အုန်း၊ မြို့မ

ဝီကီပီးဒီးယား မှ
(မြို့မအုန်း မှ ပြန်ညွှန်းထားသည်)

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


မြို့မ အုန်း [၁၉၁၁ - ၁၉၇ဝ][ပြင်ဆင်ရန်]

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းတွင် အဖ ဟိုက်ကုတ် ဘီလစ် စာရေးကြီး ဦးစံတူ၊ အမိ ဒေါ်နှင်းမြ တို့က ၁၉၁၁ ခု အောက်တိုဘာ ၈ ရက် တနင်္ဂနွေ နေ့တွင် မွေးဖွား ခဲ့သည်။ ဖခင်ကြီးမှာ ဟံသာဝတီ ခရိုင် ခရမ်း မြို့နယ် ပုဂံတောင်ရွာ ရွာသူကြီး၏ သား ဖြစ်သည်။ မြို့မ အုန်းမှာ မွေးချင်း နှစ်ဦး အနက် အကြီး ဖြစ်၍ အမည်ရင်းမှာ ဦးအုန်းမောင် ဖြစ်သည်။


မြို့မ အမျိုးသား ကျောင်းတွင် သတ္တမတန်း အထိ ပညာ သင်ခဲ့သည်။ မြို့မ ကျောင်းသား ဘဝမှ စ၍ စာရေး ဝါသနာ ပါသည်။ ၁၉၃၄ တွင် ကိုလူလည် လေးပဲတန် ဝတ္ထုကို ရေးသား ထုတ်ဝေပြီး စာပေ လောက ထဲသို့ ဝင်ခဲ့သည်။ လေးပဲတန် တောင်ပြုံး၊ မိုးညိုညို၊ ငါးပဲတန် အိပ်ရာဝင်၊ ကာမသူပုန် စသည် တို့ကို ရေးသား ခဲ့သည်။ မြို့မ ကျောင်းထွက် ဖြစ်သောကြောင့် "မြို့မအုန်း" ကလောင် အမည်ကို ယူခဲ့သည်။


၁၉၃၈ တွင် တို့ဗမာ အစည်းအရုံးဝင် သခင် တဦး ဖြစ်လာ ခဲ့သည်။ "သခင် မြို့မ အုန်း" အမည် ခံယူသည်။ ၁၃ဝဝ ပြည့် အရေးတော် ပုံတွင် ပါဝင် လှုပ်ရှား ခဲ့သည်။ ထိုစဉ်က ထုတ်ဝေ ပေးခဲ့သည့် မြန်မာ့ ခြေလှမ်း၊ သပိတ်နှင့် ရာထူး၊ မလျှော့နဲ့ အစ ရှိသည့် စာအုပ်များကို "သခင် မြို့မအုန်း" ကလောင် အမည်ခံ၍ ရေးခဲ့သည်။


စစ်ပြီး ခေတ်တွင် ရန်ကုန် အရှေ့ပိုင်း ဗိုလ်ချုပ်လမ်း အမှတ် ၁၅၂ ၌ "လူငယ်ခေတ် ပုံနှိပ်တိုက်" နှင့် "ရွှေဇင်ယော် စာအုပ် ထုတ်ဝေရေး ဌာန" တို့ကို ထူထောင် ခဲ့သည်။ စာပေ၌ စိတ် ထက်သန်သည်။ စာရေးဆရာစိတ် ရှိသည်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်းကြီးကို လူငယ် စာရေး ဆရာများ တက်ရောက် ဦးစီးရန် ကြိုးစား ခဲ့စဉ်က လူငယ် စာရေးဆရာများ ဘက်မှ အင်တိုက် အားတိုက် အားပေး ခဲ့သည်။ ၁၉၄၇ ခုနှစ် စာဆိုတော် နေ့ထုတ် စာရေး ဆရာ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၁) ထုတ်ဝေရာ၌ မဂ္ဂဇင်း တာဝန်ခံ ရဲထွတ်၊ တွဲဖက် တာဝန်ခံ များမှာ မင်းဆွေ၊ သုခ၊ ဆရာကျော်၊ အထွေထွေ အမှုဆောင်များ ဖြစ်သည့် ရွှေဓား၊ မင်းအောင်၊ ပန်းချီဘက် ဆိုင်ရာ ဦးကိုလေး တို့နှင့် အတူ ပုံနှိပ်ဘက် ဆိုင်ရာတွင် လူငယ်ခေတ်က တာဝန် ယူခဲ့သည်။ 'မက်မပြေ'၊ 'ရွှင်ပျော်ပျော်'၊ 'ရုပ်ရှင် လမ်းညွှန်' မဂ္ဂဇင်း များတွင် အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့သည်။


၁၉၅ဝ - ၅၁ နောက်ပိုင်းတွင် စာအုပ် ထုတ်ဝေရေး လုပ်ငန်းကို အားမပြု တော့ပေ။ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်ရေး ဘက်သို့ ဇောင်းပေး ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ ခေတ်တွင် ပဲရော့၊ လန်ဒန်အတ်နှင့် ဗြိတိသျှ ဘားမား ရုပ်ရှင် ကုမ္ပဏီ များ၌ လက်ထောက် ဒါရိုက်တာ အဖြစ် ဆောင်ရွက် ခဲ့ဖူးသည်။ ရုပ်ရှင် ဇာတ်ညွှန်း ၁၅ ပုဒ် ရေးခဲ့ပြီး၊ ဒါရိုက်တာ အဖြစ် ရုပ်ရှင် ခုနစ်ကား ရိုက်ကူး ခဲ့သည်။ 'သဇင်တွေ့တိုင်း မျက်ရည်ဝိုင်း' ဇာတ်ကားသည် မြို့မအုန်း ဒါရိုက်တာ အဖြစ် ရိုက်ကူးသော နောက်ဆုံး လက်ရာပင် ဖြစ်သည်။


"ရွှေဇင်ယော် ဦးအုန်းမောင်" အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ "မျိုးဆွေ" ကလောင် အမည်ခွဲ ဖြင့်လည်း ဝတ္ထုများ ရေးခဲ့သည်။ နောက်ဆုံး လက်ရာမှာ မျိုးဆွေ အမည်ဖြင့် ၁၉၆၅ ခုနှစ်တွင် ထုတ်ဝေ ခဲ့သည့် မေတ္တာလည်းခန်း သည်းလည်းကျွမ်းပင် ဖြစ်သည်။ ဝတ္ထုများ အပြင် ချစ်ပန်းတိုင် (အချစ်ကျမ်း)၊ ငွေရပေါက် (စီးပွားရေးကျမ်း)၊ သမုဒယနယ်က လူ့အရသာ (လူမှုရေးကျမ်း) တို့ကိုလည်း ရေးခဲ့သည်။ သူ့ဝတ္ထု များတွင် မမလေး (၁၉၄ဝ ခန့်) မှာ အထင်ရှားဆုံး ဖြစ်သည်။ မမလေး ဝတ္ထုတွင် "စာရေး ဆရာ၏ မျိုးချစ်စိတ် အမြင်" တို့ကို တတ်နိုင် သမျှ ထင်ဟပ် ထားရာ၊ မြန်မာ ဝတ္ထု ဖြစ်ပေါ် တိုးတက်မှုကို လေ့လာရာ၌ အားရ နှစ်သက် ဖွယ်သော အချက် တချက်ဟု ယူနိုင်ကြောင်း မလိခက အကဲ ဖြတ်ထားသည်။


စစ်မဖြစ်မီက ဒေါ်ကျော့နှင့် အိမ်ထောင် ကျခဲ့ရာ၊ သမီး မခင်စန်း မွေးဖွား ခဲ့သည်။ ဒေါ်ကျော့နှင့် ကွဲပြီးနောက် ဒေါ်မြနှင့် အိမ်ထောင် ပြုရာတွင် မောင်မြအုန်း၊ မောင်သန်းအုန်း၊ မသန်းသန်းမြ၊ မစန်းစန်းမြ တို့ကို မွေးဖွား ခဲ့သည်။ မောင်မြအုန်းမှာ ကန်တော်ကြီး၌ ရေနစ် ကွယ်လွန် ခဲ့သည်။ ဒေါ်မြ ကွယ်လွန် ပြီးနောက် နောက်အိမ်ထောင်ဆက်နှင့်ကား သားသမီး မထွန်းကား ခဲ့ချေ။


၁၉ရဝ ပြည့်နှစ် ဩဂုတ်လ ၂၂ ရက်နေ့ ည ခုနစ်နာရီတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်း နေအိမ်၌ ကွယ်လွန် ခဲ့သည်။

{{lifetime|1911|1970}}

စာညွှန်း ။ ။[ပြင်ဆင်ရန်]

  1. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၃)။ စာ ၁၁၅-၁၂၇။
  2. မြင့်ဆွေ။ စာရေးဆရာ မြို့မအုန်း၊ ငွေတာရီ (အောက်တိုဘာ ၁၉ရဝ)။ စာ ၄၅-၄၈။
  3. စာအုပ်လောက၊ ငွေတာရီ (အောက်တိုဘာ ၁၉ရဝ)။ စာ ၁၆၆ - ၁၆၇။
  4. စာရေးဆရာ မဂ္ဂဇင်း၊ အတွဲ [၃]၊ အမှတ် [၁] (စာဆိုတော်နေ့ ၁၉၄၇)။]