မြန်မာ ၁၂ လရာသီနှင့် ပွဲတော်များ
ပြည်ထောင်စု မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုး ပေါင်စုံးတို့ရဲ့ ချစ်စရာ ကြည်နူးစရာ ပျော်ရွင်စရာ ဓလေ့လေးတွေ ဖြစ်တဲ့ ၁၂ လရာသီမှာ ကျင်းပကြတဲ့ ပွဲတော်တွေ အကြောင်းကို လက်လှမ်း မီသလောက် ပြန်လည် စုစည်း လွှင့်တင် ပေးထားတာ ဖြစ်ပါတယ်။
မာတိကာ |
[ပြင်ဆင်ရန်] တန်ခူးလ
ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "တန်ခူးလ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။
[ပြင်ဆင်ရန်] တန်ခူးလ
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခမ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပ
ကားခင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြုးနိုင်ပါ့
ထူးပါဘိတယ်။
[ပြင်ဆင်ရန်] ပိတောက်နေရာ
ဈေးသို့အသွား ဘွားခနဲ ပိတောက်ပန်းကို တွေ့သည်။
ဈေးသည်၏ ဗန်းထဲတွင် ဘယ်အချိန်က ရောက်လာကြသည် မသိ။
မနေ့က ပိတောက်ပင်ပေါ်မှာ ယနေ့ ပန်းဆိုင်မှာ၊ နေရာ အနိမ့်အမြင့် ပြောင်းလဲခဲ့ပြီ။
သို့သော် သူအဆင်းကား ဝင်းဝင်းထိန်ထိန်ပင်။ သူဆင်းရဲမသည် ပန်းဆိုင်ရှေ့တွင် ရုတ်တရတ် ရပ်လာသည်။ သူ့မျက်နှာသည် ပိတောက်ပန်းနှင့် အတူ ဝင်းထိန်လျက်။
မကြာမီ မိန်းမပျို၏ ဦးခေါင်းထက်တွင် ပိတောက်ပန်း လိုက်ပါသွားသည်။
သူဆင်းရဲမ၏ ဦးခေါင်းပေါ်တွင် ဖြစ်စေကာမူ ပိတောက်ပန်းကလေး၏ ရွှင်လန်းခြင်းကား ပျောက်မည် မဟုတ်ချေ။
နေရာ အနိမ့်အမြင့်ကို မှီ၍ အရောင် မပြောင်းခဲ့။ ဝင်းထိန်လျက်သာ။
ဤပန်းသည် အပြစ် ကင်းစင်သော နေရာ၌ ထာဝစဉ် ခေါင်းထောင် နေပေလိမ့်မည်။
[ပြင်ဆင်ရန်] လေပြည်ထဲက အိုးစည်သံ
ညဥ့်ဦး လေပြည်သည် အိုးစည်သံကို နေရာအနှံ့ ဖြန့်ချိ လိုက်လေပြီ။
ဘယ်အရပ်က တေးသံနည်း။
ရပ်တိုင်း ရွာတိုင်း အိုးစည်ဝိုင်းက ဖြစ်ပါသည်။ တနှစ်တာ ကာလမျှ နွမ်းလျခဲ့သော ကိုယ်ခန္ဓာသည် အိုးစည်သံကြောင့် အားသစ်၊ အင်သစ်၊ စိတ်သစ် ဝင်ခဲ့သည်။ ဤတေးသံမှာ အားအင် ရှိသည်။
အနွမ်းကို ဖြေခဲ့ပြီ။ စိတ်ရွက်သစ် ဝေခဲပြီ။ ဤတေးတွင် အဆွေးမပါ မာယာ မရှိ။ ပျော်ရွှင် သူတို့သာ ဝေငှနိုင်သော တေးပေတည်း။
သင်္ကြန် အိုးစည်တွင် စိတ်ကောင်း၊ စေတနာကောင်း အောင်းလျက် ရှိသည်။
ဗေထုံ ဗေထုံ မြည်ကာမျှဟု သာမည ထင်သူတို့ ရှိကောင်း ရှိပေမည်။ သို့ရာတွင် နှစ်သစ်၏ တေးသံသည် စိတ်ထောင်း ကိုယ်ကျေ အလွမ်း ဝေနေသူတို့ ပင်လျှင် ရွှင်လန်း စေနိုင်သည်။
ရွှင်လန်းမှုကို ပေးနိုင်သော တေးသံထက် အစွမ်းထက်သော အရာကို ဤစကြဝဠာမှာ ရှာကြည့်စမ်းပါလေ။ အခွင့် ပေးလိုလှပါ၏။
[ပြင်ဆင်ရန်] တန်ခူးလ၏ ရနံ့အလှူ
ပုရစ်ဖူးနှင့် ပိတောက်ပန်းတို့ အကြားမှ ကလေးငယ်ပမာ ပြေးလွှား ခုန်ပေါက်လာသူမှာ တန်ခူးလေ ဖြစ်သည်။ တန်ခူးလေသည် မွှေးမြမြ လန်းလန်းဆတ်ဆတ်။
သူသည် ပိတောက်ဦးကို ခူးခဲ့သည်။ ပုရစ်ဖူးထံမှ ရနံ့သစ်ကို တောင်းခဲ့သည်။ ထို့နောက် လောက မိတ်ဆွေ အပေါင်းအား ရနံ့အလှူ ပေးခဲ့လေသည်။
သင်္ကြန်တေးကို အိမ်ပေါက်စေ့ ဆိုပြသည်။ ပန်းငုံကလေးများ ပွင့်နိုင်အောင် အားပေးစကား ပြောကြသည်။ ကြင်နာသော လေသံနှင့် တီးတိုး ဆိုသည်။
ရိုင်းစိုင်းသော ဟန်အမူအရာ မရှိ။ သိမ်မွေ့စွာ စကား ဆိုလေ့ရှိသည်။ အလင်္ကာ ဆရာသည်ပင် တန်ခူးလေ၏ သိမ်မွေ့ဟန်ကို ချောင်းမြောင်း၍ သုတေသန ပြုမည် ကြံဖူး၏။
ပိတောက်ပန်းသည် သူလာသော အခါ ကိုယ်ကို ယိမ်းကာနွဲ့ကာ ကခုန်လေသည်။ တန်ခူးလေကလေး၏ စည်းချက်၊ ဝါးချက်သည် သွက်လှသော်လည်း ပန်းကလေးမှာ မမောရှာချေ။
သူသည် လောကကို ပျော်ရွှင်အောင် ဖန်တီးသော်လည်း နာမည် မခံချေ။ မထင်မရှား ကိုယ်ရောင် ဖျောက်ကာ နေတတ်သည်ကိုသာ သတိပြုမိသည်။
[ပြင်ဆင်ရန်] ဘေးမဲ့နှင့်ဆု
လူ ။ ။ အို … နွား
သင့်အား သင်္ကြန်ပွဲတွင် ငါတို့ ဘေးမဲ့ လွှတ်ကုန်အံ့။ သူသတ်လက်တွင် ကြောက်မက် စိုးရိမ်နေရှာသော သင်၏ မျက်လုံးအိမ်ကို ငါတို့ မကြည့်ရက်ကုန်။ ဆွေတကွဲ၊ မျိုးတကွဲ၊ သားတကွဲ၊ မယားတကွဲနှင့် မျက်ရည်လည်ရွဲ သေပွဲ ဝင်ရအံ့သော သင့်ဖြစ်အင်ကို ငါတို့ မကြည့်ရက်ကုန်။
တဘူးဘူး တဘဲဘဲနှင့် ရင်ကွဲအောင် အော်ရှာသော်လည်း သင့်အား သနားကြင်နာသူ မရှိ။ လိုချင် မျက်စိသာလျှင် အရင်း ရှိကုန်သော သူသတ်တို့ လက်တွင် သင့်ဘဝကို မထားရက်ကုန်။
ထို့ကြောင့် ငါတို့ သင့်အား ဘေးမဲ့ လွှတ်ကုန်အံ့။ ငါတို့အား ဆုကို ပေးလော့။
နွား ။ ။ အို … လူ
ငါ့အသက်ကိုပင် မကယ်နိုင်သော ငါသည် သင်တို့အား အဘယ်ဆုကို ပေးနိုင်အံ့နည်း။ သင်တို့၏ အကြင်နာသည် သာလျှင် သင်တို့ ရရှိပြီး ဆု ဖြစ်တော့သည်။ ကျေနပ်ပါလော့။
တင်မိုး
[ပြင်ဆင်ရန်] တပေါင်းလ
ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "တပေါင်းလ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။
[ပြင်ဆင်ရန်] တပေါင်းလ
တောင်နှင့် တောလည်း
သင်းချောမညို၊ ဝါလိုနီမြန်း
လေဝန်းလွှင့်ချောက်၊ ရတုရောက်က
ပိတောက်ရွှေရိုး၊ သာနိုးရွှေစံ
ဝတ်ဆံရွှေခဲ၊ ပုလဲချပ်စီ
သရဖီလည်း၊ ရုံးညီလှတင့်
ခါကိုလင့်လျက်၊ ငုံရင့်ကင်းမည်။
ပွင့်ရွက်စည်က၊ နွေလည်ခါလု
နှစ်ရတုသည်
ယခုမပေါ် လှည့်လေလော။
-
- ဇေယျရန္တမိတ်
[ပြင်ဆင်ရန်] လေပွေ
လေပွေကလေးသည် ထန်းရေမူးသမား ပမာ တောတောင်ထဲက ဒယီးဒယိုင် ထွက်လာပြီးလျှင် လယ်ခင်း ယာခင်းထဲတွင် ဝှေ့ယမ်း နေလေ၏။ သစ်ရွက်ဝါကလေးများသည် သစ်ပင်ထက်မှ အလန့်တကြား ခုန်ဆင်း လာကြကာ မြေတွင် ဝပ်နေကြလေသည်။
တောင်ခြေတွင် မြူခြည် ဆိုင်းနေလေ၏။ သစ်ပင် သစ်ကိုင်းတို့သည် အထီးကျန်သူကဲ့သို့ ရိုးတံပြိုင်းပြိုင်းသာ ကျန်ရစ် ခဲ့ကြလေသည်။ မြရွက်တို့သည် မိခင် သစ်ပင်ကြီးမှ အိုးအိမ် ခွဲသွားကြလေ၏။ ဥဩငှက်ကလေးသည် အရွက်ကင်းသော သစ်ကိုင်းထက်တွင် ယောင်ချာချာ နားလာကာ အထီးကျန် သစ်ပင်အိုအား တေးဆို၍ နှစ်သိမ့် နေလေ၏။
မြောက်လေ၏ လက်မှ တာဝန် လွှဲပြောင်း ယူလိုက်သော တောင်လေသည် နွေရှုခင်းကို မြင်၍ ရူးသွပ် သွားလေပြီ။ လေပွေ လုပ်ပြီးလျှင် လောကကြီးအား ဝှေ့ယမ်း ပစ်လိုက် ချင်တော့သည်။ အဘယ်မှာ စိတ်ငြိမ်အံ့နည်း။
ရူလော့။ သစ်ရွက်တို့ တဖွဲဖွဲ ွေွ့ကကြ၏။ ရွက်ခြောက်ပေါ်တွင် လေရူးကလေး တက်နင်းလိုက်သော အခါ ချိုးချိုးချွတ်ချွတ် မြည်သွားကြလေသည်။
အို … တောင်လေဦး၊ စိတ်ကို ထိန်းပါဘိ။ နွေနှင့် ကြုံရလေခြင်းဟု ဝမ်းနည်း မနေလေနှင့်။ နွေသည် သင့်အား အဟောင်းကို အမှိုက်လှည်းရန် တာဝန် ပေးခဲ့လေပြီ။
အို … နွေ၊ တောင်လေ၏ စိတ်ကို မနှိုးဆွချင်ပါနှင့်၊ သင်အထည်သစ်ကို ဆင်အံ့သောငှာ အထည်ဟောင်းကို တောင်လေဦးက တိုက်ခတ် ပစ်ခဲ့လေပြီ။
[ပြင်ဆင်ရန်] နွေပြီးလျှင်
လှည်းသည် တအိအိ မောင်းနှင်လေ၏။ လှည်းအောက်က လိုက်ခဲ့ရသော ကုပ်ကျားခမျာ ဟောဟဲ လိုက်ချေပြီ။ ရေငတ်ဟန် တူပေ၏။ နွေရာသီ အဝင် နေရှိန်ကလည်း ပြင်းပါဘိသနှင့်။
မြူဆိုင်း၍ မှိုင်းဝေနေသော ကောင်းကင်ကလည်း ပျင်းရိဖွယ် ဖြစ်ချေ၏။ ညောင်ပင်ရိပ်မှ ပျင်းရိ ငြီးငွေ့စွာ မှုတ်လိုက်သော နွားကျောင်းသား၏ ပလွေသံသည်လည်း လေးတွဲ့စွာ ပေါ်လာ၏။ သဲချောင်း တလျှောက်တွင်လည်း တံလှပ်များ တရိပ်ရိပ်ထလျက် ရှိလေ၏။ အငွေ့များ ဟပ်လျက်။
ညအချိန်၌ တောင်တန်းများပေါ်တွင် ရှို့မီးများ ထိန်နေကြပေ၏။ သစ်ကိုင်းချင်း ကြိတ်ရာမှလည်း မီးများ တဖွားဖွား လွင့်ကာ မြက်ခြောက်ခင်းကို လောင်ပြန်လေ၏။ မြက်စို မြက်စိမ်းကလေးများကို ရှာနေသော နွားအိုကြီးမှာ မြက်ခြောက်ကို ပင်လျှင် ဝဝ မစားနိုင်ရှာဘဲ ပါးစပ် အဟောင်းသား ငေးနေရပေ၏။ မျက်ရည်များပင် ကျမတတ်ပါပေ။
ပျင်းရိဖွယ် ခြောက်သွေ့လှသော နွေကို ငြီးငွေ့ကောင်း ငြီးငွေ့ပေလိမ့်မည်။ သို့ရာတွင် ဘယ်မှာ အသင် ရှောင်နိုင်ပါအံ့။ ဆောင်းကိုချည်း ထာဝစဉ် မတွေ့နိုင်။ နွေကိုချည်း ထာဝစဉ် ကြုံရမည် မဟုတ်။ အသင့်အတင့် နှလုံးသွင်း၍သာ နေတတ်လျှင် ပျင်းရိဖွယ် နွေသည်လည်း သင့်အဖို အကျိုးရှိသော အသိတရား ပေးပေလိမ့်မည်။
ဤနွေဒဏ်ကို ကြံ့ကြံ့ခိုင်ခိုင် ခံယူနိုင်သော စိတ်ဓာတ်သည် ဘဝ အတွက်လည်း လက်နက်ကောင်း ဖြစ်ပေလိမ့်မည်။ ထုသေား ပေသား ရလိမ့်မည်။
အဆိုး၏ နောက်ကွယ်၌ အကောင်း ရှိသည်။
[ပြင်ဆင်ရန်] တော်လှန်ရေး အဖူးအပွင့်သစ်
နွေဦး၊ ရွကွေ်ွ့က၊ ရွက်သစ်၊ ပုရစ်ဖူး …
အဟောင်းကို စွန့်ပစ်၍ အသစ်ကို မွေးဖွားသော လဖြစ်သည်။
ပုရစ်ဖူးကလေးများ အလိပ်ဖြေလျက် စိမ်းဝေ လန်းဆန်း နေကြလေပြီ။ တတောလုံး မြ။
ချောင်းအနီ၌ ကင်းပုန်း ဝပ်နေသော ကြယ်နီ လက်ပတ်နှင့် တော်လှန်ရေး တပ်သားကလေးသည် ညောင်းရွကွေ်ွ့ကကို မြင်၍ စိတ်ဓာတ် တကွ်ွ့ကလျက် ရှိ၏။
တော်လှန်ရေးသည် သွေးသစ် သားသစ် ဖြစ်၏။ အိုးသစ် အိမ်သစ် ဖြစ်၏။ စိတ်သစ် လူသစ် ဖြစ်၏။
ချောင်းရေကလေးသည် ကြည်မြမြ။ ငွေသဲသောင်ပြင်ကလည်း ဖြူလွလွ။ မြူခိုး မြူငွေ့ကလည်း တွွ့ကွွ့က။ သစ်ရွက်စိမ်းနံ့သည် လေတွင် မွှေးပျံ့လာလေပြီ။ တော်လှန်ရေး၏ အဖူးအပွင့်မှ ရနံ့သစ် ပေလောမသိ။
ကင်းပုန်း တပ်သားကလေးသည် ရန်သူကို တွေ့ရတော့မည်ဟု စိတွ်ွ့ကလျက် ရှိလေ၏။ ဤရန်သူကို တွေ့လျှင် သေနတ်မောင်းကို ဖြုတ်ချ လိုက်မည်သာ။ သူ၏ ရန်သူသည် အဟောင်းဖြစ်၏။ ဖိနှိပ်မှု ကရိယာ ဖြစ်၏။ လောကကို ဖျက်ဆီးသူ ဖြစ်၏။
တော်လှန်ရေးသည် အဟောင်း အဖို့ သေမင်းခေါ်သံ၊ အသစ်အဖို့ ခေါင်းလောင်းသံ ဖြစ်၏။ ကြိုဆိုသော အသံပေတည်း။
သစ်ရွက်ကလေးသည် လှစ်ခနဲ ပြူလာ၏။ ချောင်းရေးသည် ရေသစ် မိုးသစ်ကို သယ်ဆောင်လာ၏။ အဘယ်သို့လျှင် မသာယာဘဲ ရှိအံ့နည်း။
[ပြင်ဆင်ရန်] အရုဏ်ဦးက သရဖီပွင့်
လေပြည်ထဲတွင် သရဖီ ပန်းနံ့ကလေး သန့်ခနဲ မွှေးလိုက်သည်ကို တိတ်တခိုး သတိပြုမိလိုက်သော မိန်းမပျိုကလေးသည် ကျီးမနိုးမီ တိတ်တဆိတ် သရဖီပင်သို့ ရောက်ခဲ့၏။
သရဖီ ပန်းနံ့သည် တသင်းသင်းကြိုင်လျက် အမှောင်ထဲတွင်ပင် ဤရနံ့ကလေးသည် လမ်းသိတတ်ပါဘိ။ မိန်းမပျိုကလေးသည် သရဖီပန်းနံ့ပင် ဖြစ်လိုက်ချင်၏။ အမှောင်ထဲတွင်ပင်လျှင် မိမိ သွားရမည့် လမ်းကို သိတတ်လို၏။
သရဖီ ပွင့်ကလေးသည့် တဝင်းဝင်း။ အမှောင်ထဲတွင်ပင် ဤပန်းကလေး ပွင့်ရဲသည်ကို အံ့မိ၏။ မိမိ အလှကို မမြင်ကြသော် ရှိစေ။ အမှောင်ထဲ၌ပင် ဖြစ်စေကာမှ အစွမ်းကုန် ပွင့်တတ်ပါဘိ။ မိန်းမပျိုကလေးသည် သရဖီပွင့်ကလေးပင် ဖြစ်လိုက်ချင်၏။ ဘဝ အမှောင်ထဲတွင် ပင်လျှင် မိမိ၏ အစွမ်းအစ အလှအပကို အစွမ်းကုန် ပြလို၏။
မြေပြင်မှာလည်း သရဖီပွင့် တဝင်းဝင်း၊ အပင်ထက်မှာလည်း တဝင်းဝင်း၊ နေရာမရွေး ဝင်းနိုင် သင်းနိုင်သော သရဖီပွင့်ကလေး၏ ဘဝကို အားကျမိ၏။
အကယ်၍ နောင်ဘဝ ရောက်ခဲ့အံ့၊ သရဖီပွင့်ကလေး ဖြစ်ပါရစေဟု မိန်းကလေး ဆုတောင်မိ၏။
နေခြည် ပွင့်ခဲ့ပြီ။ မိန်းမပျိုကလေးသည် သရဖီပန်းကို ဦးခေါင်းတွင် ဝေနေအောင် ပန်၍ အိမ်သို့ ပြန်ခဲ့ပြီ။ အမှောင်တွင်းမှာလည်း တဝင်းဝင်း၊ နေခြည်မှာလည်း တဝင်းဝင်း။ သူအဆင်းကို မည်သည့် နေရာ၊ မည်သည့် အခါမျှ မစွန့်ပါတကား။
တင်မိုး
[ပြင်ဆင်ရန်] တပို့တွဲလ
ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "တပို့တွဲလ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။
[ပြင်ဆင်ရန်] တပို့တွဲလ
သာစွလေ
နေလည်းချမ်းမြ၊ လလည်းနှင့်ရီ
ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း
ဆူးပန်းလဲပေါက်၊
ဝင်းဝင်းတောက်လျက်
ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်
ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်
မာဃယှဉ်မှီ့၊ ကုံရာသီဟု
အညီခေါ်မြဲ၊ တပို့တွဲမူ
မဖွဲ့မိုးလေ။
-
- ဦးအောင်ကြီး
[ပြင်ဆင်ရန်] အရွယ်စကား
ရွာဦးထိပ်၌ ပုဆိုး တပတ်ခန့် ရှိသော လက်ပံပင်ကြီးဆီမှ ဆက်ရက်တို့ သီချင်း ဆိုကြသံကို ကြားကြရလေပြီ။
မိဇံလှနှင့် ဒွါးတို့သည် ထန်းလျှော်တောင်းကို ချီလျက် လက်ပံပွင့်ကောက် ထွက်ခဲ့ကြလေပြီ။ နွားအိုသား ပုန်းရည်နှင့် လက်ပံပွင့်တို့ကို ကျိုလိုက်အံ့။ အံချိုင့်အောင် လွေးလိုက်အံဟု စိတ်ကူး တယဉ်ယဉ်နှင့် သီချင်း တကြော်ကြော် ဆိုခဲ့ကြလေသည်။ လက်ပံပင်အောက်တွင် တောင်းမောက်အောင် လက်ပံပွင့် ကောက်ကြပေရော့မည်။
လက်ပံပင်အောက်တွင် လှည်းလမ်းကြောင်း ရှိသည်။ ဖုန်တထောင်းထောင်းနှင့်။ အဘ တောသွား တောပြန် မောင်းသော လှည်းလမ်းတည်း။ အဘလည်း ဤလက်ပံပင်ကြီးကို နေ့စဉ်နှင့်အမျှ မြင်တွေ့ ရချေသည်။ မြင်တွေ့တိုင်းလည်း "ငါလည်း ဤလက်ပံပင်ကဲ့သို့ အိုရဦးအံ့" ဟု တရားကျမည်လား သို့မဟုတ် "ငါ၏ ကိုယ်ခန္ဓာသည် ဤလက်ပံပင်သားကဲ့သို့ အနှစ်မပါ၊ ခင်တွယ်စရာ မရှိ" ဟု သံဝေဂ ယူရမည်လား၊ အဘ၏ သဘောကို ခန့်မှန်းနိုင်ဖို့ ခက်ဘိတောင်း။
သို့ရာတွင် မိဇံလှနှင့် ဒွါးတို့ကား အဘလို တွေးမည်မထင်။ လက်ပံတွေ ပင်လုံကျွတ် ရဲရဲနီနေအောင် ပွင့်လျှင် ပျော်မဆုံး။ လက်ပံပွင့်တို့ လေထီးနှင့် ဆင်းသကဲ့သို့ မြေကြီးသို့ ဆင်းလျှင် အားရမဆုံး၊ ကြည်နူးမဆုံး၊ ဆက်ရက်ကလေးများ ကဲ့သို့ပင် လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးနှင့် နေလိုလှသည်သာ။
အခြားမည်သည့် သောက ဗျာပါရကိုမျှ မမွေးလိုပြီ။ ပျိုရွယ်သူများ ပေတကား။
[ပြင်ဆင်ရန်] ထမနဲပွဲတော်မှ
တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျား အေးသတတ်။
ဤသို့ စာဆိုရှိသည်။ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလား မသိ။ ခိုက်ခိုက်တုန်အောင် အေးလှ၏။ မြတ်စွာဘုရား သခင်ပင်လျှင် ခြေဖျား လက်ဖျား မီးကင်တော် မူရသည်ဟု ဆိုကြ၏။ ဟုတ်ပေမည်၊ အလွန် အေးမြ လှပေသည်။
နှင်းဝေဝေတွင် ထမနဲပွဲသည် ပျော်ဖွယ် ကောင်းလှ၏။ ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊ အုန်းဆံနိုင်နိုင် ထမနဲ ထိုးကြ၏။ ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့်။ ကျေးလက် ရွာသားတို့ စုပေါင်း ညီညာသော သဘောကို သရုပ်ဆောင်၏။
ထမနဲကို နှင်းငွေ့ ဝေချိန်တွင်ပင် ဘုရားအား လှူ၏။ ရွာဦးကျောင်းသို့ ရောက်အောင် ပို့၏။ တအိမ် တက်ဆင်း ထမနဲ ဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ မွှေးကြိုင်လျက် ရှိသည်ကို ခံစားနိုင်လောက်ပေ၏။ အများနှင့် ဝိုင်းကြ ဝန်းကြသော သဘောသည် မြန်မာ့သဘော ဖြစ်ပေသည်။
ထမဲကို အဘိုးအို အဘွားအိုများပင်လျှင် တမြုံ့မြုံ့ စားနိုင်၏။ ငါတို့ နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို ထမနဲ စားရင်း ဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော။ သို့သော် ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ ကောင်းကျိုးကို ပြသနေဘိ သကဲ့သို့ ရှိ၏။ အာဂ ထမနဲပေ။
[ပြင်ဆင်ရန်] ရင်ထဲက တေးသံ
ကြက်တူရွေးကလေးများသည် ပေါက်ပင်ပေါ်၌ နားလာကြသည်။ ပြည်အရေးကို သင်ခန်းစာ ပေးလို၍ နားခြင်းကား မဟုတ်ပါ။ ရွှေခဲသီချင်းကို ဆိုပြချက်လှ၍ ဖြစ်ပေသည်။ ရွှေဂဲ … ရွှေဂဲ ဟူသော တေးသံသည် ကောင်းကင်ယံမှ ရုတ်ခြည်း ကျလာသကဲ့သို့ ဖြစ်၏။
ဤသီချင်းသည် စာသား မများပါ။ ပညာရှင်ကြီးများ ဆန်းဂိုဏ်း၊ အလင်္ကာဂုဏ်တို့နှင့် ညီအောင် တခမ်းတနား ဖွဲ့ဆိုထားခြင်း မဟုတ်ပါ။ "ရွှေဂဲ" မျှသာ ဖြစ်ပါသည်။ ဤနှစ်လုံးသော စကားကလေး၏ အဓိပ္ပာယ်ကိုပင် ကြက်တူရွေးကလေးခမျာ မသိရှာပါ။ အဘိဓာန် မလှန်အားရှာ။
သို့သော် ဤသီချင်းကို အမေက ဆိုတတ်အောင် သင်ပေး၏။ အဘိုး အဘွားများကလည်း နမူနာ ဆိုပြ ကြပါသည်။ ဤနှစ်လုံးကို တနှစ်လုံးလုံး ကျက်မှတ် နေခဲ့ရပါသည်။ ဆိုချင်လွန်း၍သာ တကျက်တည်း ကျက်နေရသည်။ ဉာဏ်ကလည်း ထိုင်းပါသေးသည်။
ယခုနှစ် ဆောင်းနှောင် နွေဦးတွင် ဤသီချင်းကို ကောင်းကောင်း ဆိုနိုင်ခဲ့ပြီ။ လေ့ကျင့်ခဲ့ပြီ။ နှုတ်တိုက် ရခဲ့ပြီ။ နှာထောင်ကြလော့။ ရွှေဂဲ …
နားဆင်သူတို့သည် "ရွှေဂဲ" အသံကို ကြားကာမျှနှင့် ပီတိ ဖြစ်ဘိ၏။ သနားစိတ် ချစ်စိတ် ပေါ်ခဲ့၏။ အဘယ်ကြောင့်နည်း။ စာသားက ဂုဏ်မြောက်၍ မဟုတ်၊ ကြက်တူရွေးကလေး၏ ရင်တွင်းမှ လာသော တေးသံ ဖြစ်သောကြောင့်ပေတည်း။
[ပြင်ဆင်ရန်] နွေသို့ ခြေတလှမ်း
နှင်းကလေးများ စဲချင်သလိုလို သတင်းကြားရသည်။ နှင်းသည် ဆောင်း၏ ရတနာ မဟုတ်လော့။ ဆောင်းနတ် ဒေဝီသည် သူ၏ လက်ဝတ်လက်စား ရတနာတို့ကို ချွတ်သိမ်းတော့မည်ဟန် ပြင်နေပြီ။ "ဟန်တခါပြင် ရွှေစင်ဆယ်စင်း" ဟူဘိ၏သို့။
ကောင်းကင်၌ မြူခြည်လိုလို နှင်းလိုလို မြင်လိုက်မိ၏။ ဆောင်းဖြင့်လည်း ဆောင်း၊ နွေဖြင့်လည်း နွေ မဟုတ်ချေပြီ။ မပြတ်မသား ဝိုးတဝါး နိုင်လှချေ၏။ ဘယ်ကမ်းသို့ လှမ်းရမည် မသိပြီ။
မကြာမီ နွေငှက်ကလေးများ လာရောက်၍ ဆောင်းနတ်သမီးကို လူပျို လှည့်ကြချေမည်။ ဆောင်းနတ်သမီး ခမျာ စိတ်နုရှာသည်။ အညှာလွယ်သည်ဟု မဆိုနိုင်သော်လည်း အယုံ လွယ်တတ်ပေသည်။ သို့နှင့် နွေ၏ ရင်ခွင်တွင် မကြာခင်ပင် ရောက်၍ မိမိ ဘဝကို မြှုပ်နှံ လိုက်ရချေတော့မည်။
လူတို့သည် ဗုဒ္ဓ၏ ထံပါးသို့ ချဉ်း၍ သနတ်ခါး နံ့သာတုံးတို့ဖြင့် မီးပူဇော်ကြ ကုန်၏။ ဆောင်းဝဋ်မှ ကျွတ်စေလိုဟန် တူသည်။ ဆောင်းနတ်သမီးသည် လူတို့အား အအေးဖြင့် နှိပ်စက် မိခဲ့လေသလော။
နှိပ်စက်ကလူ ပြုခြင်းကား မဟုတ်ရှာပါပေ။ အများပြည်သူ အေးချမ်း စေလိုသော စေတနာ ရိုးသာ ဖြစ်ပေသည်။ သို့ရာတွင် လောကသည် တဖက်သတ် မကြိုက်၊ အအေးကိုလည်း တမ်း၏။ အပူကိုလည်း လွမ်း၏။ မျှတမှုကို လိုလားချေသည်။ ဆောင်း ပြောင်းရပေဦးမည်သာ။
ဆောင်းနတ်ဒေဝီ ဘယ်ဆီသို့ သွားမည်နည်း။
တင်မိုး
[ပြင်ဆင်ရန်] ပြာသိုလ
ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ် 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "ပြာသိုလ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။
[ပြင်ဆင်ရန်] ပြာသိုလ
ရွှေမြို့က ပန်းခွာညို
စာဆိုနှင့်ပေး။
စာဆိုနှင့် ခွာညိုပန်းရယ်
နန်းမြေထိမွှေး။
ကောက်စိုက်သီးချင်း
[ပြင်ဆင်ရန်] ခွာညိုပွင့် ယဉ်စေ
နှင်းစိုစိုတွင် ခွာညိုပန်းကလေးကို မိန်းကလေး ပန်ခဲ့သည်။ မိန်းကလေး၏ ယဉ်ကျေးသော အမူအရာသည် ခွာညိုပွင့် ယဉ်ယဉ်နှင့် လိုက်ဖက်လှသည်။
ခွာညိုပွင့်တွင် အယဉ်ကို မြင်တတ်သော မိန်းကလေး၏ စိတ်ဓာတ်ကို လေးမြတ်မိသည်။ ခွာညိုပွင့်၏ အလှသည် ဣန္ဒြေရသည်။ သိမ့်မွေ့သည်။ မွော်ွ့ကားဟန် မရှိချေ။
ဖြူစင်သော နှင်းသည် ခွာညိုပွင့်ကလေး၏ မျက်နှာပေါ်တွင် လန်းဆန်းအောင် ဆွတ်လိုက်သည်။ ပြာမြမြ ခွာညိုသည် သိမ်မွေ့စွာ ပြုံးနေသကဲ့သို့ ရှိလေသည်။
တောစပ်ကလေး၌ ခွာညိုပန်သော မိန်းကလေးသည် ကျေနပ်သော အသွင် ကြည်လင်စွာ ပြုံးလေသည်။ သူနှင့်ခွာညိုသည် တနှစ်မှ တခါသာ ဆုံရသည်။ သို့ရာတွင် ခဏ ဆုံရခြင်းကို ဘယ်အခါမှ မမေ့နိုင်ရှာပေ။
ကဗျာ ဆရာကလေးသည် ခွာညိုပွင့် အနီးသို့ ရစ်သီရစ်သီ လုပ်ကာ အလှအယဉ်ကို အကဲခတ် လေသည်။ သူ့နှလုံးသားတွင် သိမ်မွေ့ ယဉ်ကျေးသော ကာရန် မပွင့်ဖူးသဖြင့် တေးမဆိုနိုင်ဘဲ ရှိလေသည်။ ခွာညိုပွင့် အနီး၌ ယောင်လည်လည် လုပ်ကာ တေး အစအနများကို စပ်ဟပ် ကြည့်နေတုန်း ရှိလေသည်။
သူစိတ်ထဲ၌ မိန်းကလေးနှင့် ခွာညို ပနံရသကဲ့သို့ ကာရန် အလှနှင့် ပန်မရနိုင် သဖြင့် မကျေမချမ်း ဖြစ်နေရှာပေသည်။
ကဗျာဆရာ၏ နှလုံးသားတွင် အေးမြ ချမ်းမြေ့သော အခါ ကာရန်ကလေးများ အစီအရီ ဖူးပွင့်ပေလိမ့်မည်။
[ပြင်ဆင်ရန်] လယ်သမားနှင့်နွား
တလင်းပြင်တွင် ကောက်လှိုင်းလုံးများ တောင်ကဲ့သို့ မို့မောက်လျက် ရှိ၏။ လှေ့စင်ပေါ်မှ စပါးရွှေဝါများကို လှေ့လိုက်လျှင် အမှိုက်သရိုက်တို့သည် လွင့်စဉ် သွားကြကုန်၏။ နေရောင်နှင့် စပါးရွှေဝါတို့သည် တဝင်းဝင်း လက်နေကြကုန်၏။
ဤအချိန်တွင် တလင်းဖျက် မိုးရွာလိုက်လျှင် ခက်ပေတော့မည်။ မိုးတိမ်များကို ဆောင်းလေက အဝေးသို့ ခေတ္တ လွှင့်လိုက် စေလိုပါသည်။ တောင်းပန်ပါရစေ။
ကောက်လှိုင်းတို့သည် ဝင်းဝင်းအိအိ နေကြကုန်၏။ ရွှေရောင် တောက်ချိန်တွင် အလွန် ကြည့်ကောင်း လှပေ၏။ သို့သော် ရွှေရောင် တောက်လာအောင် မည်မျှ ရင်းရပါသနည်း။
ပျိုးရသည်မှာလည်း ချွေးနှင့်။ စိုက်ရသည်မှာလည်း ချွေးနှင့်။ ရိတ်ရသည်မှာလည်း ချွေးနှင့် တနှစ်လုံးလုံး အပင်ပန်းဆုံး ပင်ပန်းခဲ့၏။ အရိပ်တကြည့်ကြည့် နေခဲ့၏။ မိမိ၏ သွေးသားပမာ ကောက်သီး ကောက်နှံ ကောက်ပင်တို့၏ သံယောဇဉ် ဖြစ်ခဲ့၏။
ထမင်းလုတ်ထဲတွင် ငါတို့ လယ်သမား၏ ချွေးများ ပါသည်ကို သတိရကြအံ့ မထင်။ ထမင်းလုတ်ကို မျိုတိုင်း ငါတို့ လုပ်အား၊ ငါတို့ ချွေးကို မျိုလိုက်သည် မည်ပေ၏။
ကောက်လှိုင်း နယ်အံသောငှာ ငါတို့သည် နွားကို နှင်တံဖြင့် တို့၏။ ငါတို့ စပါးကို လှအံ့သောငှာ မြေရှင်တို့သည် ငါတို့ကို ကြိမ်တံဖြင့် တို့၏။
ငါတို့ လယ်သမား၏ ဘဝသည် နွားနှင့် ထပ်တူ ထပ်မျှပါ တကား။
တင်မိုး
[ပြင်ဆင်ရန်] နတ်တော်လ
ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "နတ်တော်လ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။
[ပြင်ဆင်ရန်] နတ်တော်လ
နတ်တော်ဆန်း၍
လျှံထွန်းရောင်ဝါ၊ သူရိယာလျှင်
အဝါမမူ၊ အဖြူအနီ
စုံစီခြယ်လွင်၊ ပြင်ထပ်တွင်၌
နေဝင်မြင်သည်၊ ရွှေဝပြည်ကား
ဆီးရည်ပတ်ချုပ်၊ မှိုင်းအုပ်ပျပျ
ပုညတောင်ဆီ၊ ရည်လျက်မလင်း
မဝင်းအုံ့မှိုင်း၊ စစ်ကိုင်းတစ်ဖက်
သန်လျက်ပေါ်ထွန်း၊ ကွန်းများ တံခွန်
နန်းဗိမာန်မှာ
လေသွန်းဖြည်းလှည့် လိမ့်တကား။
-
- ရှင်ထွေးနာသိန်
[ပြင်ဆင်ရန်] သဇင်၏ ထုချေလွှာ
မလိုသူတို့က သဇက်ကို 'အမြင့်စံပန်း တော်ဝင်သဇင်ပန်း'ဟု မေးငေါ့ကြကုန်၏။ 'စိတ်နေ မြင့်လှချည့်' ဟု ဝေဖန်ကြကုန်၏။ ခက်လက်စိမ်းမြ မိုးမခဘဲ ပွင့်တတ်သောကြောင့် မာန်ကြီးပလေဟု ဆိုသူတို့ ဆိုကြကုန်၏။တစ်ချို့ကလည်း တော်ဝင်နန်းဆန်သည် ဟုပြောကြသည်။
သဇင်ကို အထင်မမှားပါလင့်။ သဇင်သည် ကိုယ့်အားကို ကိုးလိုပါသည်။ မိုးကို မမှီခိုလိုပါ။ မိုးကို မှီ၍ သဇင် ပွင့်ရမည်ဖြစ်လျှင် အားအင်ကြီးသော မိုး၏ ပြုသမျှ နုရမည့် ဘဝသို့ ရောက်ရချိမ့်မည်။
နှင်းသည် သဇင်၏ အဖော်ကောင်း ဖြစ်သည်။ နှင်းသည် အေးဆေးသည်။ ရိုးရှာသည်။ အကူအညီ ပေးတတ်ရှာသည်။ ဝင့်ဝင့်ဝါဝါ မဟုတ်ချေ။ မိတ်ကောင်းပီပီ ဖြူစင်သော နှလုံးဖြင့် သဇင်ကို ပွင့်လန်းစေသည်။
အချို့ စာဆိုတို့က သဇင်ကို 'မြေနှင့် ရန်ဘက်' ဟု စွပ်စွဲကြကုန်သည်။ ရန်ဘက် မဟုတ်ပါလေ။ သဇင်သည် မြေ၏ ကျေးဇူးကို မသိသော ပန်းမဟုတ်။ မြေကိုလည်း ရန်မပြု။ မိုးကိုလည်း မမျှော်မှန်း။ မိမိဘာသာ အေးအေးလူလူနှင့် မွှေးကြူစွာ ပွင့်တတ်သော ပန်းပင်တည်း။
ထို့ကြောင့် မြို့ကြီး ပြကြီး၌ ရိုးရိုးအေးအေး ပွင့်လိုသော ပန်းသာ ဖြစ်ပါသည်။
တောထဲ တောင်ထဲ၌ ရိုးရိုးအေးအေး ပွင့်လိုသော ပန်းသာ ဖြစ်ပါသည်။
နန်းတော်သူသာ ဆင်စေတော့ဟု မရွယ်ကိုးပါ။ ဘဝတူ ကျေးလက်သူကလေး၏ ဦးခေါင်းထက်၌ မွှေးကြိုင် လိုပါသည်။ ဖောက်ပြန်ကြသော လူ့စနစ်ကြောင့်သာ သဇင်သည် နန်းတွင်း၌ အချုပ်အနှောင် ခံရခြင်း ဖြစ်ပါသည်။ သဇင်၏ လွတ်လပ်စွာ ပွင့်လိုသော ဆန္ဒကို အငြိုးကြီးသူတို့ သိကောင်းတန်ပါသည်။
[ပြင်ဆင်ရန်] အရုဏ်ဆွမ်းနှင့် ကလေးငယ်
ညနေဝင်ရီတရောတွင် အဘွားအိုသည် ပန်းဆီမီးလက်မှာ စွဲလျက် ဓမ္မာရုံသို့ သွား၏။ ဧရာနှင့် အအေးဓာတ်တို့ မိတ်ပြုကာ အဘွားအိုကို နှိပ်စက်ရာ အဘွားအိုမှာ တုန်ယင်လျက် ရှိလေ၏။
ဗုဒ္ဓထံပါးတွင် ဆီမီးတိုင်သည် အားနည်း ချည့်နဲ့စွာ လင်းလျက်၊ မြောက်ပြန်လေ၏ အကျီစယ်သန်မှုကြောင့် မီးတိုင်က မီးညွှန့်တို့မှာ ယိမ်းထိုးလျက် ရှိလေ၏။
အဘွားအိုသည် ဓမ္မာရုံသို့ ရောက်ခဲ့၏။ လှုပ်ယိမ်းလျက် ရှိသော မီးရောင်တွင် ဗုဒ္ဓ၏ မျက်နှာတော်သည် ဝိုးတဝါး ပေါ်လျက် ရှိပေ၏။
တုန်ယင်သော လက်ချောင်းများသည် ညိုနွမ်းသော ကြာပန်းသဖွယ် ဖူးပွင့် လာကြသည်။ ဗုဒ္ဓသည် ငြိမ်သက် တည်ကြည်သော ဣန္ဒြေဖြင့် အဘွားအို၏ လက်အုပ် ကြာမုံကို ခံလင့်တော်မူ၏။
"အရှင့်ဘုရား နံနက် အရုဏ်က အရှင်အား ဆွမ်းကပ်လှူရန် အလို့ငှာ ဆွမ်းချက်ခဲ့သည်။ အစာမဝ၍ တစာစာ ငိုမြည် နေရှာသော မြေးငယ်ကလေး၏ အသံကို သည်းမခံနိုင်လောက်အောင် နှလုံးကွဲခဲ့ရ၍ အရှင့်ဖို့ ဆွမ်းကို မြေးငယ်အား ကျွေးခဲ့မိသည်။ ထို့ကြောင့် နံနက်ကို ရှက်၍ ညဥ့်မှသာ အရှင့်ထံ လာနိုင်ဝံပါသည်။"
ဗုဒ္ဓ၏ မျက်နှာတော်သည် ဆီမီးရောင်တွင် ပိုမို ဝင်းထိန်ခဲ့လေသတည်း။
[ပြင်ဆင်ရန်] စာဆိုနှင့် လွတ်လပ်မှု
အခါမဲ့ တွန်လေ့ရှိသော ကြက်ကဲ့သို့ စာဆို၏ နှုတ်ဖျားမှ အခါမဲ့ တေး မသီဆိုလေ။ လက်နက်ကို ပြ၍ စာဆို၏နှလုံးမှ တေးသံကို ထုတ်ယူရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ငွေဖြင့်လည်း စာဆို၏ တေးသံကို ဝယ်ယူနိုင်ခြင်း မရှိကုန်။
တန်ခိုးကို အလိုရှိကုန်သော အချို့တို့သည် စာဆိုယောင် ဆောင်၍ တေးသံအတုကို ငွေနှင့် အရောင်းအဝယ် ပြုကြလေ၏။ လက်နက်၏ အန္ဈရာယ်ကို ကြောက်လန့်ကုန်သော အချို့သူတို့သည် တေးသံအတုကို ဖန်ဆင်းလျက် အန္ဈရာယ်ကင်းအောင် အားထုတ်ကြကုန်၏။
တောစပ်က ချိုးကလေးသည် သူ့စိတ်နှလုံး လွတ်လပ်မှသာလျှင် အသာယာဆုံးသော တေးကို ကူလေ၏။ စာဆိုလည်း လက်နက်နှင့် ငွေတို့၏ အနှောင်အဖွဲ့က လွတ်ကင်းမှသာလျှင် အချိုဆုံးသော တေးကို ကျူးရင့်နိုင်လေ၏။
စာဆို၏ တေးသံသည် အဓမ္မသမားတို့၏ နား၌ မြား ဖြစ်သော်လည်း ရိုးသား ဖြူစင်သူတို့၏ ရှေ့မှောက်၌ ပန်းအဖြစ် ကျရောက်လာလေ၏။
စာဆိုသည် ဥစ္စာမွဲ၍ တဲကလေးနှင့် နေရစေကာမူ သူ့နှလုံးသား၌ မေတ္တာစိတ်နှင့် ထုံသင်းသော တေးသံတို့ ကြွယ်ဝ ချမ်းသာသည်ကို တွေ့နိုင်ပါသတည်း။
[ပြင်ဆင်ရန်] ဆောင်းမနက်
လေပြည်သည် ကောက်သစ်ဦး၏ မွေးပျံ့သော ရနံ့ကို သယ်ဆောင်ခွင့် ရ၍ ဂုဏ်ယူ ဝင့်ကြွားလျက် ရှိချေသည်။ မိုးတိမ်တို့သည် အာကာသ၌ လူးလာ ကျက်စားခွင့်ရ၍ ပျော်ရွှင် နေကြကုန်၏။
ကလေးငယ်တို့သည် တလင်းတွင် ဖုန်မှုန့် အလူးလူး ကစားခွင့်ရ၍ အပျော်ကြီး ပျော်နေကြကုန်သည်။ အဘွားအိုတို့သည် နံနက်ခင်း နေစာလှုံခွင့် ရသဖြင့် နေရောင်ခြည်ကို ကျေးဇူးတင် နေကြကုန်သည်။
မြစ်ပြင်ပေါ်တွင်ကား ရေခိုးရေငွေ့ ဝေတုန်း ရှိသေးသည်။ တံငါလှေကလေးတို့သည် ရေငွေ့မှုန်မှုန် နှင်းငွေ့မှုန်မှုန် ကြားဝယ် လှေဦးထိုး၍ တရွှေ့ရွှေ့ သွားလေပြီ။
ရဟန်း သံဃာတို့သည် နှင်းတစက် နေရောင်တလက် နံနက်ခင်း၌ ရွာတွင်းသို့ ဆွမ်းခံဝင် လာကြကုန်၏။
တံတားကလေးသည် ချောင်းကို ဖြတ်၍ ခွထားလျက် ရှိသည်။ ဤတံတားပေါ်တွင်ကား နေထွက်မှ နေဝင်ထိ ကူးသန်းကြသူတို့ မနည်းပေး။ တောသွား တောပြန်တို့ ဖြစ်ကြပေမည်။
ဆောင်းတွင်း မနက်သည် ကြည်နူးဖွယ် ကောင်းပေသည်။ အေးမြသော အရသာ၊ ပျော်ရွှင်သော အရသာ၊ လှုပ်ရှားသော အရသာတို့ကို ခံစားနိုင်ပေသည်။
သို့သော် ဆောင်းတွင်း မနက်သည် ထာဝစဉ် တည်တဲ့မည် မဟုတ်၊ မကြာမီ နှင်းနှင့်အတူ ပျောက်ကွယ်ပေမည်။ ဆောင်းမနက်၏ ခေတ္တပေးနိုင်သော စိတ်အေး ချမ်းပျော်ရွှင်မှုကား တသသ သတိရ စရာပင်။
တင်မိုး
[ပြင်ဆင်ရန်] ရှမ်းနှစ်သစ်ကူး ပွဲတော် သို့မဟုတ် ပီမောင်တိုင်း
ခရစ်သက္ကရာဇ် ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ မြန်မာ သက္ကရာဇ် ၁၃၇ဝ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိပြီ ဖြစ်ပါသည်။ ယခု လာမည့် နှစ်သစ်သည် ရှမ်းသက္ကရာဇ် ၂၁ဝ၃ နှစ်မြောက် ဖြစ်ပါသည်။ ရှမ်းနှစ်သစ်ကူးကို "ပီမောင်တိုင်း" ဟု ခေါ်ပါသည်။ ပီမောင်တိုင်း ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို ဖော်ပြရသော် … [Mogok Media : mogokmedia.blogspot.com/2008/11/happy-shan-new-year.html ဘလော့မှ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။]
[ပြင်ဆင်ရန်] ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူး အကြောင်း သိကောင်းစရာ
လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းက ရှမ်းလူမျိုးတို့သည် ဂန္ဓလရာဇ်တိုင်းဟု ခေါ်သော ယခု တရုတ်ပြည် ယူနန်နယ်၏ အနောက်ဖက်နှင့် မြောက်ဖက် ရွှေလီ မြစ်ဝှမ်းဒေသတွင် အင်အား စုစည်းကာ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဖြင့် နေထိုင်ခဲ့ကြသည်။ ထို့နောက် အင်အား တောင့်တင်း ခိုင်မာသော နန်ချို လက်နက် နိုင်ငံတော် (Nan Chao AD 649-1253) ကို တည်ထောင်ခဲ့ကြသည်။
သာသနာ သက္ကရာဇ် ၄၅ဝ (BC 94) တွင် စော(ဝ်)ဦးတည်ဖ ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာတော်ကို ယုံကြည် ကိုးကွယ်လိုသည် ဖြစ်၌ သားတော် စော(ဝ်)ခွန်စိုင်းအား သီဟိုဠ် (ယခု သီရိလင်္ကာနိုင်ငံ) သို့ စေလွတ်ပြီး ပိဋကတ် သုံးပုံကို ပင့်ဆောင် စေခဲ့ပါသည်။
ဗုဒ္ဓ သာသနာတော်ကြီး နန်ချိုပြည်သို့ စတင် ရောက်ရှိလာသည့် ထိုနှစ် ထိုလ (နတ်တော်လ) မှ စ၍ ရှမ်းသက္ကရာဇ်ကို ရေတွက် သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် ၂၁ဝ၃ ခုသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ရှေးအခါက ရှမ်းနက္ခတ္တ ပညာရှင်များသည် နှစ်သစ်ကူးနေ့ကို သတ်မှတ်ရာတွင် နေ-လ-ကြယ်-နက္ခတ်တို့ကို ကြည့်ပြီး အချိန်နာရီ အတိအကျဖြင့် သတ်မှတ်ကြသော်လည်း ယခုအခါတွင် နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ကြပါသည်။
ရှေးက ဤနှစ်သစ်ကူး အခါသမယ ကျရောက်တိုင်း ပွဲလမ်း သဘင်များ စည်ကား သိုက်မြိုက်စွာ ကျင်းပခြင်း၊ သူရဲကောင်းများအား ဘွဲ့များ ချီးမြှင့်ခြင်း၊ စာပေ ဂီတ အနုပညာရှင်များအား ဆုပေးခြင်း၊ သက်ကြီး ရွယ်အိုများအား ဂါရဝပြုခြင်း အစဉ်အလာများ ရှိခဲ့ပါသည်။
ရှေးရိုးရာ ထုံးတမ်းအရ နှစ်သစ်ကို ကြိုဆိုရာတွင် အချက် ၄ ချက် ပါဝင်ရပါသည်။
- နှစ်သစ်ကို ကြိုဆိုခြင်း
- နှစ်သစ်ကို ဂါရဝပြုခြင်း
- ရိုးရာ အစားအစာဖြင့် ဧည့်ခံခြင်း၊ ကုသိုလ်ကောင်းမှု ပြုခြင်း
- ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်း ဟူ၍ ဖြစ်ပါသည်။
ထို့အတူ နှစ်သစ်ကူး မီးဆုခံထွက်ခြင်းသည်လည်း အိမ်ရှင်ကို ဂါရဝပြုခြင်း၊ နှစ်သစ်တွင် ဆုမွန်ကောင်းများ လာရောက် တောင်းပေးခြင်း၊ ဆွေမျိုး သားချင်း သဘောဆောင်ခြင်း ဟူသော အနက်ကို ဆောင်သည့် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းခြင်း ဖြစ်ပါသည်။
[ပြင်ဆင်ရန်] ခဝဲပွင့်တုန်း တန်ဆောင်မုန်း
". . . တန်ဆောင်မုန်းလ၌ ကောင်းကင်ပြင်သည် ကြည်လင် သာယာလျက် ရှိပြီး ဆောင်းဦး ရာသီ၏ ရှေ့ပြေးဖြစ်သော မြောက်ပြန်လေအေးသည်လည်း ဖြည်းညှင်းစွာ တိုက်ခတ်လေ့ ရှိပါသည်။ တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်၍ ထင်ရှားသော ပွဲတော်မှာ ကထိန်ပွဲပင် ဖြစ်သည်။ ခဝဲပန်းနှင့်အတူ အလှချင်း ပြိုင်တတ်ကြသော ကြာပန်း၊ ပြည်ပန်းညို၊ နှင်းပန်းတို့သည်လည်း တန်ဆောင်မုန်းလ၏ အလှကို ပိုမိုတင့်တယ် ပီပြင်စေပါသည်။ . . . " . . . [ယခင် weeklyeleven.com မှာ လွှင့်တင်ထားတဲ့ Weekly Eleven No. 19, Vol. 3, February 20 Wednesday 2008 ဂျာနယ်က "ခဝဲပွင့်တုန်း တန်ဆောင်မုန်း၌ …" ကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]
[ပြင်ဆင်ရန်] ခဝဲပွင့်တုန်း တန်ဆောင်မုန်း၌ …
"လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်၊
သည်ချိန်ဆို ဝတ်မှုန်ကြဲလို့၊
ခဝဲရွှေညှာရင်းမှာ၊
သင်းရနွံ့ကြယ်။
ကောင်းကင်လယ်၊ ထက်ဝယ်ဆုံဦး
ရွှေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ရောင်ထွန်းတယ်
ထွန်းထိန်လို့မြူး"
-
- ဖိုးသူတော် ဦးမင်း
တန်ဆောင်မုန်းလသည် မြန်မာ ပြက္ခဒိန်လ ဆယ့်နှစ်လတွင် အဋ္ဌမမြောက် လဖြစ်ပါသည်။ တန်ဆောင်မုန်းလ၏ ပထမလဝက်သည် မိုးဥတု၌ ကျရောက်ပြီး ဒုတိယလဝက်မှာ ဆောင်းဥတု၌ ပါဝင်နေရာ မိုးနှောင်း ဆောင်းဦး ကာလဖြစ်၍ သာယာ ကြည်နူးဖွယ် ကောင်းသော လ တလပင် ဖြစ်ပါသည်။ တန်ဆောင်မုန်းလသည် မိုးနှောင်းချိန် ဆောင်းဝင်ခါစ ကာလဖြစ်၍ နှင်းကျလိုက်၊ မိုးဖွဲဖွဲ ရွာချလိုက် ဖြစ်လေ့ ရှိတတ်သည်။ ထို့ကြောင့် ရှေးမြန်မာကြီးများက တန်ဆောင်မုန်းတွင် 'ဆီးနှင်းတပြိုက် မိုးတလိုက်' ဟု စပ်ဆိုခဲ့ကြခြင်း ဖြစ်ပေမည်။ တန်ဆောင်မုန်းလ၌ ကောင်းကင်ပြင်သည် ကြည်လင် သာယာလျက် ရှိပြီး ဆောင်းဦး ရာသီ၏ ရှေ့ပြေးဖြစ်သော မြောက်ပြန်လေအေးသည်လည်း ဖြည်းညှင်းစွာ တိုက်ခတ်လေ့ ရှိပါသည်။ တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်၍ ထင်ရှားသော ပွဲတော်မှာ ကထိန်ပွဲပင် ဖြစ်သည်။ ခဝဲပန်းနှင့်အတူ အလှချင်း ပြိုင်တတ်ကြသော ကြာပန်း၊ ပြည်ပန်းညို၊ နှင်းပန်းတို့သည်လည်း တန်ဆောင်မုန်းလ၏ အလှကို ပိုမိုတင့်တယ် ပီပြင်စေပါသည်။
တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ် လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူး နေ့မြတ် တနေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင် ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဤတွင် သာမညဖလ အခါတော်နေ့ အကြောင်းကို အကျဉ်းချုပ်၍ တင်ပြလိုပါသည်။
ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်း ဟူသော အလို လောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည် မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင် အိပ်မပျော် ဖြစ်နေသည်။ ထိုသို့ ဖြစ်နေစဉ် တန်ဆောင်မုန်း လပြည့်ည၏ အေးချမ်း သာယာကြည်လင်မှုကို မြင်တွေ့ရသော အခါ ယခုလို နေ့မျိုး၌ အဘယ်သို့သော ရဟန်း သာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟ တိုင်ပင်မိပါသည်။ မင်းချင်းတို့ကလည်း မင်း လိုလိုက် မင်းကြိုက် ဆောင်တတ်သော အခွင့်အရေးသမားများ ပီပီ မိမိတို့ ကိုးကွယ် ဆည်းကပ်သည့် မိစ္စာဒိဋ္ဌိ ဆရာကြီး ခြောက်ဦးတို့အား အသီးသီး ညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။
ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်သော ဆေးဆရာ ဇီဝကကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်၍ နေသည်ကို အဇာတသတ်မင်းကြီး မြင်တွေ့ရသော အခါ ဆရာ ဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ်နေပါသနည်းဟု မေးတော်မူပါသည်။ ထိုအခါ အခွင့်ကောင်းကို စောင့်မျှော်နေသူ ဆရာ ဇီဝကသည် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းကာ ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ ဆရာ ဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်၌ များစွာသော ရဟန်း ပရိသတ် ခြံရံကာ သီတင်းသုံးလျက် ရှိပါကြောင်း၊ ဘုရားရှင်အား အရှင်မင်းကြီး ဆည်း ကပ်ရပါမူ အရှင်မင်းကြီး၏ စိတ်တော်သည် ကြည်လင် အေးချမ်း လာပါလိမ့်မည်ဟု လျှောက်တင်လေသည်။ ဆေးဆရာ ဇီဝက၏ အကျိုးသင့် လျှောက်ထား တင်ပြမှုကို အဇာတသတ် မင်းကြီး ကြားရသော အခါ ဝမ်းသာအားရ ဖြစ်တော်မူ၍ ဆင်မြင်းဗိုလ်ပါ ခြံရံလျက် ကြီးကျယ် ခမ်းနားလှသော အစီအစဉ်ဖြင့် ညတွင်းချင်းပင် ဆရာ ဇီဝက၏ ဥယျာဉ်တော်သို့ ကြွချီတော်မူပါသည်။
ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရသော အခါ အဇာတသတ် မင်းကြီးက မေးမြန်း လျှောက်ထားသဖြင့် မြတ်စွာ ဘုရားရှင်သည် သာမညဖလ သုတ်တော်ကို ဟောကြားတော်မူသည်မှာ ခဝဲပန်း လှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်း လပြည့် ညချမ်းပင် ဖြစ်ပါသည်။ ထိုသို့ ဘုရားရှင်သည် တန်ဆောင်မုန်း လပြည့်နေ့တွင် သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု သတ်မှတ် ခေါ်ဝေါ်ကြခြင်းပင် ဖြစ်ပါသည်။
တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော ထင်ရှားသည့် ပွဲတော်တခုမှာ ကထိန်သင်္ကန်း ဆပ်ကပ် လှူဒါန်းခြင်းပင် ဖြစ်သည်။ ဤတွင် 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ကထိန်၏ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူး ငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဤတွင် အခွင့်သင့်သဖြင့် ကထိန်ခင်းရခြင်း၏ အစပထမ ဖြစ်ရပ်ကို အကျဉ်းချုပ်၍ တင်ပြ လိုပါသေးသည်။ ဗုဒ္ဓဘာသာ နွယ်ဝင်တို့၏ ကိုးကွယ် အားထား မှီခို ဆည်းကပ်ရာ ဖြစ်သော ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ဖြစ်ပါသည်။ ဘုရားရှင်သည် သာဝတ္ထိပြည်၊ အနာထပိဏ် သူဌေးကြီး ဆောက်လုပ် လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ ကောသလမင်းကြီးနှင့် ညီနောင်များ ဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့သည် မြတ်စွာ ဘုရားရှင်အား ဖူးမြော်ခွင့်ရရန် ပါဝေယျကတိုင်းမှ လာကြရာ လမ်းခရီး အကြားရှိ 'သာကေတမြို့' ၌ ဝါဆို ဝါကပ်ကြသည်။ သီတင်းကျွတ်၍ ခရီးဆက်လာကြရာ ဘုရားရှင် ရှေ့မှောက် အရောက်တွင် ဘုရားရှင် ခွင့်ပြုထားသော သင်္ကန်း သုံးထည်စလုံး စိုစိုစွတ်စွတ် ညစ်ထေးထေး ဖြစ်နေသဖြင့် ထိုရဟန်းတို့၏ ပင်ပန်း ဆင်းရဲမှုကို အကြောင်းပြုပြီး ကထိန်သင်္ကန်း ကပ်လှူခြင်းကို ခွင့်ပြုတော်မူခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကထိန်ခင်းရခြင်း၏ သမိုင်း အစပင် ဖြစ်သည်ဟု ဆိုပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားရာ နိုင်ငံဖြစ်သဖြင့် တန်ဆောင်မုန်းလတွင် ကထိန်ပွဲသာမက မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းသည့် ပွဲတော်များကိုပါ ကျင်းပကြသည်ကို တွေ့ရပါသည်။ မသိုးသင်္ကန်း ဟူသည် နေ့မကူး ရက်မကူးစေဘဲ တရက် အတွင်း အပြီး ရက်လုပ် လှူဒါန်းရသော သင်္ကန်း ဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုရခြင်း ဖြစ်သည်။ ရှေးအခါက မသိုးသင်္ကန်း ရက်လုပ်ပုံနှင့် မျက်မှောက်ခေတ် မသိုးသင်္ကန်း ရက်လုပ် ဆက်ကပ်ပုံတို့မှာ အနည်းငယ်မျှ ကွဲပြား လာသည်ကို တွေ့ရပါသည်။ သို့သော် ပြောပလောက်အောင် ကွဲပြား ခြားနားမှုမျိုး မရှိသေးပါချေ။ မသိုးသင်္ကန်းကို ကထိန်ကာလ ဖြစ်သော သီတင်းကျွတ် လပြည့်ကျော် တရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ နေ့စဉ် ရက်ဆက် ရက်လုပ်ခြင်း မရှိပါ။ ကထိန်ကာလ၏ နောက်ဆုံးနေ့ ဖြစ်သော တန်ဆောင်မုန်း လပြည့်နေ့ မတိုင်မီ လဆန်း ၁၄ ရက်နေ့ ညနေပိုင်းတွင်မှ စတင် ရက်လုပ်ကြပြီး လပြည့်နေ့ အရုဏ်မတက်မီ အပြီး ချုပ်လုပ်ကာ ကပ်လှူကြသည်ကို တွေ့ရပါသည်။ ရွှေတိဂုံ စေတီတော်၊ ဗိုလ်တထောင် စေတီတော် စသော ရန်ကုန်မြို့ရှိ ထင်ရှားသော ဘုရားများတွင် မသိုးသင်္ကန်း ရက်လုပ် ဆက်ကပ် လှူဒါန်း ပွဲတော်များကို နှစ်စဉ်နှစ်တိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြပါသည်။ ရိုးရာ ယဉ်ကျေးမှုကို ဆက်ခံ ထိန်းသိမ်းခြင်း ဖြစ်သဖြင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။
အချုပ်ဆိုရပါမူ တန်ဆောင်မုန်း လပြည့်နေ့သည် ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်တို့ အတွက် ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းသည့် နောက်ဆုံးနေ့၊ မသိုးသင်္ကန်း ရက်လုပ် ဆက်ကပ် လှူဒါန်းသည့်နေ့၊ သာမညဖလ အခါတော်နေ့ စသည်ဖြင့် ထူးမြတ်သော နေ့တနေ့ပင် ဖြစ်သည်။ သို့ဖြစ်ရာ တန်ဆောင်မုန်း လပြည့်နေ့သည် ဗုဒ္ဓဘာသာနွယ်ဝင် မြန်မာလူမျိုးတို့၏ ဒါန၊ သီလ၊ ဘာဝနာ တရားတော်များ ပွားများ အားထုတ်ကြရာ နေ့ထူး နေ့မြတ် ဖြစ်သဖြင့် အကုသိုလ် တရားများကို ဖယ်ရှားကာ ကုသိုလ်ကောင်းမှုများကို ပွားများ အားထုတ် နိုင်ကြပါစေကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။
[ပြင်ဆင်ရန်] တန်ဆောင်မုန်းလ
ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "တန်ဆောင်မုန်းလ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။
[ပြင်ဆင်ရန်] တန်ဆောင်မုန်းလ
ဝါလကျွတ်ပြောင်း၊
ကြာကနှောင်းသော်
ဒေါင်းငှက်ကတွန်၊ ဆောင်းလက်မွန်၌
စွန်ကလည်းဝဲ၊ တွန့်ကြေဆဲတွင်
ဝမ်းဘဲကကွေ၊ ချမ်းမြဲထွေ၍
လေကလည်းပြောက်၊ ချေကဟောက်နှင့်
- မဟာမင်းလှ မင်းခေါင်ကျော် ဦးရွှန်း
ခဝဲရိုင်းကလေး
အို … ခဝဲရိုင်းကလေး
နှင်းကိုသောက်၍ ခဝဲညွန့်ကလေး ငေါက်ခဲ့ပြီ။ ခဝဲရိုင်းကလေး ပွင့်ခဲ့ပြီ။ ခဝဲရိုင်းသည် မြို့ကြီးပြကြီး အလယ် မတင့်တယ်ခဲ့။ တောကြို အုံကြား၌သာ ပေါက်ခဲ့၏။ ပွင့်ခဲ့၏။ ငါအိမ်ရှေ့၌ ခဝဲစင်ကလေး ရှိရာ ဤပန်းကလေး ပျော်မြူးစွာ ပွင့်၏။ လွတ်လပ်သော လေကိုရူ၏။ ယာတောကို ဖြတ်၍ တိုက်ခတ်သော လေသည် သင့်မိတ်ဆွေစစ် ဖြစ်ဘိ၏။ သင်၏ နေရာသည် နိမ့်ကျ၏။ သို့သော် သင်ပျော်၏။
အို … ခဝဲရိုင်းကလေး
သင့်၌ မွှေးပျံသော ရနံ့မရှိ။ သို့သော် သင်သည် ရိုး၏။ သင်၏ ရိုးဂုဏ်သည်ပင် အကြိုင်ဆုံးသော ရနံ့ပေတည်း။ သင့်၌ လှပသော အဆင်းမရှိ။ အဝါရောင် အဆင်းဝင်းကာမျှ ဖြစ်၏။ သို့သော် သင်၏ အဆင်းသည် ပကတိ အဆင်း၊ သဘာဝထံမှ ဆေးရောင်စုံငှား၍ ခြယ်လှယ်ထားခြင်း မဟုတ်။ ပကတိ အဆင်းသည်ပင် သင်၏ အတင့်တယ်ဆုံးသော အလှပေတည်း။
အို … ခဝဲရိုင်းကလေး
သင့်၌ အားငယ်ဟန်လည်း မရှိ။ ထောင်လွှားဟန်လည်း မပြ။ သင်နေတတ်သလို နေ၏။ သင့်သဘာဝ အလျောက် ဖူး၏။ ပွင့်၏။ မျိုးစေ့ ချ၏။ သင့် အမှုရာသည် အပြစ် ကင်းစင်လှ၏။ သင့်ပတ်ဝန်းကျင်က ဆင်းရဲသူ ဆင်းရဲသားများနှင့် တထေရာတည်း ဖြစ်၏။ သင်အမှုအရာသည် ချစ်စဖွယ် အကောင်းဆုံးပေတည်း။
[ပြင်ဆင်ရန်] စာကလေးသို့ ပန်ကြားချက်
'ဆီးနှင်းတပြိုက် မိုးတလိုက်' ဟူသော ဆိုရိုးအတိုင်း ဆီနှင်းတလှည့်၊ မိုးတလှည့် တန်ဆာ ဆင်ခဲ့လေပြီ။ ကောက်ပင်တို့လည်း အသီးအနှံတို့ဖြင့် ငိုက်လာကြကုန်၏။ ရွှေရောင်သည် လယ်တောကို လွှမ်းခဲ့လေသည်။
ကောက်ပင်တို့သည် အနာဂတ်၏ သာယာမှုကို ကြိုတင် သိမြင်စေ၏။ ဤရွှေသီး ရွှေနှံတို့သည် လယ်သမား၏ ချွေးသီး ချွေးပေါက်များမှ ထွက်ပေါ်လာခြင်းဟု စဉ်းစားမိသူသည် မြေရှင် မဟုတ်နိုင်ချေ။
လယ်ကန်ကင်း၌ စာကလေးတို့သည် အသီးအနှံ ပေါ်ချိန်ကို စောင့်စားနေကြ၏။
အမြီးငေါ့ငဲ့နှင့် စာကလေးသည် အမှည့်ဝင်းတော့မည့် စပါးနှံကို မျှော်လင့်တကြီး စောင့်နေရှာသည်။
အို … စာကလေးငဲ့၊ သင်အမူအရာ အကျင့်သည် မြေရှင်နှင့် တထေရာတည်းပါ တကား။ သူတပါး၏ လက်ဖြင့် စိုက်ပျိုးခဲ့ပြီမှ သင်က အသီးအနှံကို ဆွတ်လိုသည်မှာ တရားပါသလော။
သင်သည် သနားဖွယ် ရှိပေစွ။ သင့်ကို မြေရှင်နှင့် နှိုင်းမိသည်ကိုပင် ငါ စိတ်မကောင်းပါ။ သင့်မှာ သားကလေး၊ သမီးကလေးများ အတွက် ဝမ်းစာ လိုပေလိမ့်မည်။ သင့်သား သမီးကလေးများကလည်း စပါးနှံ ချီလာမည့် သင့်ကို မျှော်ရှာကြပေမည်။ ငါ ခွင့်ပေးပါ၏။ သင် အလိုရှိသလောက် ကိုက်ချီ ပျံသန်းပါလေ။ သို့သော် ငါမှာပါရစေ။ စပါးနှံများ မှည့်ရင့်ပြီဟု မြေရှင်ကိုတော့ သတင်း မပေးလိုက်ပါနှင့်ဦး။
[ပြင်ဆင်ရန်] အငြင်းအခုံပွဲ
တန်ဆောင်မုန်း လပြည့်နေ့တွင် အရပ်တကာ၌ ဥမ္မာဒန္ဈီကို သတိရကြသူ များပါသည်။ ထိုနေ့တွင် ဥမ္မာဒန္ဈီ၏ အလှကို မြင်၍ သီဝိမင်းကြီး သတိလက်လွတ် ရူးသွပ်ခဲ့ ဖူးသောကြောင့်တည်း။
အကျင့်စာရိတ္တကို တန်ဖိုးထားသူတို့က မင်းဖြစ်ပါလျက် ဣန္ဒြေ မဆည်နိုင်လေဟု သီဝိကို အပြစ်တင် လိုကြသည်။ အမှန်ကို တန်ဖိုးထားသူတို့ကမှု မိမိတို့ အရှက်ရသည်ကို ဖုံးအံ့သောငှာ ဥမ္မဒန္ဈီ၏ အလှကို သီဝိအား မလိုစိတ်နှင့် ကွယ်ဝှက် လျှောက်ထားကြသော ပုဏ္ဏားတော်တို့ ပညာရှိ မပီ၊ ယောကျာ်း မပီခြင်းပင် ဖြစ်သည်ဟု ဆိုကြလေသည်။ မာနနှင့် အာဃာတကို စက်ဆုပ်ဟန် ရှိသူတို့ကမူကား ဥမ္မာဒန္ဈီသည် အလှတံခွန် ထူလွန်းစွ၊ မခံချင်စိတ်၊ လက်စား ချေချင်စိတ်တို့ ထူပြော လွန်းစွဟု မှတ်ချက် ချကုန်သည်။ ရှင်ဘုရင်ကဲ့သို့ ကြီးကျယ်သော ပုဂ္ဂိုလ်ကိုမှ သွားရောက်၍ သမီးတော် ဆက်သရချေသလောဟု ဖခင် သူဌေးကြီး တိရီဋိဝစ္ဆကို အပြစ်တင်လိုဟန်နှင့် ဂုဏ်ပကာသနကို စက်ဆုပ် သူတို့က ဆိုကြပြန်သေးသည်။
ဤအငြင်းအခုံပွဲကို ငုံ့၍ ရှုစား နားထောင်နေသော ဖိုးလမင်းကြီးကား လူ့သဘာဝတကားဟု အသင့်အတင့် နှလုံးသွင်း နေဟန်ဖြင့် ပြုံးပြုံးကြီး လုပ်နေပေသတည်း။
[ပြင်ဆင်ရန်] အပျော်ည
ကြယ်ပေါင်းစုံသည့်ည။
လပြည့်ဝန်း ရွှန်းရွှန်းသာသည့်ည။
ဆေးပေါင်းခသည့်ည။
မည်သို့ဆိုစေ ဤညကို နှစ်သက်ကြသည်မှာကား ထင်ရှားလှ၏။ တိမ်တို့လည်း စင်၏။ အနည်းငယ်မျှ မြှေးယှက်ခြင်း မရှိ။ လမင်းကြီးက ထိန်ထိန်သာ၏။ အမယ်အိုပင်လျှင် အပ်နဖား ထိုးနိုင်လောက်ပေသည်။
မဲဇလီဖူးတို့သည်လည်း ဤညအား ပဏ္ဏာဆက်ကြကုန်၏။ ကာလသားတို့သည် ကြက်ခိုးကြ၏။ ဆီးဖြူသီး ဆားရည်စိမ်နှင့် အပျို့အိမ်ကို ပစ်ပေါက် ကျီစယ်ကြ၏။ ပျော်စရာပင် လွတ်လပ်သော ညပါတကား။ ပျိုရွယ်သူတို့၏ ညပါတကား။ ပျိုရွယ်သူတို့၌ လွတ်လပ်ခြင်း ဟူသော ပစ္စည်းဥစ္စာ ကြွယ်ဝ၏။ သူတို့သည် အချုပ်အချယ်မဲ့သော ရယ်မောခြင်းကို အလိုရှိကြ၏။ အငြူစူမဲ့သော လမ်းလျှောက်ခြင်းကို အလိုရှိကြ၏။ အချိန်တည်း ဟူသော ရထားသည် ပျိုရွယ်သူတို့ထံ၌ ပျော်ရွင် မြူးတူးစွာ ဆိုက်ကပ်၏။
ဤကမ္ဘာသည် ငယ်ရွယ်သူတို့၏ အသံဖြင့် သာယာ နာပျော်ဖွယ် ဖြစ်၏။ စမ်းရေသံ ဖြစ်၏။ ဤကမ္ဘာသည် ငယ်ရွယ်သူတို့၏ ဟန်ဖြင့် ကြည်နူးဖွယ် ဖြစ်၏။ ပွင့်စပန်း ဖြစ်၏။ တန်ဆောင်မုန်း လပြည့်ည ဟူသော လှေသည် ပျော်ရွင်မှု ကုန်စည်စလှယ်တို့ကို တင်လျက် လူငယ် လူရွယ်တို့၏ ကမ်းခြေသို့ ဆိုက်ကပ်လိုက်လေပြီ။ အစွမ်းကုန် ပျော်ကြစေသတည်း။
တင်မိုး
[ပြင်ဆင်ရန်] သီတင်းကျွတ်လ
ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "သီတင်းကျွတ်လ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ "အမေ့လက်သို့" "မိတ်ဆွေ" "ကောင်းကင်က မီးပုံးပျံ" "အလှည့်" စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။
=== သီတင်းကျွတ်လ ===
သီတင်းကျွတ်လျှင်၊ မိုလွတ်လေလွတ်၊
တိမ်ဖြူဆွတ်နှင့်၊ ပြာမွတ်ကောင်ကင်
ကြည်ကြည်လင်တည့်။
တိမ်ပြာအလယ်၊ တိမ်စွယ်အဖြူ
ကျွန်းအငူ၌၊
ငြူစူမာန်ကင်း၊ ချမ်းမြေ့ခြင်းဖြင့်
ယောက်ချင်းတကိုယ်၊ စက်ပါလို၏။
-
- ငွေတာရီ
[ပြင်ဆင်ရန်] အမေ့လက်သို့
ကိုရင်လေးသည် သင်္ကန်းကို မနိုင့်တနိုင်နှင့် ရုံ၏။ ကျောင်းဝိုင်းထဲတွင် သင်္ကန်းဒရွတ် သိုးသီနှင့် ဆရာတော် အလစ်တွင် ထွေခင်း ကစားလျက် ရှိ၏။ ကိုရင်ကလေးနှင့် ကျောင်းသား ကလေးများသည် ကျောပိုးတမ်း ကစား နေကြလေ၏။ ယင်းသို့ ကစားရာမှ ကပ္ပိယကြီး အနီးသို့ ရောက်ခဲ့၏။ ကပ္ပိယ အဘိုးအိုသည် သီတင်းကျွတ်တွင် မီးပူဇော်ရန် ဆီစိမ် စက္ကူဖြင့် မီးပုံချိုးလျက် ရှိလေသည်။
ကိုရင် ကလေးသည် ကစားနေရာမှ အမှတ်မဲ့ ငေးကြည့်မိ၏။ ကပ္ပိယကြီးသည်လည်း နှီးသတ်လျက်။ ထိုခဏ၌ ကိုရင်လေး၏ မျက်နှာသည် အလွန် ချိမြသွားလေ၏။ ဝါကျွတ်လျှင် ရှင်ထိင် ပြန်ရတောအံ့။ လူထွက်ရဗတာ့အံ့။
ကိုရင်၏ စိတ်တွင် အမေ့ မျက်နှာသည် ကွက်ခန မြင်မိသည်။ အမေနှင့် ဝေးခဲ့ရသည်မှာ သုံးလ ရှိခဲ့ပြီ။ ပုတီး စိပ်ခဲ့ရသည်မှာ သုံးလ ရှိခဲ့ပြီ။ ရှင်ကျင့်ဝတ်အတိုင်း ညီညွတ်အောင် ခြိုးခြိုးခြံခြံ နေခဲ့ရသည်မှာ သုံးလ ရှိခဲ့ပြီ။ ကိုရင်လေး၏ မျက်စိ၌ တလင်းပြင်တွင် လသာသာ ခုန်ပြေးလွှားပြီးလျှင် အမေ့နားမှာ အိပ်ရာဝင်ခဲ့ရသည်ကို မြင်ယောင်မိ၏။
ကိုရင်ကလေးသည် လက်တွင် ပတ်ထားသော ပုယင်းပုတီးကို ကောင်းကင်သို့ ပစ်မြှောက်လိုက်၏။ ကျောင်းခန်းမှ ထွက်လျှင် အမေ့လက်သို့ ရောက်ရပေတော့မည် တကား။
[ပြင်ဆင်ရန်] မိတ်ဆွေ
တိမ်ဖြူတို့သည် ကောင်းကင်တွင် ရွက်တိုက်လျက် မိုးသံလေသံ စဲခဲ့ပြီ။ မိုးရိပ် လေရိပ် စင်ခဲ့ပြီ။ ခြေခင်းလက်ခင်း သာခဲ့ပြီ။ ငှက်လေးတို့သည် လဟာပြင်တွင် မြုးထူးစွာ လှုပ်ခတ်၏။ စိတ်လိုလက်ရ တေးသီချင်းများ ဆို၏။ ငှက်ကလေးတို့သည် ဗိသုကာ အလုပ်မှ ခွင့်ရက်ရှည် ယူခဲ့ပြီးလျှင် နားနားနေနေ ပတ်ဝန်းကျင်ကို ကြည့်၏။ ကိုယ်ညောင်း လက်ဆန့် ပျံသန်း၏။
ရပ်တိုင်း ရွာတိုင်း၌ ဆိုင်းတခြိမ့်ခြိမ့်၊ အငြိမ့်ပွဲ ဇာတ်ပွဲ ရုပ်သေးပွဲတို့တွင်လည်း လူတိုးမပေါက်။ ဝက်ဝက်ကွဲ စည်ကား၏။ ပွဲလမ်းသဘင်တို့ဖြင့် စိုပြည်လှပေ၏။ ရယ်သံ မောသံတို့သည် နိုင်ငံတခုလုံးအား ဖုံးလွမ်းလျက် ရှိ၏။ စိတ်လှနှလုံး၌ တည်းအပ်သော နှောင်ကြိုးတို့သည် ပြေခဲ့လေပြီ။
လေပြည်သည် မိုးဒဏ်ကြောင့် ငြိမ်သက် ဝပ်စင်း နေကြရကုန်သော သစ်ပင်တို့အား သတင်းပေး၏။ လှုံ့ဆော်၏။ ထို့ကြောင့် သစ်ပင်တို့သည် ဦးခေါင်း ခြေလက်တို့ကို ဝှေ့ယမ်း၍ နှုတ်ဆက်စကား ဆိုကြကုန်၏။ မိုးရာသီကို နှောင်နှစ်မှ ဆုံကြဦးစို့ဟု နှုတ်ဆက်ကြဟန် သစ်ကိုင်းများ ယိမ်းကြ၏။ ကျေးဇူးစကား ပြောကြားကြပြီ။
သည်တကွေ့တွင် မိုးနှင့် တွေ့ခဲ့ပြီ။ သည်ယနေ့တွင် မိုးနှင့် လမ်းခွဲတော့မည်။ ခေတ္တ လမ်းကြုံတုန်း မိတ်ဆွေ ဖြစ်လိုက်ကြရခြင်း ဖြစ်သည်။
မိတ်ဆွေ ဖြစ်ပြီးနောက် အဘယ်မှာ မေ့နိုင်တော့အံ့။
[ပြင်ဆင်ရန်] ကောင်းကင်က မီးပုံးပျံ
ကောင်းကင်၌ မီးပုံးပျံတို့ကို မြင်မိပါစ။ လေတိုက်ရာ လွင့်ပါး၍ လေသွားရာ လိုက်ရသော သူတို့ ဘဝကို မတည်ငြိမ်ကောင်းလေဟု မှတ်ချက် မချပါလင့်။
မိမိတို့ ဘဝသည်လည်း မငြိမ်ချေ။ မငြိမ်သူချင်း ရှုတ်ချကောင်းသလော။ အမှန်မှာ မီးပုံးပျံတို့သည် လောက၏ အကြောင်းကို စူးစမ်းကြ၏။ သိချင်ကြ၏။ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းလျက် တခုနှင့်တခု နှိုင်းယှဉ်ကြည့်ကြ၏။ ချိန်ထိုးကြည့်ကြ၏။ လောက၏ စကားထားကို ဉာဏ်ကစား ကြည့်ကြသူများပါပေ။
ခြေမငြိမ်သူ၌ အသိဉာဏ်တို့ စုပုံလာကြ ပေလိမ့်မည်။ အသိ စုဆောင်း နေသူတို့သည် အအား မရှိ။ သူတို့သည် လောဘအိုးများ ဖြစ်ကြ၏။ သူတို့၏ စိတ်သည် သိချင်မှုတို့ဖြင့် လေးလံလျက် ရှိ၏။
ထို့ကြောင့် တရွေ့ရွေ့ သွားနေသော တိုးဝှေ့ရသည်ကို ပျော်၏။ မှောင်ထဲ၌ ယိမ်းနေရသော သူ့မီးညွန့်သည် အလဟဿ မဖြစ်။ ကောင်းကင်၏ ကျယ်ပြန့်ခြင်းကို ပြသနိုင်သော သူစွမ်းသည် နည်းနည်းနောနော အစွမ်းမဟုတ်။
တိမ်ဖြူကလေးသည် ကောင်းကင်၌ ရပ်လျက်ရှိ၏။ မီးပုံးပျံသည် တိမ်ဖြူအနီးသို့ တိုးဝှေ့ကာ ကပ်၏၊ ငါသည် လောကတခွင်ကို တိမ်နှယ် မြင်နိုင်ပေပြီ တကားဟု အားရဟန် ရှိလေ၏။
[ပြင်ဆင်ရန်] အလှည့်
မိုးကုန်ပြီ။ မိုးကောင်းကင်သည် သူ့မျက်နှာတွင် ပေကျံနေသော တိမ်စ တိမ်နများကို သန့်ခဲ့ပြီ။ ကောင်းကင်သည် ပြာလဲ့လဲ့။
နေသည် ရဲရဲပေါ်ခဲ့သည်။ ယခင်က မိုးတိမ်များကို ဦးစားပေးခဲ့ရသည်။ ဝင်းပပ ရောင်ခြည်တို့ကို ခဏ ရုပ်သိမ်းခဲ့ရသည်။ အားရှိသော နေမင်း၏ မျက်နှာသည် တိမ်တို့၏ နောက်တွင် ပုန်းနေခဲ့သည်။ သူ့အခါမှ သူစိုးမိုးပါစေ။ မိုးအခါမှာ မိုးရွာချင်ပေမည်။
'အလှည့်' သို့မဟုတ် 'အခါ' သည် ရှိစကောင်း၏။ အရာရာတိုင်း၏ တန်ဖိုးသည် အလှည့်ကို မှီ၍ သို့မဟုတ် 'အခါ' ကို မှီ၍ တည်တတ်ပေ၏။ ယင်းသို့ အခါသင့် အလှည့်ကြုံလျှင် သူတို့၌ အစွမ်းဟူသည် ရှိကြပေသည်ပင်။
နေမင်းသည် သူသာလျှင် အားကြီးသူဟု မအောက်မေ့။ သူအလှည့်သာလျှင် ထာဝစဉ် ရှိရမည်ဟု မတောင်းဆို။ သူ့အခါသာလျှင် အမြဲတည်ရမည်ဟု မထောင်မလွှား၊ မိမိ၏ နေရာကို အလိုက်သိစွာ ဆုတ်ခွာပေးခဲ့ပေ၏။ မိုးညိုပါစေ၊ မှိုင်းပါစေ၊ ဆိုင်းပါစေ၊ ရွာပါစေ။
ယခုကား မိုးအလှည့် ကုန်ပြီ။ မိုးအခါ ဆုံးပြီ။ နေမင်းရောင်ခြည် ဖြာဦးအံ့။ နေခြည် မြူးဦးအံ့။ ဤသို့ တွေးလျက် တောင်ထိပ်ပေါ်မှ နေမင်း ထလိုက်စဉ် နေမင်း၏ ရှေ့၌ နှင်းမှုန်များ ရောက်လာကြကုန်၏။
ဩော် … ဆောင်းအလှည့်ပေတကား။
တင်မိုး
[ပြင်ဆင်ရန်] သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့
". . . ပြုလည်းပြု၊ ပြင်လည်း ပြင်မှသာ အကောင်းဘက်သို့ ပြောင်းလဲမည်။ မပြုလည်း မပြု၊ မပြင်လည်း မပြင်လျှင် အဆိုးဘက်သို့သာ ပြောင်းလဲ သွားလိမ့်မည်။ ပြုပြင် ပြောင်းလဲဟူရာ၌ အကောင်းဘက်သို့ ပြောင်းလဲဖို့ အတွက် ပြုပေး ပြင်ပေးမှ ဖြစ်မည်။ ပြုဟူရာ၌ ဖြစ်အောင် ပြုတတ်မှ ပြုရာ ရောက်သည်။ ဖြစ်အောင် မပြုတတ်လျှင် ဖျက်တာနှင့် အတူတူပင် ဖြစ်သည်။ . . . " . . . [Weekly Eleven News, No. 9, Vol. 3, December 12, Wednesday, 2007 ကနေ ကူးယူထားတဲ့ "သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့" အကြောင်းကို ပြန်လည် လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။]
[ပြင်ဆင်ရန်] သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့
ဝါဆိုလပြည့်ကျော် တရက်နေ့တွင် ဝါဆို ဝါကပ်ခဲ့သော ရဟန်းတို့သည် သီတင်းကျွတ် လပြည့်နေ့တွင် ဝါမှ ကင်းလွတ် ဝါကျွတ်သည်။ သွားလိုရာ အရပ် လွတ်လပ်စွာ သွားလာခွင့် ရသည်။ ထို ဝါကျွတ်သောနေ့တွင် ပဝါရဏာ ပြုကြရသည်။
ပဝါရဏာ၏ အဓိပ္ပာယ်က 'ဖိတ်မန်ခြင်း' ဟု အဓိပ္ပာယ်ရသည်။ ကျောင်းတိုက်တခု၌ ဝါကပ်သော သံဃာ သို့မဟုတ် ပဝါရဏာဂိုဏ်း ဖွဲ့ထားသော နီးစပ်ရာ ကျောင်းတိုက်မှ သံဃာ တို့သည် သိမ်တခုမှာ အညီအညွတ် စုရုံးပြီး မထေရ်ကြီးမှ အစ အငယ်ဆုံး ရဟန်းထိ တပါးချင်းစီ ပဝါရဏာ ပါဠိ ရွတ်ဆိုကာ ပဝါရဏာ ပြုကြရသည်။ သံဃာ အားလုံး ယုံကြည်မှု ခိုင်မြဲရေး၊ ချစ်ကြည်ရေး၊ စည်းလုံး ညီညွတ်ရေး အတွက် အဖဘုရား ချမှတ်ထားခဲ့သော အလွန်ကောင်းမြတ်သည့် အစဉ်အလာ ဖြစ်သည်။
"သံဃာတော် အရှင်သူမြတ်တို့ ဘုရား … တပည့်တော်မှာ အပြစ် တစုံတရာ ရှိကြောင်း ကိုယ်တိုင်မြင်၍ ဖြစ်စေ၊ တစ်ဆင့်ကြား၍ ဖြစ်စေ၊ ယုံမှား သံသယရှိ၍ ဖြစ်စေ၊ ထောက် ပြပြောဆိုဖို့ ဖိတ်မန်ပါသည် ဘုရား။ အရှင်မြတ်တို့က တပည့်တော်ကို သနားသော အားဖြင့် ပြောဆို ဆုံးမကြပါဘုရား။ တပည့်တော် အပြစ်ရှိရိုး မှန်လျှင် ကုစားပါမည်။ ပြုပြင်ပါမည် ဘုရား …" ဒါက ပဝါရဏာပြုပုံ ဖြစ်၏။
လူပုဂ္ဂိုလ် တဦးနှင့် တဦး ကြားမှာဖြစ်စေ၊ အဖွဲ့အစည်း အတွင်း အချင်းချင်း ကြားမှာဖြစ်စေ တဦးအပေါ် တဦး သံသယ ကင်းရှင်းပြီး ယုံကြည်မှု ရှိဖို့ လိုသည်။ ယုံကြည်မှုနှင့် ဆက်ဆံ ပေါင်းသင်း ကြရသည်။ အလုပ်လုပ်ကိုင် ကြရသည်။ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အတွက် ရိုးသားဖို့ လိုသည်။ ရိုးသားသည်ဟု လက်ခံနိုင်ဖို့ အတွက် လျှို့ဝှက်ထားခြင်း၊ ထိန်ချန်ထားခြင်း မရှိ၊ ပွင့်လင်းဖို့ လိုသည်။ ပဝါရဏာ ဟူသည် ပွင့်လင်းမှု၏ တန်ဖိုးကို ဖော်ညွှန်းသော ပြယုဂ် တခု ဖြစ်သည်။ အပြစ်ဟူသည် လူတိုင်းမှာ ရှိသည်။ လောဘ၊ ဒေါသ မကင်းနိုင်သေးသူ မှန်သမျှ အပြစ်မကင်း နိုင်သေးပါ။ လောဘ၊ ဒေါသကင်းမှသာ အပြစ်ကင်းပါ၏။ လောဘ၊ ဒေါသအားကြီးသူက အပြစ် ပိုများ၍ လောဘ၊ ဒေါသ နည်းသူက အပြစ်နည်းမည်။ အတ္တသည် လောဘ၏ ကိုယ်ပွားဖြစ်သဖြင့် အတ္တကြီးသူက အပြစ်ပိုကြီး၍ အတ္တနည်းသူက အပြစ်နည်းမည်။ ကိုယ့်အပြစ်ကိုယ် မြင်ဖို့ သိဖို့ လိုသည်။ ကိုယ့်အပြစ် ကိုယ်သိမြင်ပြီးလျှင် ဝန်ခံဖို့လို သည်။ ပြုပြင်ဖို့ လိုသည်။ ပြုပြင်ဟု ဆိုသည့် အတိုင်း ပြုဖို့ လိုသလို ပြင်ဖို့လည်း လိုသည်။
သင်္ခါရဟူသည် ပြုပြင်မှုကို အမြဲတစေ တောင်းဆိုနေသည်။ ပြုလည်းပြု၊ ပြင်လည်းပြင်မှ ဖြစ်မည်။ ပြုလည်းပြု၊ ပြင်လည်း ပြင်မှသာ အကောင်းဘက်သို့ ပြောင်းလဲမည်။ မပြုလည်း မပြု၊ မပြင်လည်း မပြင်လျှင် အဆိုးဘက်သို့သာ ပြောင်းလဲ သွားလိမ့်မည်။ ပြုပြင် ပြောင်းလဲဟူရာ၌ အကောင်းဘက်သို့ ပြောင်းလဲဖို့ အတွက် ပြုပေး ပြင်ပေးမှ ဖြစ်မည်။ ပြုဟူရာ၌ ဖြစ်အောင် ပြုတတ်မှ ပြုရာ ရောက်သည်။ ဖြစ်အောင် မပြုတတ်လျှင် ဖျက်တာနှင့် အတူတူပင် ဖြစ်သည်။ ကျွမ်းကျင်မှ လိမ္မာ ဆိုသည့်အတိုင်း မိမိ ကျွမ်းကျင်သည့် အလုပ်ကို လုပ်မှ လူလိမ္မာ ဖြစ်မည်။ မိမိ မကျွမ်းကျင်သော အလုပ်ကို လုပ်လျှင် လူမိုက် ဖြစ်တတ်သည်။ မိမိက ပြုသော်လည်း မပြုတတ်လျှင် ပြုပုံ ပြုနည်း မမှန်လျှင် ပြုရာ မရောက်ဘဲ ဖျက်ရာ ရောက်တတ်သည်။ ထိုအခါ မိမိ ပြုနေတာကို ပြင်ဖို့ လိုသည်။ ပြင်ကို ပြင်မှ ဖြစ်မည်။
ကိုယ့်အမှားကို ပြုပြင်ရဲသော သတ္ဈိသည်သာ သတ္တိ အစစ် ဖြစ်သည်။ လူအများစုက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းသူဟု ထင်ကြသည်။ အပြစ်ရှိမှန်း သိသော်လည်း ကိုယ့်ကိုယ်ကိုယ် ဖော့တွေးတွေးပြီး အပြစ်ကင်းသူဟု အများက ထင်အောင် ဖုံးကြ၊ ဖိကြသည်။ လိမ်ကြ၊ ညာကြသည်။ ဆင်ခြေ တက်ကြ၊ ထုချေလွှာ တင်ကြသည်။ ကာကွယ်နည်းမျိုးစုံနှင့် ကာကွယ်ကြသည်။ ကိုယ့်အပြစ်ကိုယ် ဝန်မခံလိုကြ။ ပွင့်လင်းမှု၊ ရိုးသားမှု မရှိကြ။ ပွင့်လင်းမှု၊ ရိုးသားမှု ကင်းမဲ့သဖြင့် ယုံကြည်မှုကိုလည်း မတည်ဆောက်နိုင်ကြ။
ဘုရားရှင် လက်ထက်တော်က ကောသလဇနပုဒ်၌ သီတင်း သုံးတော်မူကြသော ရဟန်းတို့သည် ဝါတွင်း သုံးလ အခါ ဘုရားရှင်က နှုတ်ဆက် စကား ပြောကြားပြီး ဝါတွင်းသုံးလ နေထိုင် ကျင့်သုံးပုံကို မေးမြန်းတော်မူ၏။ ရဟန်းတို့က ဝစီပိတ် ကျင့်ကြကြောင်း ဂုဏ်ယူ၍ လျှောက်ထားသော အခါ ဘုရားရှင်က အပြင်းအထန် ကဲ့ရဲ့ ရှုတ်ချ ကန့်ကွက်တော်မူ၏။ တိရစ္စာန် အကျင့် ဖြစ်ကြောင်း၊ တိတ္ထိ အကျင့် ဖြစ်ကြောင်း နှိမ်ချ ပြောဆိုတော်မူ၏။ ဝစီပိတ် ကျင့်ခြင်းသည် အထီးကျန် ကျင့်သုံးရာ ရောက်သည်။
ဘုရားရှင်က အထီးကျန် ဆန်သော အကျင့်မျိုးကို ကြိုက်နှစ်သက်တော် မမူ။ သိုက်သိုက်ဝန်းဝန်း၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ ပျော်ပျော်ရွှင်ရွှင်နှင့် လက်တွဲ လုပ်ကိုင် ဆောင်ရွက် နေတာကို မြင်ချင်သည်။ ယဉ်ကျေးမှု ဟူသည် အများနှင့် ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်တတ်ခြင်းဟု ပညာရှင်တို့က ဆိုသည်။ မပြောမဆို ရေငုံ နှုတ်ပိတ် နေတာမျိုးကို ဘုရား မလိုချင်။ ရေလိုက် ငါးလိုက် ပြောသူမျိုးသည် ရိုးသားသူ မဟုတ်သလို မိတ်ဆွေကောင်းလည်း မဟုတ်။ အချင်းချင်း ပွင့်ပွင့်လင်းလင်းနှင့် ပြောသင့်တာပြော၊ ဆိုသင့်တာ ဆိုတာမျိုးကို ဘုရား လိုချင်သည်။ လူဆိုတာ ကိုယ့်အပြစ်ကိုယ် မြင်တာမဟုတ်။ သူများ ထောက်ပြမှသာ မြင်ရတာ များသည်။ အပြစ်တင်လာသူ၊ အပြစ် ပြောလာသူကို ရွှေအိုး ညွှန်ပြသူကဲ့သို့ မှတ်ရမည်ဟု ဘုရားမိန့်သည်။ စေတနာ အရိုးခံနှင့် အပြစ်တင်လာသူကို ကျေးဇူးတင်ရမည်။ အပြစ် ပြောသူရှိမှ အပြစ် တွေ့မည်။ အပြစ်တွေ့မှ ထိုအပြစ်ကို ပြင်နိုင်မည်။ အပြစ်ကို ပြင်နိုင်မှ အပြစ်ကင်းမည်။ အပြစ်ကင်းမှ ကောင်းကျိုးရမည်။ သံဃာကို ဘုရား အလွန် အားထားသည်။ သံဃာ၏ အားကို ဘုရား အလွန် အားကိုးသည်။ ဘုရား မရှိသည့် နောက်ပိုင်း ငါးထောင် သာသနာကို သယ်ပိုး ဆောင်ရွက်မှာက သံဃာ ဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်က သံဃာထု အတွင်း စည်းလုံး ညီညွတ်ရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးကို ရှေးရှု၍ ဝါကျွတ်လျှင် ပဝါရဏာ ပြုကြဖို့ မိန့်ဆို ပညတ်တော်မူ၏။ အဖွဲ့အစည်း အမျိုးမျိုးတွင် ဗုဒ္ဓ၏ သားတော် သံဃာ အဖွဲ့အစည်းသည် အခိုင်မာဆုံး၊ သက်တမ်း အရှည်ကြာဆုံး အဖွဲ့အစည်း ဖြစ်သည်။
ယနေ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် တိုင်အောင် မိမိတို့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်၍ ညီညွတ် ခိုင်မြဲစွာ တည်ရှိနေခြင်းသည် အချင်းချင်း ယုံကြည်မှု တည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းသည် ဥဇုပ္ပဋိပန္နဂုဏ်နှင့် အညီ ရိုးသား ဖြောင့်မတ် ကြခြင်းကြောင့် ဖြစ်သည်။
ရိုးသား ဖြောင့်မတ်သည်ဟု အချင်းချင်း လက်ခံနိုင်ခြင်းသည် ကွယ်ဝှက်မှု မရှိ၊ ထိန်ချန်မှု မရှိ၊ ခိုးကြောင် ခိုးဝှက် မရှိ အချင်းချင်း ပွင့်ပွင့်လင်းလင်း ရှိကြခြင်း ဖြစ်သည်။ ထိုအကျိုးဆက် အားလုံးမှာ ပဝါရဏာ၏ အကျိုးဆက်များ ဖြစ်သည်။ ဆက်စပ် တွေးကြည့်လိုက်တော့ ရဟန်းတော်များ၊ ပဝါရဏာ ပြုသကဲ့သို့ လူတွေလည်း အချင်းချင်း ပဝါရဏာ ပြုကြလျှင် ကောင်းမည်။ မိသားစု အချင်းချင်း၊ ဆွေမျိုး အချင်းချင်း၊ လူမျိုး အချင်းချင်း၊ အဖွဲ့အစည်း အသီးသီးမှာ မိမိမှာ အပြစ်ရှိလျှင် ထောက်ပြ ပြောဆိုဖို့၊ အပြစ်ရှိလျှင် ပြုပြင်ပါမည့် အကြောင်း ရိုးရိုးသားသား၊ လိုလိုလားလား ဖိတ်မန်ရမည်။ အပြစ်ရှိလျှင် တောင်းပန်ရမည်။ ပြုပြင်ရမည်။ ကျေအေးရမည်။ လူသား အချင်းချင်းကြား ဒီလို ကျင့်သုံးနိုင်လျှင် သိပ်ကောင်းမည်။ ချစ်ကြည်မှုတွေ၊ ယုံကြည်မှုတွေ၊ နားလည်မှုတွေ ရမည်။ သံသယတွေ၊ နားလည်မှု လွဲမှားတာတွေ၊ အငြိုးအတေးတွေ အားလုံး ပျောက်သွားမည်။ မျက်နှာချင်း ဆိုင်လိုက်တာနှင့် သံသယတို့ အာဃာတတို့ ဆိုတာ ပျောက်သွားမြဲ ဖြစ်ပါသည်။ လူတွေ အချင်းချင်း ပဝါရဏာ ပြုကြလို့ ပွင့်ပွင့်လင်းလင်း ရှိကြလျှင် ရိုးသားမှုနှင့် ယုံကြည်မှု တည်ဆောက် နိုင်ကြလိမ့်မည်။ ယုံကြည်မှု ရှိလျှင် နားလည်မှု ရလိမ့်မည်။ လူသား အချင်းချင်းကြားမှာ အလိုအပ်ဆုံးက "နားလည်မှု" ပဲ ဖြစ်သည်။ နားလည်မှု နောက်မှာ "ပြေလည်မှု" ဆိုတာ ပါလာသည်။ ဘဝမှာ အရေးကြီးဆုံးက အားလုံး ပြေလည်ဖို့ပဲ ဖြစ်သည်။ ထိုသို့ နားလည်မှုတွေ၊ ပြေလည်မှုတွေ ရကြဖို့ လူတွေလည်း နှစ်စဉ် လူ့ပဝါရဏာ ပြုနိုင်လျှင် သိပ်ကောင်းမည်ဟု တွေးမိသည်။