မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၂၀ဝ၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ မူကြမ်း စာအုပ်အဖုံး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) အတွင်းမျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မာတိကာ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် မရှိမဖြစ် လိုအပ်သည့် အရာဖြစ်သည်။ ထိုဥပဒေဖြင့်သာ နိုင်ငံတစ်နိုင်ငံကို မည်သည့်ဝါဒဖြင့် အုပ်ချုပ်မည်၊ မည်သည့် စနစ်ဖြင့်မောင်းနှင်မည်၊ အချုပ်အခြာအာဏာဖြစ်သည့် အုပ်ချုပ်ရေးအာဏာတရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့ကို မည်သို့မည်ပုံ ခွဲဝေပိုင်းခြားမည် ဆိုသည်တို့ကို ပြဌာန်းသတ်မှတ်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အဓိကအားဖြင့် ပြည်သူ့ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များက ရေးဆွဲလေ့ရှိကြပြီး အခြေအနေအရပ်ရပ်ကြောင့် အဖွဲ့အစည်းတစ်ရပ်က ဦးဆောင်ရေးဆွဲရသည်လည်းရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ဖ.ဆ.ပ.လ) ပါတီမှ ဦးဆောင်ရေးဆွဲခဲ့ပြီး ၊ ဒုတိယဖြစ်သည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ) မှ ဦးဆောင်ရေးဆွဲသည်။

တစ်နည်းဆိုရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်ခု၏ အသက်သွေးကြောဖြစ်သည်။ အုပ်ချုပ်သူ အစိုးရ နှင့် အုပ်ချုပ်ခံ ပြည်သူလူထု တို့အကြား ချုပ်ဆိုထားရှိသည့် စာချုပ်လည်းဖြစ်သည်။


မြန်မာနိုင်ငံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲခဲ့သည်မှာ ၃ ကြိမ်ရှိပြီဖြစ်သည်။

ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ[ပြင်​ဆင်​ရန်​]

ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူရန် ရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံအတွက် ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး အိန္ဒိယနှင့် ဗြိတိသျှ တို့မှ ဖွဲ့စည်းပုံများကို အခြေခံကာရေးဆွဲခဲ့ခြင်းဖြစ်ကာ ပါလီမန်ဒီမိုကရေစီစနစ်ကို အခြေခံသည်။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သည့် ကာလတစ်လျှောက်လုံးတွင် (ဖ.ဆ.ပ.လ)မှ ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုမှာ မြန်မာ့နိုင်ငံရေးလောကတွင် အလွန်ဩဇာကြီးသူဖြစ်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် တိုင်းပြည်၏ တည်ငြိမ်မှုမရှိသည့် အခြေအနေကြောင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် စစ်တပ်ကို အိမ်စောင့်အစိုးရ အဖြစ် ယာယီ အာဏာလွှဲခဲ့ရဖူးသည်။ ထိုအိမ်စောင့်အစိုးရ၏ သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းသည့်ကာလထက် ကျော်လွန်ပြီး ၁၇ လတာအထိ ကြာမြင့်ခဲ့ရသည်။ ထို့နောက် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပြည်ထောင်စုပါတီ (ပ.ထ.စ) ကို အာဏာပြန်လည်အပ်နှင်းခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ခဲ့သည်။ ၁၉၆၁ ခုနှစ် ဩဂုတ်လ (၁၇)ရက်တွင် ဝန်ကြီးချုပ် ဦးနုသည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် အသိအမှတ်ပြု ပြဋ္ဌာန်းရေး အက်ဥပဒေမူကြမ်း အဆိုတင်သွင်းခဲ့သည်။ ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေငြာခဲ့သည်။ [၁]၁၉၆၂ ခုနှစ်အရောက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း မှ ဦးဆောင်သည့် စစ်တပ်က ခွဲထွက်ရန်ကြိုးပမ်းနေကြသည့် ကရင်တို့၏ ပုန်ကန်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် ရှမ်းစော်ဘွားများ စုပေါင်းပြီးလွှတ်တော်သို့ တင်သွင်းလာရန်ရှိသည့် ရှမ်းမူ (ခေါ်) ဖယ်ဒရယ်မူတို့ကို လက်မခံနိုင်သည့်အတွက် အပြီးအပြတ်အာဏာသိမ်းယူခဲ့သည်။ (ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရှမ်းစော်ဘွားများ၏ ဇာတ်သိမ်းမှာ ယနေ့တိုင်ငြင်းခုန်နေရဆဲဖြစ်သည်။)

ဒုတိယ ဖွဲ့စည်းပုံ အခြေခံဥပဒေ[ပြင်​ဆင်​ရန်​]

ထိုသို့အာဏာသိမ်းပြီးနောက် ဆိုရှယ်လစ်စနစ် တည်ထောင်ရန်အတွက် ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ် ဆင်နွှဲမည်ဟု ကြွေးကြော်ကာ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်းပြီး ၁၄ နှစ်အကြာတွင် တိုင်းပြည်ကို ဆိုရှယ်လစ်စနစ်ဖြင့် မောင်းနှင်ရန်အတွက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုကာ ဗိုလ်ချုပ်ကြီးနေဝင်းမှ ဦးနေဝင်းအဖြစ်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ) ကို တည်ထောင်ပြီး အုပ်ချုပ်ခဲ့သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံကို (မ.ဆ.လ) ပါတီတစ်ပါတီတည်းက အုပ်ချုပ်ပြီး ပါတီဥက္ကဋ္ဌမှာ တိုင်းပြည်၏အကြီးအကဲဖြစ်သည်။ သို့ဖြင့် ဦးနေဝင်းမှာ မြန်မာနိုင်ငံတွင် ပြိုင်ဘက်ကင်း အာဏာရှင် ဖြစ်လာခဲ့သည်။ ၁၉၈၈ တွင် ပြည်သူတစ်ရပ်လုံး၏ စီးပွားရေး၊ လူမှုရေး အစရှိသည့်အခက်အခဲများကို မဖြေရှင်းပေးနိုင်သည့်အပြင် မှားယွင်းပြီး မအောင်မြင်သည့် စီမံကိန်းများကြောင့် စီးပွားရေးကျဆင်းရခြင်း၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေစက္ကူများကို နှစ်ကြိမ်တိုင်တိုင် တရားမဝင် ကြေညာဖျက်သိမ်းခြင်းတို့ကြောင့် ရဟန်း ရှင်လူ၊ ပြည်သူတစ်ရပ်လုံး ကန့်ကွက်ဆန္ဒပြသည့် ရှစ်လေးလုံးအရေးအခင်း ဖြစ်ပွားခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်နှင့် အတူ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပျက်ပြယ်သွားခဲ့ရပြန်သည်။

ထိုနောက် တစ်လအကြာတွင် ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်သည့် စစ်တပ်မှအာဏာသိမ်းယူပြီး တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေးကာ တစ်ဖက်မှလည်း ပါတီစုံရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ခဲ့သည်။ သို့ဖြင့် ၁၉၉၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါ် (NLD) က မဲရာခိုင်နှုံး အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော် အာဏာကိုလက်လွတ်ရန် ကြောက်ရွံနေသော၊ နိုင်ငံရေးကို ယုံကြည်မှုနည်းသော၊ စစ်ခုံရုံးကို ရင်မဆိုင်လိုသော စစ်ဗိုလ်ချုပ်များနှင့် နိုင်ငံရေးတွင် အတွေ့အကြုံနည်းသော၊ ဖခင်နည်းတူ ခေါင်းမာသော ဒေါ်အောင်ဆန်းစုကြည်တို့မှာ ပြေလည်မှုမရနိုင်သည့်အတွက် ရွေးကောက်ပွဲရလဒ်မှာ ပျက်ပြယ်ခဲ့ရသည်။ စစ်ဗိုလ်ချုပ်များ၏ ထာဝရရန်သူအဖြစ် သတ်မှတ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ကာလအများစုကို ၄င်း၏နေအိမ်ရှိရာ အိမ်အမှတ် (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်းတွင် နေအိမ်အကျယ်ချုပ်ဘဝဖြင့်သာ နေထိုင်ခဲ့ရသည်။

တတိယ ဖွဲ့စည်းပုံ အခြေခံဥပဒေ[ပြင်​ဆင်​ရန်​]

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း အတွက် အစည်းအဝေးကျင်းပနေစဉ်

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) တွင် ကြည့်ရှုပါ။
၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစောမောင်သည် အကြောင်းအမျိုးမျိုးကြောင့် ရာထူးမှအနားယူပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှ ၂၀၁၂ခုနစ်ထိ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ခဲ့သည်။ ထိုနောက် တပ်မတော်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် မရှိသည့်အတွက် အာဏာလွှဲရန် မဖြစ်နိုင်ဟုဆိုကာ တိုင်းပြည်အုပ်ချုပ်ရေးတွင် တပ်မတော်မှပါဝင်နိုင်ရန်အတွက် ဥပဒေတစ်ရပ်ရေးဆွဲရန် (၁၉၉၃)တွင် အမျိုးသား ညီလာခံ ကို စတင်ခေါ်ယူခဲ့သည်။ ထိုဥပဒေရေးဆွဲရေး ညီလာခံမှာ အခက်အခဲ အမျိုးမျိုးကြားမှ ၁၄ နှစ်အကြာ ကျင်းပခဲ့ပြီး ၂၀ဝ၈ ခုနှစ်ရောက်မှ အဆုံးသတ်နိုင်ခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈) ဟု ခေါ်ဆိုသတ်မှတ်သည့် ထိုအခြေခံဥပဒေတွင် သမ္မတစနစ်ကို အခြေခံပြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်တွင်လည်း အရပ်ဘက် လွှတ်တော်ကိုယ်စားလှယ်များ နည်းတူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မလိုသည့် တပ်မတော်မှ တပ်မတော်သား ကိုယ်စားလှယ်များ ၂၅ % ပါဝင်သည်။[၂] နောက်ဆုံး မြန်မာနိုင်ငံတွင် တစ်ခါမှ မကြုံဖူးသော နာဂစ် မုန်တိုင်းကျရောက်သည့် ၂၀ဝ၈ ခုနှစ် မေလ အတွင်းတွင် တစ်နိုင်ငံလုံး ဆန္ဒခံယူပွဲ ပြုလုပ်၍ အတည်ပြုခဲ့သည်။

နိဒါန်း အပါအဝင် အခန်း ၁၅ ခန်းပါဝင်ပြီး မြန်မာဘာသာဖြင့် စာမျက်နှာ ၁၇၉ မျက်နှာ ပါရှိသည်။[၃]

  1. နိုင်ငံတော် အခြေခံမူများ
  2. နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
  3. နိုင်ငံတော် အကြီးအကဲ
  4. ဥပဒေ ပြုရေး
  5. အုပ်ချူပ်ရေး
  6. တရားစီရင်ရေး
  7. တပ်မတော်
  8. နိုင်ငံသား၊ နိုင်ငံသား၏ မူလအခွင့်အရေးနှင့် တာဝန်များ
  9. ရွေးကောက်တင်မြှောက်ခြင်း
  10. နိုင်ငံရေးပါတီများ
  11. အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ
  12. ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
  13. အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်
  14. ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ
  15. အထွေထွေ ပြဋ္ဌာန်းချက်များ

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. http://books.google.com.au/books?id=rRQa0RuucF8C&pg=PA263&lpg=PA263&dq=august+29+1961+state+religion+burma&source=bl&ots=JQveygc8ho&sig=-GJdh6rkvX1tmuLzprw4_jUxfO4&hl=en&sa=X&ei=LTz7Ufb5DoXyrQeY4YAo&ved=0CFEQ6AEwBzgK#v=onepage&q=august%2029%201961%20state%20religion%20burma&f=false
  2. ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၄ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁
  3. http://burmadigest.info/wp-content/uploads/2008/03/constitution-2008.pdf