မြန်မာ့ လက်ဝှေ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရွှေဓူဝံ နှင့် ဝမ်ချိုင်း လက်ဝှေ့ ထိုးစဉ်

မြန်မာလက်ဝှေ့၊ ရိုးရာလက်ဝှေ့ (ဝါ) ဗန်တိုလက်ဝှေ့သည် မြန်မာနိုင်ငံတွင် အစပြုထွန်းကားသော ရိုးရာအားကစားနည်း တစ်ရပ် ဖြစ်သည်။ လက်သီးတံတောင်ခြေထောက်ဒူးဦးခေါင်း တို့အား လွတ်လပ်စွာ အသုံးပြုခွင့် ရှိပြီး မည်သည့် အကာအကွယ် ပစ္စည်းမှ အသုံးပြုခြင်း မရှိပေ။ မြန်မာလက်ဝှေ့သည် အခြားသော အရှေ့တောင်အာရှ လက်ဝှေ့ နည်းများ ဖြစ်သည့် မွေထိုင်း (ထိုင်း)၊ မွေလာအို (လာအို)၊ ခွန်ခမာ (ကမ္ဘောဒီးယား)၊ တိုမွိုင် (မလေးရှား) တို့နှင့် အုပ်စုတူ ဖြစ်သည်။

ရှေးခေတ်နှင့်ကိုလိုနီခေတ် မြန်မာ့လက်ဝှေ့[ပြင်​ဆင်​ရန်​]

ရှေးခေတ် မြေဝိုင်း လက်ဝှေ့ပွဲ

လက်ဝှေ့ ထိုးသတ်ခြင်း အားကစားသည် ရှေးပျူနိုင်ငံများ လက်ထက် ကပင် ပေါ်ပေါက် ခဲ့သည် ဟုယူဆရသော်လည်း ထင်ရှားသည့် သက်သေ အထောက်အထားများကို ပုဂံခေတ် မှသာ တွေ့ရှိရသည်။ ပုဂံ ဂူဘုရား အချို့ရှိ နံရံ ဆေးရေး ပန်းချီများတွင် လက်ဝှေ့၊ နပန်း အားကစားသမားများ နှင့် ကခုန်၊ တီးမှုတ်နေသည့် သဘင်သည်များအား အထင်အရှား တွေ့နို်င်သည်။ ရှေးမြန်မာ ဘုရင်များ လက်ထက်တွင် လက်ဝှေ့ပညာအား စစ်ပညာရပ်များနှင့် အတူတပ်မတော်တွင် သင်ကြားပြသ သည့်အပြင် လက်ဝှေ့ပွဲများ ကိုလည်း ချိမ့်ချိမ့်သဲ ကျင်းပလေ့ ရှိသည်။ သီပေါမင်း လက်ထက်တွင် ထင်ရှားသည့် လက်ဝှေ့ ကျော်များအား "လက်ဝှေ့တော်သတ်" ဘွဲ့ချီးမြှင့်၍ သူကောင်း ပြုခဲ့သည်။ [၁]


ဗြိတိသျှ ကိုလိုနီခေတ် အရောက်တွင် ရိုးရာ ကိုယ်ခံပညာများအား ဥပဒေထုတ် ပိတ်ပင် ခဲ့ခြင်းကြောင့် တချိန်က ဘုရင်ကိုယ်တိုင် ကြည့်ရှုအားပေး ခဲ့သော လက်ဝှေ့ပွဲများ မှေးမှိန် သွားခဲ့ရသည်။ ကျေးလက်ဒေသနေ လယ်သမားများသည် မြန်မာ့လက်ဝှေ့ ပျောက်ကွယ် မသွားအောင် အဓိက ထိန်းသိမ်း ပေးခဲ့ကြသူများ ဖြစ်သည်။ စစ်ကြိုခေတ် မြန်မာ လက်ဝှေ့ကျော် များသည် ဝါးလုံးများ ကွဲအောင် ထိုးနိုင် ကြသလို မျက်နှာ ပေါ်မှ အမှတ်အသား ကိုပါ ထိအောင် ထိုးနိုင်ကြသည် ဟုဆိုသည်။ ထိုစဉ်က လက်ဝှေ့ကျော် များသည် သဘင်သည်များကဲ့သို့ မြန်မာပြည်အနှံ ဘုရားပွဲများသို့ လှည့်လည်ကာ အလံလုပွဲ များတွင် ပါဆင်နွှဲကြသည်။ သို့သော် စစ်ပြီးခေတ် အရောက်တွင် အထက်မြန်မာပြည် ၌လုံးဝ နီးပါး ပျောက်ကွယ် သွားခဲ့ သလို အောက်မြန်မာပြည် ၌လည်း အမြစ်မပြတ်ရုံ သာကျန်ရစ် ခဲ့သည်။

ကျေးလက်ဘုရားပွဲများမှသည် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲများသို့[ပြင်​ဆင်​ရန်​]

ဦးကျားဘငြိမ်း ၁၉၂၃-၁၉၇၉

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစ ကာလတွင် ရိုးရာလက်ဝှေ့သည် အမျိုးသားရေးလက္ခဏာ တစ်ခုအဖြစ် ပြန်လည် ဦးမော့ လာခဲ့သော်လည်း စနစ်တကျ နှင့် ပြိုင်ပွဲ များ မရှိသေး သလို မြေဝိုင်း ထိုးသတ်ခြင်း အဆင့်တွင် သာရပ်တန့် နေခဲ့သည်။ ထို့ကြောင့် မြန်မာ့လက်ဝှေ့ အား ပြည်သူများ ပြန်လည်စိတ်ဝင်စား အားပေးလာ စေရန်နှင့် စည်းစနစ်ကျစွာ အဆင့်မြင့်မြင့် ယှဉ်ပြိုင် နိုင်စေရန် အားထုတ်ခဲ့ကြ ရာတွင် ဆရာကျားဘငြိမ်း မှာအထင်ရှားဆုံးဖြစ်သည်။

ဆရာကျား ဘငြိမ်းသည် ၁၉၅ဝဝန်းကျင် ခန့်မှစ၍ ရိုးရာလက်ဝှေ့ ပညာ ကျန်ရှိ နေသေးသော ကျေးလက်ဒေသ များသို့ လှည့်လည်ကာ ပညာရှင်များကို တွေ့ဆုံခဲ့ သည်သာမက ကိုယ်တိုင်သင်ယူရင်း မြို့ပြသို့ ပေါက်ရောက်အောင် ဆောင်ရွက် ခဲ့သည်။ ရလဒ်အားဖြင့် မြေဝိုင်းပွဲများမှ ကြိုးဝိုင်းစင်မြင့် အဆင့်သို့ ရောက်ရှိလာခဲ့သည့် အပြင် လွတ်လပ်ရေးနေ့ပြည်ထောင်စုနေ့တောင်သူလယ်သမားနေ့အလုပ်သမားနေ့ နှင့် အခြားသော အခါကြီး ရက်ကြီးများတွင် အမျိုးသား တံခွန်စို်က် ပြိုင်ပွဲကြီးများကိုပါ ကျင်းပနိုင်ခဲ့သည်။

ထိုသို့ ဆောင်ရွက် ရာတွင် ဆရာကျားဘငြိမ်းသည် ငွေကြေး အပါအဝင် အခြားသော အခက်အခဲ ပေါင်းများစွာ ကို ကျော်လွှားခဲ့ ရသည်။ အထူးသဖြင့် ဆုကြေးစား အဖြစ် အသက်မွေး ဝမ်းကျောင်း နိုင်ရန် ထိုက်တန်သည့် ဆုကြေးငွေများ အား ရှာဖွေ ရခြင်းဖြစ်သည်။ ၁၉၆၆ခုနှစ်ထိ ပဲရော့ ဦးဆန်နီ၏ မြဘယက်ဆု၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ၏ ကျပ်၁ဝဝဝကျော်တန် အလံဆု တို့မှာ အများဆုံးဖြစ်ပြီး ၅ဝဝဝကျပ်တန် အလံဆု ထိပါ ရှိခဲ့သည် ဟုဆိုသည်။

ရှေးခေတ်မြေဝိုင်းလက်ဝှေ့ အခင်အကျင်း[ပြင်​ဆင်​ရန်​]

ရှေးခေတ် အစဉ်အလာအရ မြန်မာ့လက်ဝှေ့ကို မြေဝိုင်း ဇာတ်များ ကသကဲ့သို့ မြေစိုက် ဝိုင်းဖြင့် ထိုးသတ်သည်။ ၂၄ပေ ပတ်လည်ခန့် ရှိသည့် လေးထောင့် မြေစိုက်ဝိုင်း များတွင် ထိုးသတ်သည်။ မြေဝိုင်း အတွင်းတွင် သဲ သို့မဟုတ် ဖွဲ များခင်း၍ ပြင်ဆင်ကြသည်။ အများအား ဖြင့် နံနက်၊ နေ့ခင်း မွန်းတည့်ပိုင်း များတွင် ထိုးသတ်ကြလေရာ မီးမလိုချေ။

ရှေးခေတ်အတန်းအစား ခွဲခြားပုံ[ပြင်​ဆင်​ရန်​]

ရှေးခေတ်မြန်မာ လက်ဝှေ့သမား များအား ကိုယ်အလေးချိန် ခွဲခြား၍ အတန်းအစား မကန့်သတ်ပေ။ အသက် အကြီးအငယ် ကိုလည်း မခွဲ ခြားပဲ သတ္တိပြိုင်လိုသူချင်း ယှဉ်ပြိုင် ထိုးသတ်ရခြင်း ဖြစ်သည်။ သို့သော် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ဟူ၍ လက်ဝှေ့ ပညာ ကိုကြည့်၍ ခွဲခြား ထားသည်။ တတိယတန်းတွင် ထိုးသတ်နေသူကို အခြားတတိယတန်းများက ဝိုင်းပယ်လာသော အခါ ဒုတိယတန်းသို့ တက်ရပြီး ဒုတိယတန်းမှ ပယ်လာသောအခါ ပထမတန်းသို့ တက်ရသည်။ သို့သော် အပေါ်တန်းမှ အောက်တန်းသို့ ဆင်းခွင့် မရချေ။

နောက်ခံဂီတ[ပြင်​ဆင်​ရန်​]

မြန်မာလက်ဝှေ့ ထိုးသတ်ရတွင် နောက်ခံ ဆိုင်းအား မြန်မာဆိုင်းဝိုင်းကြီး ဖြင့် တီးမှုတ် ပေးရသည်။ လက်ဝှေ့ပွဲ မစမီ တွဲဆိုင်း ရှာသော အခါတွင် ဖြစ်စေ၊ အရှုံးအနိုင် ပြီးသော အခါတွင် လက်ဝှေ့သမားတို့ လက်ဝှေ့ရေး ပြရသည်။ ထိုအချိန်မျိူးတွင် လေးကင်းသံ ကိုတီးပေး ရသည်။ လက်ဝှေ့ ထိုးသတ်ချိန်တွင် ဗိန်းမောင်း တီးပေး ရပြီး သက်လုံကြမ်းလေ ဆို်င်းကြမ်းလေ ဖြစ်သည်။ မြန်မာလက်ဝှေ့သည် စည်းချက်နှင့် အညီ ခြေအနှုတ်အသိမ်း၊ လှုပ်ရှား ကစားရသည့် အနုပညာမြောက် သောအားကစား နည်း တစ်မျိုးဖြစ်သည်။

လက်ဝှေ့ရေး[ပြင်​ဆင်​ရန်​]

  • ပထမအမျိုးအစား

လက်ဝှေ့ဝိုင်း အတွင်း ဝင်လာပြီး မိမိနှင့် ယှဉ်ပြိုင် ထိုးသတ်ရန် ပြိုင်ဘက်ကို စိန်ခေါ် လိုသော လက်ဝှေ့သမားက လက်ဝှေ့ရေး ပြရသည်။ လက်ဝှေ့ သမား၏ လက်ဝှေ့ ဟန်ရေးကို ကြည့်ပြီး လက်ဝှေ့ အဆင့်ကို အကဲဖြတ်ကာ ဝင်ရောက် ယှဉ်ပြိုင် ထိုးသတ် လေ့ရှိသည်။

  • ဒုတိယအမျိုးအစား

ယှဉ်ပြိုင် ထိုးသတ်မည့် လက်ဝှေ့သမား နှစ်ဦးက မိမိတို့၏ လက်ဝှေ့ အဆင့်အတန်း ကို မြင်သာစေရန်၊ ပွဲကြည့်သူ ပရိတ်သတ် အကဲဖြတ် နိုင်စေရန် ပူးတွဲ၍ လက်ဝှေ့ ရေးပြရသည်။

  • တတိယအမျိုးအစား

အရှုံး အနိုင် ပေါ်ပြီး ချိန်တွင် အနိုင်ရသူက အောင်နိုင်သူ အဖြစ် လက်ဝှေ့ ရေး ပြရသည်။ ထို့အပြင် ရှုုံးသူသည် အခဲမကြေပဲ နောက်တစ်ပွဲ ဆင်နွှဲလိုသော အခါ ထပ်ဆင့် လက်ဝှေ့ရေး ပြနိုင်သည်။

ရှေးခေတ်ပြိုင်ပွဲ စည်းကမ်းများ နှင့်အနိုင်အရှုံးသတ်မှတ်ပုံ[ပြင်​ဆင်​ရန်​]

လက်သီး၊ တံတောင်၊ ဒူး၊ ခြေဖျား၊ ခေါင်းတို့ဖြင့် ထိုး၊ တွပ်၊ ထောင်း၊ တိုက်၊ ခတ်၊ ရိုက် နိုင်သည်။ ကိုင်ပေါက်၊ ဖွတ်ချ၊ လက်ဖြင့်ချုပ်၊ ဒူးနှင့်တိုက် ခေါင်းဖြင့် ရိုက်နိုင်သည်။ လက်သီးထိုးရာတွင် ဖြောင့်လက်သီး၊ ဝိုက်လက်သီး၊ ပန်းလက်သီး၊ ပင့်လက်သီး၊ အသွားအပြန်ထိုး၊ စုံပစ်ထိုး တို့ကို ခွင့်ပြုသည်။ ဒူးတိုက်ရာတွင် ဗလာဒူး၊ ခုန်တိုက်၊ လက်ချုပ်၍ တိုက်၊ ဒူးပျံ တို့ကို ခွင့်ပြုသည်။ ထို့အပြင် ခြေဖျားခတ်ခြင်း ကိုလည်း ခွင့်ပြုသည်။ သို့သော် ဆံပင် မဆွဲရ၊ မကိုက်ရ၊ မကုတ်ရ၊ အထူးသဖြင့် မအားကို ကန်၊ တိုက်၊ ထိုး၊ ခတ်ခြင်း မပြုရ။ လဲကျနေသူ အား ထိုး၊ ကန်၊ တိုက်ခြင်း မပြုရ။ လဲကျနေသူသည် ကျောနှင့်ကျလျှင် ကျောနှင့်ကြမ်း ထိရမည်။ ဘေးဆိုလျှင် ဘေးနှင့်ကြမ်း ထိရမည်။ ရင်နှင့် ဆိုလျှင် ရင်ဘတ်နှင့် ကြမ်း ထိရမည်။

ထိုး၊ တိုက်၊ ကန်၊ ခတ် ရာမှ ရသော ဒဏ်ချက်ဖြင့် သွေးထွက်လာလျှင် ကွဲရှုံး။ အလံလုပွဲကြီး များတွင် ၄ချီစေ့သွား သောကြောင့် အရှုံးအနိုင် မပေါ်မချင်း သတ်ရသော ပွဲမျိုး၌ လက်မြှောက် အရှုံးပေးသည် အထိ ထိုးကြရပြီး ဆက်လက် မယှဉ်ပြိုင် နိုင်တော့ပါက သက်လုံရှုံး။ လက်ရည် မတူသည်ကို အကဲဖြတ် နိုင်သဖြင့် အရှုံးပေး လိုက်လျှင် ကြောက်ရှုံး။ နှာခေါင်းအတွင်းမှာ သွေးများ ထိန်းမနိုင် သိမ်းမရအောင် ထွက်လာလျှင် အတွင်းကွဲ အဖြစ် အရှုံးပေါ်သည်။ အတွင်းကွဲ၊ အပြင်ကွဲ နှစ်မျိုးလုံးတွင် သွေးကို သုံးကြိမ်သာ သုတ်ခွင့်ရှိသည်။ သွေးထွက် သံယို မရှိသော်လည်း ဆက်လက်မယှဉ် ပြိုင်နိုင်လောက်အောင် အတွင်းဒဏ်ရာ ရခဲ့လျှင် အရှုံးပေါ်သည်။ ထို့အပြင် သတ်မှတ် စည်းကမ်း များကို မလိုက်နာလျှင်လည်း ရှုံးသူအဖြစ် သတ်မှတ်ခြင်း ခံရသည်။

ယနေ့ခေတ် စည်းမျဉ်းများ[ပြင်​ဆင်​ရန်​]

ယနေ့ခေတ်တွင် လက်ဝှေ့သမားများ၏ ကိုယ်အလေးချိန် အလိုက် အတန်းအစား ၁ဝမျိုး နှင့် အလွတ်တန်း ဟူ၍ ခွဲခြား ယှဉ်ပြိုင် လာကြသည် သာမက၊ ၂၀၀၁ခုနှစ် မှစ၍ အမှတ်ပေး ဒိုင်များဖြင့် အမှတ်ပေး စနစ်ပါ အသုံးပြုလာသည်။ သို့သော် နိုင်ငံနှင့် အဝှမ်း လိုက်နာကြသည် မဟုတ်ပဲ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် မှဦးစီး ကျင်းပသည့် ရွှေခါးပတ်လုပွဲများတွင် သာတွေ့ရလေ့ ရှိသည်။ အထူးသဖြင့် အရှုံးအနိုင် မပေါ်လျှင် အမှတ်ဖြင့် မဆုံးဖြတ်ပဲ ပူးတွဲ သရေ ယူသည့် ရှေးထုံးကို ပိုမို အသုံးပြုကြသည်။ယခင် အသုံးပြုဖူးသည် ၁ဝချီ၊ ၁၂ချီ နှင့် ၁၅ချီပွဲများ အစား ပွဲအားလုံးအား ၅ချီပွဲများဖြင့် အစားထိုးခဲ့ပြီး ၃မိနစ်ထိုး ၃မိနစ်နား စံနစ် ကိုအသုံး ပြုသည်။ ထို့အပြင် ပွဲစဉ်အတွင်း နှစ်ဖက်လုံးမှ ၃မိနစ်အနားတောင်းခွင့် တစ်ကြိမ်စီ ရရှိသည်။

  • ယှဉ်ပြိုင်ထိုးသတ်မည့် လက်ဝှေ့သမား ၂ဦးစလုံးအား ကျန်းမာ ကြံ့ခိုင် ကြောင်း စစ်ဆေးရမည်။ ကြံ့ခိုင်မှုမရှိပါက ထိုးသတ်ခွင့် ပေးမည် မဟုတ်။
  • လက်တွင်အသုံးပြုသည့် ပတ်တီးများအား မာကျောအောင် မည်သို့မျှ မပြုလုပ်ရ။
  • ကိုယ်ပေါ်တွင် ဆီနှင့် အခြားမည်သည့် အရာမျှ သုတ်လိမ်းခြင်း မပြုရ။
  • ယှဉ်ပြိုင်စဉ်အတွင်း ဒဏ်ရာအနာတရ ဖြစ်ပွားပါက ပြိုင်ပွဲ ကော်မတီမှ သက်မှတ်ထားသော ဆေးမှူး၏ စစ်ဆေးခြင်း ခံရမည်။ ယင်းဆေးမှူးမှ ဆက်လက် ယှဉ်ပြိုင်ခွင့် မပြုပါက အရှုံးဟု သတ်မှတ်သည်။
  • အနားတောင်းခွင့် ကုန်ဆုံးသွားပါက လဲကျလျှင် တစ်မှ တစ်ဆယ်ထိ စတင်ရေတွက် မည်။
  • ကြိုးဝိုင်းဒိုင်မှ ရပ်ဟု ပြောလျှင်လည်ကောင်း လက် နှင့် ခြေတို့ဖြင့် ရပ်ရန် အချက်ပြလျှင် လည်ကောင်း ရပ်နားရမည်။
  • ကုတ်ခြင်း၊ ကိုက်ခြင်း၊ ဆွဲခြင်း၊ ပါးရိုက်ခြင်း မပြုရ။ ထိခြင်းသုံးပါး နှင့် ညီညွတ်နေချိန်တွင် ထိုးခြင်း ကန်ခြင်း မပြုရ။ မအားကို ကန်ခြင်း၊ ထိုးခြင်း မပြုရ။

ထင်ရှားသော မြန်မာလက်ဝှေ့ကျော်များ[ပြင်​ဆင်​ရန်​]

တိုးလုံ
Shwewatun.jpg
ဝမ်ချိုင်း
လုံးချော
  • ကုလားပျံကြီး(စစ်ကြိုခေတ်)
  • တိုးလုံ
  • ဝမ်းဒေါ်လာ
  • ဗျောက်
  • ဂျပန်စိန်
  • မြဝတီသန်းရွှေ
  • မဲကြီး
  • ပရှုူးမောင်ရုံး
  • စောရူဘီ
  • နီလာဝင်း
  • ဒေါန
  • ဗိုလ်စိန်
  • ချစ်စရာ
  • ဖြူလေး
  • သမိန်ဗရမ်း(ကွမ်းခြံကုန်း)
  • စစ်ကိုင်းကျောင်းသား
  • လူလေး(ဘားအံ)
  • အသဲတပွင့်
  • ရိုးရိုးလေး
  • သထုံဘမြင့်
  • ရွှေဝါထွန်း
  • စောသဲအောင်(တွံတေး)
  • ရွှေဓူဝံ
  • ရှမ်းလေးသွေး
  • ဝမ်ချိုင်း
  • အယ်ထီးကော်
  • တွေ့မရှောင် Tway Ma Shaung
  • စောသဲမျိုး
  • လုံးချော(ညောင်တုန်း)
  • ရွှေဆိုင်း
  • ဝင်းထွန်း
  • စောသဲလေး
  • အောင်ဇေယျ
  • နိုင်ဝမ်းလေး
  • စောငမန်း
  • ရန်ကြီးအောင်

ပြည်ပ ချစ်ကြည်ရေးပွဲများ[ပြင်​ဆင်​ရန်​]

အမေရိကန်အသင်း

၁၉၅၅ခုနှစ်တွင် မြန်မာ့ပထမတန်းလက်ဝှေ့ကျော်များကို ထိုင်းနိုင်ငံ သို့စတင်၍ စေလွှတ်ခဲ့ဖူးသည်။ ထို့နောက် ၁၉၆ဝခုနှစ် အောက်တိုဘာလတွင် တရုတ်-မြန်မာ နယ်နိမိတ် ချုပ်ဆိုပွဲသာမက၊ ပီကင်း နှင့် ရှန်ဟဲ မြို့များသို့ပါ တိုးလုံ၊ ဖြူကြီး၊ ဗိုလ်စိန် တို့ပါဝင်သည့်လက်ဝှေ့ကျော် ၁ဝဦး စေလွှတ် ခဲ့သည်။ [၂]၂၀၀၁ခုနှစ် ဇွန်လတွင် အမေရိကန် သုံးဦးဖြစ်သော Shannon Ritch၊ Albert Ramirez၊ Doug Evans နှင့် ဩစတြေးလျ အပျော်တမ်း လက်ဝှေ့သမား သုံးဦး အားဖိတ်ခေါ်၍ မြန်မာလက်ဝှေ့ ကျော်များနှင့် ထိုးသတ်စေခဲ့သည်။ ဩစတြးလျ၃ဦး အနက်၂ဦး ရှုံးနိမ့်ခဲ့ပြီး ၁ဦး ပူးတွဲ သရေ ရရှိခဲ့သည်။ ယင်းနောက် အမေရိကန် သုံးဦးလုံးမှာလည်း ပထမအချီတွင် အသီးသီး အလဲထိုးခံသွား ကြရသည်။ ထိုပွဲများ အနက် ဝမ်ချိုင်းနှင့် Doug Evansတို့ ပွဲမှာ အငြင်းပွားမှုများ ရှိခဲ့ပြီး မြန်မာဒိုင်လူကြီး နှင့် အခြားတာဝန်ရှိသူများ ဘက်လိုက် ခဲ့သည်ဟု အမေရိကန် တို့ဘက်မှ စွပ်စွဲ ခဲ့ကြသည်။ [၃]

၂၀၀၄ခုနှစ် ဇူလိုင်တွင် ဂျပန်နိုင်ငံမှ MMA ပရိုဖက်ရှင်နယ် Akitoshi Tamuraနှင့် အပျော်တမ်း အဆင့် သုံးဦးဖြစ်သော Yoshitaro Niimi၊ Takeharu Yamamoto၊ Naruji Wakasugi တို့ ရန်ကုန်မြို့သို့ ချစ်ကြည်ရေး လာရောက် ထိုးသတ်ခဲ့ကြသည်။ Yamamoto နှင့် Wakasugiတို့ နှစ်ဦး ရှုံးနိမ့်ခဲ့ပြီး၊ Niimi မှာ ရွှေဆိုင်းအား သရေကျအောင် ထိုးသတ် နိုင်ခဲ့သည်။ Akitoshi Tamuraမှာ အေးဗိုလ်စိန်အား သုံးချီ မြောက်တွင် အလဲထိုး အနိုင်ယူပြီး မြန်မာလက်ဝှေ့သမိုင်း တွင်ပထမဆုံးသော အနိုင်ရဖူးသူ နိုင်ငံခြားသား အဖြစ် မှတ်တမ်းတင်သွား ခဲ့သည်။[၄]

မြန်မာ-ထိုင်း စိန်ခေါ်ပွဲအပြီး

၂၀၀၈ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့နှင့် ၉ရက်နေ့များတွင် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် အာကာစား ဝန်ကြီးဋ္ဌာန၊ အိုလံပစ် ကော်မတီတို့ ကြီးမှုး၍ မြန်မာ-ထိုင်း လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ရန်ကုန်မြို့ သုဝဏ္ဏအားကာစားရုံ ၌ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံမှ လက်ဝှေ့ကျော်များ ဖြစ်ကြသည့် ပါဝိ၊ ဖိချိ ချိုင်း၊ လာချီလိတ်နှင့် ထွန်ထောင်း တို့လေးဦးသည် မြန်မာလက်ဝှေ့ကျော်များ ဖြစ်ကြသော တွေ့မရှောင်၊ စောငမန်း၊ ဝင်းထွန်း၊ လုံးချောတို့ နှင့် ယှဉ်ပြိုင် ထိုုးသတ်ခဲ့ကြသည်။ နိုဝင်ဘာ ၈ရက်နေ့ ပွဲစဉ်တွင် တွေ့မရှောင်က ပါဝိကို ဒုတိယအချီတွင် အကွဲထိုး၊ စောငမန်းက ဖိချိချိုင်းကို စတုတ္တ အချီတွင် အလဲထိုးကာ အသီးသီး အနိုင်ရရှိ ခဲ့ကြသည်။ နိုဝင်ဘာ ၉ရက်နေ့ ပထမပွဲစဉ်တွင် ဝင်ထွန်းနှင့် လာချီလိတ်တို့ အရှုံး အနိုင်မပေါ်ပဲ သရေ ကျခဲ့ ကြပြီး၊ ဒုတိယပွဲစဉ်၌ လုံးချောက ထွန်ထောင်းအား တတိယအချီတွင် အလဲထိုး အနိုင်ယူခဲ့သည်။[၅]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.thaing.net/lethwei.htm
  2. မြန်မာ့ရိုးရာလက်ဝှေ့၊ မြဝင်း
  3. http://www.ikfkickboxing.com/Myanmar.htm
  4. http://en.wikipedia.org/wiki/Lethwei#Internationalization
  5. http://www.popularmyanmar.com/popw/?p=737