မြောက်ဘက် (ကိုးသင်း) မြင်းဝန်

ဝီကီပီးဒီးယား မှ

မြောက်ဘက် ( ကိုးသင်း ) မြင်းဝန်[ပြင်ဆင်ရန်]

မြောက်ဘက် ကိုးသင်းမြင်းဝန်ရာထူးကို မြောက်ဘက်မြင်းဝန်ဟူ၍ ယေဘုယျအားဖြင့် ခေါ်ဆိုကြ၏။ မြန်မာဘုရင်လက်ထက် မြင်းတပ်စုများအနက် မြောက်ဘက်မြင်းတပ်ကို အုပ်ချုပ်ကွပ်ကဲရသူဖြစ်သည်။

မြောက်ဘက်မြင်းကိုးသင်း[ပြင်ဆင်ရန်]

မြောက်ဘက်ကိုးသင်းမြင်းတပ်ကို စစ်ကိုင်းမြို့တည် အသင်္ခယျာစောယွန်းမင်း ( ၁၃၁၅ - ၁၃၂၂ ) လက်ထက် ၁၃၁၈ ခုနှစ် စတင်ဖွဲ့စည်းခဲ့ကြောင်း ဆိုသည်။ မြောက်ဘက်ကိုးသင်းမြင်းတပ်တွင်-

  • တမာခါးမြင်း - ၁၅၀
  • ပြင်စည်မြင်း - ၁၅၀
  • ယူတော်မြင်း - ၁၅၀
  • လက်ရွေးကြီးမြင်း - ၁၅၀
  • လက်ရွေးငယ်မြင်း - ၇၀
  • ကြောင်သင်းမြင်း - ၅၀
  • မြင်းသစ်ကြီးမြင်း - ၃၀
  • ခက်လုံမြင်း - ၃၀
  • စောပွတ်အိုးမြင်း -၃၀

စုစုပေါင်း ၈၁၀ ပါဝင်ဖွဲ့စည်းထားသည်။ ထူးခြားသည်မှာ မြောက်ဘက်ကိုးသင်းမြင်းဝန်အရာကို ကုန်းဘောင်ခေတ်ဦးကာလအထိသာ တွေ့ရှိရခြင်းဖြစ်သည်။ကုန်းဘောင်ခေတ်နှောင်းကာလ မြင်းတပ်စု ၁၁ စုတွင် မြောက်ဘက် ကိုးသင်းမြင်းတပ် မပါတော့ပေ။

ညောင်ရမ်းခေတ်မြောက်ဘက်မြင်းတပ်[ပြင်ဆင်ရန်]

မြောက်ဘက်မြင်းဝန်အုပ်ချုပ်ရာ မြောက်ဘက်မြင်းတပ်သည် ညောင်ရမ်းခေတ်တွင် အရေးပါလှပါသည်။ တနင်္ဂနွေမင်းလက်ထက် ၈ နိုဝင်ဘာ ၁၇၂၄ ခုနှစ်တွင် ကျူးကျော်လာသည့် ကသည်းတို့ကို တိုက်ခိုက်ရန် တပ်ပေါင်း ၂၀ ချီတက်ရာတွင် မြောက်ဘက်မြင်းဝန်အုပ်ချုပ်ရာ မြောက်ဘက်မြင်းတပ်တစ်တပ် ပါဝင်ခဲ့သည်။

ကုန်းဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

ကုန်းဘောင် ခေတ်ဦးကာလ အလောင်းမင်းတရား လက်ထက်မြောက်ဘက် မြင်းဝန်အမည်ကို မသိရပါ။ သို့သော် အလောင်းမင်းတရား၏ ကိုယ်လုပ်တော်တစ်ဦး ဖြစ်သူ ရှင်ရွှေကဲကြီးမှာ မြောက်ဘက်မြင်းဝန်၏ သမီးဖြစ်ကြောင်း သိရှိရ၏။ အလားတူ ဒီပဲယင်းမင်း ( နောင်တော်ကြီး )၏ ကိုယ်လုပ်တော် သီတာဒေဝီဘွဲ့ခံ ရှင်မှန်မှာလည်း မြောက်ဘက်မြင်းဝန် သမီးတစ်ဦး ဖြစ်သည်။

ရွှေတောင်နော်ရထာ[ပြင်ဆင်ရန်]

မြေဒူးမင်း ( ဆင်ဖြူရှင် ) နန်းတက်စတွင် မြောက်ဘက်မြင်းဝန်အဖြစ် ရွှေတောင်နော်ရထာအား ခန့်အပ်ခဲ့သည်။ သူသည် ၁၇၆၇ ခုနှစ်တွင် တရုတ်တပ်များ မြန်မာပြည်မြောက်ပိုင်းဒေသသို့ ကျူးကျော်တိုက်ခိုက်ခဲ့စဉ်က သွားရောက်တိုက်ခိုက်ခဲ့ရသေး၏။ တရုတ်တပ်များ တတိယအကြိမ် ကျူးကျော်လာကြစဉ်ကလည်း ရွှေတောင်နော်ရထာ စစ်ကဲအဖြစ်လိုက်ပါခဲ့ရသည်။ မြောက်ဘက်မြင်းဝန် ရွှေတောင်နော်ရထာကို မကြာမီဝန်ထောက်ရာထူး တိုးမြှင့်ပေးအပ်ခဲ့သည်။ ဝန်ထောက်ဖြစ်လာပြီးနောက်ပိုင်း၌လည်း ဗန်မော်မြို့သို့ ချီတက်ရာ၌ ဝန်ကြီးမဟာသီဟသူရ ဦးစီးသောတပ်မတွင် စစ်ကဲအဖြစ်လိုက်ပါအမှုထမ်းခဲ့ရသေး၏။

နေမျိုးမဟာသူရ[ပြင်ဆင်ရန်]

မြောက်ဘက်မြင်းဝန် ရွှေတောင်နော်ရထာ၏ ရာထူးကိုဆက်ခံခဲ့သူမှာ နေမျိုးမဟာသူရဖြစ်သည်။ ဝန်ထောက်မြောက်ဘက် ကိုးသင်းမြင်းဝန် နေမျိုးမဟာသူရသည် ၁၃ ဒီဇင်ဘာ ၁၇၆၉ တွင် တရုတ်မြန်မာစစ်ပြေငြိမ်းရေး ကိစ္စဆွေးနွေးစဉ် တက်ရောက်ခဲ့ရ၏။

ကိုးသင်းမြင်းဝန်ဦးတုတ်ကြီး[ပြင်ဆင်ရန်]

မြေဒူးမင်း ( ဆင်ဖြူရှင် ) လက်ထက် နှာင်ပိုင်းကာလတွင် မြောက်ဘက်ကိုးသင်းမြင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ နေမျိုးဇေယျပတေ့ဘွဲ့ခံ ဦးတုတ်ကြီးဖြစ်သည်။ ဦးတုတ်ကြီးသည် ၁၇⁠၇၄ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီစဉ် ဇင်းမယ်ကြောင်းချီ ဗိုလ်ချုပ်အရာနှင့် ချီတက်ခဲ့ရ၏။ မြောက်ဘက်ကိုးသင်းမြင်းဝန် ဦးတုတ်ကြီးမှာ စဉ့်ကူးမင်းလက်ထက်တွင် ဝန်ကြီးရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရသည်။

စဉ့်ကူးမင်းလင်ထက်[ပြင်ဆင်ရန်]

စဉ့်ကူးမင်း ( ၁၇⁠၇၆ - ၁၇၈၂ ) နန်းတက်စကာလတွင် မဟာဇေယျသူရအား( မြောက်ဘက် ) ကိုးသင်းမြင်းဝန်အရာ ခန့်အပ်ခဲ့သည်။ မဟာဇေယျသူရသည် ယခင်က အင်းဝမြို့ မိုးကောင်းတံခါးအတွင်း ဝေယံတုလွက်ကျောင်း၌ ကျောင်းတိုင်ဆရာတော်ဖြစ်ခဲ့၏။ နောက်လူထွက်ပြီး စဉ့်ကူးမင်းထံ အမှုထမ်းရာ ယင်းတောင်မြို့စား ကိုးသင်းမြင်းဝန်အရာရရှိခဲ့သည်။ ကိုးသင်းမြင်းဝန် မဟာဇေယျသူရ၏ ဇနီးဝန်ကတော်မှာ မယ်ချမ်းဖြစ်ပြီး သားမောင် ပိုးနီကို ဖွားမြင်သည်။

ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

ဗဒုံမင်း ( ဘိုးတော်ဘုရား ) ( ၁၇၈၂ - ၁၈၁၉ ) နန်းတက်စ ၁၇၈၂ ခုနှစ်တွင် တုရင်မဏိသူအား မြောက်ဘက်မင်းဝန်အရာ ခန့်အပ်ခံသည်။ သူသည် ၁၇၈၃ ခုနှစ်တွင် ဘိသိက်ပွဲ အပြီးတွင် နေမျိုးကျော်ထင်ဘွဲ့ ပြောင်းလဲပေးအပ်ခံခဲ့ရသည်။ မြောက်ဘက်မြင်းဝန် နေမျိုးကျော်ထင်အား ဆက်ခံခဲ့သူမှာ မဟာနော်ရထာဘွဲ့ခံ ဦးမြတ်သာဖြစ်သည်။ မြောက်ဘက်မြင်းဝန်ဦးမြတ်သာတွင် မောင်ရွှေမှိုဆိုသူ သားတစ်ဦးရှိကြောင်းမှလွဲ၍ တခြားအကြောင်းရာများ မသိရပေ။

မြောက်ဘက်ကိုးသင်းမြင်းဝန် ဥပါကောင်း[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်လယ်ပိုင်း ဗဒုံမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် မြောက်ဘက်မြင်းဝန်တစ်ဦးမှာ ဥပါကောင်း ဖြစ်သည်။ ဥပါကောင်းသည် ၁၇၉၂ ခုနှစ်တွင် ထားဝယ်သို့ မြောက်ဘက်မြင်းတပ်အား အုပ်ချုပ်လျက်ချီတက်ခဲ့ရပ်သည်။ ထားဝယ်မြို့ဝန်ဦးမြတ်ဖြူသည် ယိုးဒယားသားတို့နှင့် ပူးပေါင်းကာ မြန်မာဘုရင်အား ခြားနားခဲ့သောကြောင့်ဖြစ်၏။ ထို့ပြင် မှတ်တမ်းတစ်ခုတွင် ၁၇၉၇ ခုနှစ်တိုင် ဥပါကောင်း မြောက်ဘက်မြင်းဝန်အဖြစ် အမှုထမ်းလျက်ရှိကြောင်း တွေ့ရှိရသည်။

မြောက်ဘက်မြင်းဝန် ဦးတော[ပြင်ဆင်ရန်]

ဦးတောသည် ဗဒုံမင်း၏ ရဲဘော်သင်း ၁၂ ဦးဝင်ဖြစ်ပြီး ဗဒုံမင်းလက်ထက်နှောင်းပိုင်းကာလ၌ မင်းလှကျော်ထင်ဘွဲ့ဖြင့် မြောက်ဘက်မြင်းဝန်အရာရရှိခဲပါသည်။ သူသည် မကြာမီရွှပြေည်ဝန် လက်ဝဲဝင်းမှူးရာထူးသို့ ပြောင်းလဲခန့်အပ်ခံခဲ့ရသည်။ ယောမင်းကြီးဦးဘိုးလှိုင်၏ အဘိုးတော်စပ်သူဖြစ်သည်။

စစ်ကိုင်းမင်းလက်ထက်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း ( ဘကြီးတော် ) ( ၁၈၁၉ - ၁၈၃၇ ) နန်းတက်စတွင် ရွှေတောင်သခင်သူအား မြောက်ဘက် (ကိုးသင်း ) မြင်းဝန်အရာခန့်အပ်လိုက်ပါသည်။ ၃ နိုဝင်ဘာ ၁၈၁၉ ထီးဆောင်းမင်္ဂလာပြုစဉ် သူ့ကိုမင်းလှမင်းထင်ဘွဲ့ ပြောင်းလဲပေးအပ်သည်။ မြောက်ဘက်မြင်းဝန် မင်းလှမင်းထင်သည် ၅ ဒီဇင်ဘာ ၁၈၁၉ ခုနှစ်တွင် မဏိပူရသို့ချီတက်စဉ် စစ်ကဲအဖြစ်လိုက်ပါ စစ်မှုထမ်းဆောင်ခဲ့ရ၏။ များမကြာမီ မင်းလှမင်းထင်အား မင်းလှမဟာမင်းထင်ဘွဲ့ ပြောင်းလဲပေးအပ်ခဲ့ပြန်ပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉