခေါ်ယူလေ့ရှိသည်။ ဇွန်လမှ ဩဂုတ်လအတွင်း စာရွက်စာတမ်းတင်ခြင်း၊ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများ စစ်ဆေးခြင်းတို့ ဆောင်ရွက်လေ့ရှိသည်။ သံရုံးသည် စက်တင်ဘာအစတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရွေးချယ်ခံရသူများကို ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ထောက်ခံပေးသည်။

ဂျပန်သို့ အောက်တိုဘာတွင် လာရောက်ကြမည့် သင်ကြားရေးလေ့ကျင့်မှု ကျောင်းသားများနှင့် ဂျပန်ဘာသာ အထူးပြုကျောင်းသားများအတွက် ဒီဇင်ဘာလနှင့် နောက်တစ်နှစ် ဖေဖော်ဝါရီလအတွင်း ခေါ်ယူပြီး၊ ဖေဖော်ဝါရီလလယ်နှင့် မတ်လတို့တွင် စစ်ဆေးလေ့ရှိသည်။ ​ဧပြီလကုန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရွေးချယ်ခံရသူများကို ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ထောက်ခံပေးသည်။

တက္ကသိုလ်ထောက်ခံချက်[ပြင်ဆင်ရန်]

သုတေသန ကျောင်းသားများနှင့် တက္ကသိုလ်အချင်းချင်း ကျောင်းသားဖလှယ်ရေး သဘောတူညီချက်ဖြင့် လာရောက်ကြမည့် ဂျပန်ဘာသာ အထူးပြုကျောင်းသားများသည် နိုင်ငံပိုင်၊ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် တက္ကသိုလ်များကို တိုက်ရိုက် လျှောက်ထားနိုင်သည်။ တက္ကသိုလ်များက ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ဧပြီလလယ်တွင် ထောက်ခံပေးသည်။ ဂျပန်အစိုးရ ပညာသင်ဆုဖြင့် တက္ကသိုလ်များသို့ လာရောက်ကြမည့် သုတေသန ကျောင်းသားများနှင့် ဂျပန်ဘာသာ အထူးပြုကျောင်းသားများသည် တက္ကသိုလ် အစီအစဉ်ဖြင့် အောက်တိုဘာလတွင် ဂျပန်သို့ ရောက်ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]