မြေသြဇာများ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယနေ့ခေတ် မြေဩဇာ ကျဲဖြန့်စက်
မြေဩဇာ ကျဲဖြန့်စက်တစ်စီးကို လယ်ယာပြပွဲတွင် တွေ့ရစဉ်

အပင်များ ကြီးပွားဖြစ်ထွန်းရန် မြေဆီလွှာတွင် ဓာတ်ပစ္စည်းများ အနည်းဆုံး တဆယ့်သုံးမျိုးလိုပေသည်။ လေနှင့် ရေကောင်းစွာ ရရှိသော သာမန်မြေမျိုးတွင် ဓာတ်ပစ္စည်း ဆယ်မျိုးကို အပင်များအတွက် လုံလောက်အောင် ရရှိနိုင်သည်။ သို့ရာတွင်ကျန်ဓာတ်ပစ္စည်း သုံးမျိုးဖြစ်သည့် နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နှင့် ဖော့စဖောရပ် ဓာတ်များမှာမူ အချို့မြေမျိုးတွင် ချို့တဲ့နေသည့်ပြင် အသီးအနှံပင်များက စုတ်ယူသုံးစွဲလိုက်သဖြင့် မြေဆီ၌ လျင်မြန်စွာ ကုန်ခန်းသွားတတ်လေသည်။ ပုံစံအားဖြင့် ဂျုံစပါးအချိန်တစ်တန်ထွက်သည့် လယ်မြေမှ နိုက်ထရိုဂျင်ဓာတ် ၄၇ ပေါင်ခန့်၊ ဖော့စဖောရပ်ဓာတ် ၁၈ ပေါင်နှင့် ပိုတက်ဆီယမ်ဓာတ် ၁၂ ပေါင်ခန့် မျှ ယုတ်လျော့သွားကြောင်း သိရသည်။မြေဆီလွှာတွင် အပင်များ၏ လိုရင်း ဓာတ်ပစ္စည်းတစ်ခုခု ချို့တဲ့နေလျှင်ဖြစ်စေ၊ အသီးအနှံပင်များကိုလယ်မြေ၌ ဆက်ကာဆက်ကာ စိုက်ပျိုးခြင်းဖြင့် ထိုဓာတ်ပစ္စည်း ဩဇာများ တစ်နှစ်ထက်တစ်နှစ် ယုတ်လျော့ကုန်ခန်း သွားသည့်အခါဖြစ်စေ အသီးထွက်မှာ တဖြည်းဖြည်း ညံ့ဖျင်းလာဖွယ်ရာရှိလေသည်။ ထိုကြောင့် လယ်မြေများမှ အသီးအနှံအထွက် ပိုမို ကောင်းမွန်လာစေရန်၊ အပင်နှင့် တိရစ္ဆာန်များမှ ဖြစ်သော မြေဩဇာကိုဖြစ်စေ မြေဆီလွှာတွင် ထပ်လောင်း ဖြည့်စွက်ပေးရလေသည်။ ဗက်တီးရီးယား များကထိုမြေဩဇာများကို အပင်၏ အစာဖြစ်အောင် ပြောင်းပေးလိုက်မှသာ အပင်များသည် ထိုအစာကို စားသုံးမှီဝဲနိုင်ကြသည်။ အပင်များကြီးပွားဖြစ်ထွန်းရန် အလိုဆုံး ဓာတ်ပစ္စည်းမှာ နိုက်ထရိုဂျင်ပင်ဖြစ်သည် ။ မြေဆီလွှာ၌လည်း ဤနိုက်ထရိုဂျင်ဓာတ် မကြာခဏလိုလျက်ရှိတတ်သည်။ သို့ဖြစ်ခြင်းကြောင့် အပင်များ အထူးလိုသည့် နိုက်ထရိုဂျင်ဓာတ်ကို အပင်များ စားသုံးနိုင်လာရန် ဗက်တီးရီးယားများက နိုက်ထရိတ်ဓာတ်နှင့် အခြားနိုက်ထရိုဂျင် ဒြဗ်ပေါင်းများ အဖြစ်သို့ ပြောင်းပေးလိုက်ကြသည်။ တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံမြောက်ပိုင်း၌ နိုက်ထရိုဂျင်ဓာတ်လိုနေသော လယ်မြေများအတွက် မြေဩဇာအဖြစ် အသုံးချနိုင်သော ဆိုဒီယမ်နိုက်ထရိတ်ဓာတ်ပါသည့်မြေမျိုးရှိလေသည်။ နိုက်ထရိုဂျင်ဓာတ်ပါရှိသော အခြားမြေဩဇာများမှာ အမ်မိုနီယမ် ဆာလဖိတ်နှင့် လူတို့ ဖော်စပ်ယူသော ကယ်လဆီယမ် နိုက်ထရိတ်နှင့် ကယ်လဆီယမ် ဆိုင်ယနီမိုက်တို့ဖြစ်ကြသည်။ မြင်းသေ၊ နွားသေ၊ ခွေးသေ အစရှိသည့် တိရစ္ဆာန်ကောင်တို့၏ အသားမှုန့်၊ ငါးမှုန့်နှင့် ဝါစေ့ဖတ်စသည်တို့သည်လည်း ဩဇာရှိသော၊ ခွေးသေ အစရှိသည့် တိရစ္ဆာန်ကောင်တို့၏ အသားမှုန့်၊ ငါးမှုန့်နှင့် ဝါစေ့ဖတ်စသည်တို့သည်လည် ဩဇာရှိဝတ္ထုမှရသော မြေဩဇာများဖြစ်ကြသည်။

၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်သည် ကမ္ဘာအရပ်ရပ်တွင်ရှိသော တိုင်းပြည်များတွင် မြေဩဇာအမျိုးမျိုး တီထွင်ကြဖို့မျက်စိဖွင့်ပေးသည်ဟု ဆိုရပေမည် ။ ယင်းကဲ့သို့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွင် လယ်မြေများ သိမ်ဖျင်းမသွားစေရန် မြေဩဇာကျွေးလျက် ပြုပြင်ပေးရကြောင်းကို ကောင်းစွာ သဘောပေါက်လာကြသည့်အလျောက် နိုက်ထရိုဂျင်ဓာတ်ကို ပုံသေကားချ သတ်မှတ်ကာ ဓာတ်မြေဩဇာအမျိုးမျိုးကို ဖော်စပ်၍ အရောင်းအဝယ်ပြုလုပ် ကြသည်။ အပင်၏ အစာဖြစ်သော ပိုတက်ဆီယမ်နိုက်ထရိတ် ဓာတ်မြေဩဇာမျိုးကို မြေဩဇာ ပြုပြင်ရေးတွင် တစ်နေ့တစ်ခြား အသုံးများလာကြသည်။ သို့ရာတွင် နိုက်ထရိုဂျင်ဓာတ်ချို့တဲ့နေသော မြေဆီလွှာတွင် ဓာတ်မြေဩဇာ လိုနေသည့်ဓာတ်ကို ဖြည့်စွမ်းနိုင်သည်ထက် အပင်နှင့် တိရစ္ဆာန်တို့မှ ဖြစသော မြေဩဇာမျာကို ကျွေးခြင်းဖြင့်လည်းကောင်း၊ လူဆန်ပဲပင်မျိုးများကို စိုက်ပျိုးခြင်းဖြင့်လည်းကောင်း နိုက်ထရိုဂျင်ဓာတ် ပိုမို၍ ဖြည့်စွက်ပေးနိုင်သည်။ အခြားအသီးအနှံပင်နှင့်မတူ လူဆန်ပဲပင်များသည် မြေဆီလွှာတွင်းရှိ နိုက်ထရိုဂျင်ဓာတ်ကို မကုန်ခန်းစေသည်သာမက ထပ်လောင်း၍ပင် ဖြည့်တင်းပေးနိုင်လေသည်။ ကျွဲ နွားတိရစ္ဆာန်စား တောပဲပင်နှင့် အခြားပဲပင်မျိုးများသည်လည်း ထိုလူဆန်ပဲပင်ကဲ့သို့နိုက်ထရိုဂျင်ဓာတ် ဖြည့်စွမ်းပေးနိုင်ကြသည်။ ဥရောပတိုက်ရှိ ဂျာမနီ နိုင်ငံ အယ်လဆက်နယ်၊ အိန္ဒိယ၊ အီဂျစ်နှင့် ပါးရှားနိုင်ငံများတွင်သာမန် မြေတို့၌ လိုနေသော ပိုတက်ဓာတ်ပါသည့် မြေဆီမှုန့်များကို မြေတွင်းများ တူးဖော်ခြင်ဖြင့် ရရှိနိုင်ကြသည်။ ဖော့စဖိတ်ဓာတ်လိုနေသည့်မြေမျိုးတွင် ထိုဓာတ်မျိုး ပေါင်းစပ်ပါဝင်လျက်ရှိသော ကျောက်မှုန့်များ၊ တိရစ္ဆာန်တို့၏ အရိုးမှုန့်များနှင့် သံရည်ကျိုရာတွင်ဖြစ်ပေါ်လာသော ချော်တုံးချော်ခဲတို့၏ အမှုန့်များကို မြေဩဇာ အဖြစ်ဖြင့် ကျွေးပေးရသည်။မြေကို ပြုပြင်ရာ၌ အသုံးချကြသော အခြားမြေဩဇာ တစ်မျိုးမှာ တောင်အမေရိကတိုက် ပစိဖိတ် သမုဒ္ဒရာကမ်းခြေနှင့် ထိုသမုဒ္ဒရာ တွင်းရှိ ကျွန်းစုများ၌ အသိုက်အအုံပြုကာ နေကြသော ပင်းဂွင်းခေါ် ပင်လယ်ငှက်တစ်မျိုး၏ ချေးဖြစ်သည်။ ထိုမြေဩဇာကိုဂွာနိုဟု ခေါ်သည်။ ဤဂွာနိုမြေဩဇာတွင် ဖော့စဖိတ်ဇာတ်ပါရှိရာ မြေကို ပြုပြင်ရန် အထူးသင့်လျော်၏။ တစ်ခါက ထိုငှက်ချေးများကို လိုက်လံစုသိမ်း၍ စီးပွားရှာသူတို့သည် အတော်ပင် ကျေးဇူးဖြစ်ထွန်းခဲ့ကြသည်။ ယခုအခါ၌မူ ထိုဂွာနိုမြေဩဇာများကို လိုသလောက်မရနိုင်တော့ချေ။

တစ်ခါတစ်ရံ တောင်သူလယ်သမားတို့သည် ကျောက်မီးသွေးပြာ၊ သစ်ကိုင်းသစ်ခက် သစ်သားတို့မှဖြစ်သော ပြာစသည့် ပြာမြေဩဇာကိုလည်းကောင်း၊ ထုံးကျောက်မှုန့်များ၊ ယောက်သွားခွံ၊ ပုစွန်ထုပ်ခွံတို့၏ အမှုန့်များကို လည်းကောင်း၊ မြေစေးနှင့်ထုံးကျောက်ရောစပ်ထားသည့် မြေဆီတစ်မျိုးကိုလည်းကောင်း၊ အမှိုက်သရိုက်နှင့် ရေပုပ်ရေစပ်များကိုလည်းကောင်း မြေဩဇာအဖြစ်ဖြင့် အသုံးချကြသည်။တောင်သူလယ်သမားတို့သည် မိမိတို့ လုပ်ကိုင်လျက်ရှိသော လယ်မြေများကို အသီးအနှံ အထွက်ကောင်းသည်ထက် ကောင်းလာအောင် ပြန်လည်ပြုပြင်ရာ၌ ကူညီအားပေးလိုသော ဆန္ဒအလျောက် မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးထွန်းကားသည့် တိုင်းနိုင်ငံတို့၏အစိုးရများသည် ဓာတုဗေဒနည်းဖြင့် ဖော်စပ်ထားသော မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် လယ်ယာ၊ ခြံမြေလုပ်ကိုင်သူတို့အားဖြန့်ချိရောင်းချလျက်ရှိကြသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)