မြန်မာအဘိဓာန်
မြန်မာအဘိဓာန်သည် မြန်မာဘာသာစကားနှင့် စာပေအတွက် လိုအပ်သော အချက်များကို ကကြီးမှ အ အထိ ရေးသားပြုစုသောကျမ်း ဖြစ်သည်။ ပုံများလည်း ပါရှိသည်။
ကျမ်းထုတ်ဝေရန်အတွက် မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန်ကော်မရှင် ကို ၁၉၆၃-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်ကို မြန်မာစာကော်မရှင်ဟု အမည်ပြောင်းလဲခဲ့ပြီး ယခုအခါ မြန်မာစာအဖွဲ့ အဖြစ် တည်ရှိလျှက်ရှိသည်။ မြန်မာစာအဖွဲ့မှ မြန်မာအဘိဓာန်(အကျဉ်းချုပ်) ၅-တွဲကို ပြုစုထုတ်ဝေ နိုင်ခဲ့သည်။ ထိုငါးတွဲကို အခြေခံပြုပြင်၍
- ၁၉၉၁-ခုနှစ်တွင် မြန်မာအဘိဓာန် (က-အ) ကို ထုတ်ဝေနိုင်ခဲ့သည်။
- ၂၀၀၉-ခုနှစ်တွင် ပြင်ဆင်တည်းဖြတ် မွမ်းမံ၍ ထုတ်ဝေခဲ့သည်။ မြန်မာအဘိဓာန်တွင် ဝေါဟာရပေါင်း ၁၈ဝဝဝ ကျော်၊ သရုပ်ဖေါ်ပုံပေါင်း ၄ဝဝ ကျော် ပါဝင်ပြီး စာမျက်နှာပေါင်း ၄၅၁ ရှိသည်။ စီဒီတစ်ချပ်ပါ ထည့်သွင်းထား၏။ တန်ဘိုးမှာ ၇၀၀၀-ကျပ်ဖြစ်သည်။
မြန်မာစာအဖွဲ့သည် အဘိဓာန်ကျမ်းများ၊ သဒ္ဒါကျမ်းများ အပါအဝင် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ၊ မြန်မာစကားပုံ၊ မြန်မာစာ မြန်မာစကား၊ မြန်မာ့ဆိုရိုးစကား၊ မြန်မာပင့်ရစ်ခွဲထားရကန်နှင့် မြန်မာစာ မြန်မာမှု၊ ပါဠိ အဘိဓာန်များကိုပါ ပြုစုထုတ်ဝေနိုင်ခဲ့သည်။
မြန်မာအဘိဓာန် [ပြင်ဆင်ရန်]
မြန်မာနိုင်ငံတွင် ပင်းယခေတ်နှင့် ကုန်းဘောင်ခေတ်အတွင်း အဘိဓာန် အစောင်စောင် ပေါ်ထွက်ခဲ့ဘူးသည်။ သို့သော် ယင်းအဘိဓာန်တို့သည် မြန်မာအနက်နှင့် ယှဉ်တွဲဖော်ပြထား သော ပါဠိ ဝေါဟာရ စာရင်းမျိုးသာ ဖြစ်ကြသည်။ ထိုနောက် အမေရိကန် သာသနာပြု ဒေါက်တာ ယုဒသန်သည် မြန်မာ အင်္ဂလိပ် အဘိဓာန်ကြီးတစ်စောင်ကို ရေးသား ပြုစုသည်။
ယင်းအဘိဓာန်ကို ၁၈၂၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပုံနှိပ်သည်။ မစ္စတာလိန်းအမည်ရှိ ဥရောပ တိုက်သား တစ်ဦးသည်လည်း မက္ခရာ မင်းသားကြီး၏ အကူအညီအဖြင့် အင်္ဂလိပ်-မြန်မာ အဘိဓာန်တစ်စောင်ကို ၁၈၃၃ ခုနှစ်တွင် ပြုစုဖူးသည်။ (အချို့ကလည်း မက္ခရာ မင်းသား ပြုစုသည်ဆို၏။)
၁၉၁၃ ခုနှစ်သို့ ရောက်သောအခါ ဒေါက်တာ စတီးဝပ် အမှူးပြုသော အင်္ဂလိပ် ပညာရှင် တစ်စုသည် မြန်မာ-အင်္ဂလိပ် အဘိဓာန်သစ်ကို ပြုစုကြပြန်ရာ ယခုအခါတွင် အဘိဓာန် သုံးတွဲ ထုတ်ဝေပြီးခဲ့ပေပြီ။
ဖျာပုံမြို့နေ အရှင်ဩဘာသသည် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီအချိန်က မြန်မာဝေါဟာရကို မြန်မာလို အနက် ဖွင့်သော အဘိဓာန်တစ်စောင်ကို ပြုစုသည်။ သို့သော် ယင်း အဘိဓာန်စာမူတို့သည် စစ်အတွင်းက ပျောက်ဆုံးခဲ့သည်ဟု သိရ၏။ စစ်ပြီးခေတ်တွင် ပြန်လည်ပြုစုရာ၊ ၁၉၄၇ ခုနှစ်တွင် အဘိဓာန်နှစ်တွဲ ထုတ်ဝေနိုင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်တွင် ပြုစုလျက်ရှိသော တက္ကသိုလ်မြန်မာ အဘိဓာန်ကိုမူကား ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ၁၉၄၄ ခုနှစ်ကပင် စတင်ခဲ့သည်။ ထိုနှစ်တွင် မြန်မာနိုင်ငံတော် ပညာ့တံခွန်အသင်းကို နိုင်ငံတော် အစိုးရ၏ အကူအညီဖြင့် တည်ထောင်သည်။ အသင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ ယဉ်ကျေးမှုအရပ်ရပ်ကို လေ့လာသုံးသပ် ပြန်လည် ဖော်ထုတ် ရန် ဖြစ်၏။ အသင်း၏လက်အောက်တွင် (က) ပညာစွယ်စုံ ဌာနနှင့် (ခ) အဘိဓာန်ဌာနဟူ၍ ဌာနနှစ်ခုရှိရာ၊ ပညာစွယ်စုံ ဌာနသည် မြန်မာအဘိဓာန်ကျမ်းကို ရေးသားပြုစုရန် ဖြစ်သည်။ ပညာစွယ်စုံဌာနတွင် ဦးခင်မောင်(သူကြီးဂေဇက်)က စာတည်း အဖြစ် ဆောင်ရွက်၍ အဘိဓာန်ဌာနတွင် ဦးဝန်က စာတည်း အဖြစ် ဆောင်ရွက်သည်။ ( ခင်မောင်၊ ဦး။ စွယ်စုံကျမ်း- ။)
အထက်ပါ ဌာနနှစ်ခုကို ကြည့်ရှု စစ်ဘေးသက်သာရာ ဟံသာဝတီခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ဖွင့်လှစ် ထားရှိသည်။ အဘိဓာန်လုပ်ငန်းကိုမူ ၁၉၄၄ ခုနှစ် ဇန်နဝါရီလ အတွင်း၌ စတင်ခဲ့သည်။
အဘိဓာန်ဌာနကို ကြည့်ရှု ကြီးကြပ်ရသော အဖွဲ့ငယ်တစ်ခု ရှိ၏။ အဖွဲ့ငယ် သဘာပတိမှာ ဦးဖေမောင်တင် ဖြစ်၍ အဖွဲ့ဝင် များမှာ ဦးခင်မောင်လတ်၊ ဦးသိမ်းမောင်၊ ဦးသိန်းဟန်၊ ဦးဝန် (အဘိဓာန်စာတည်း)၊ ဦးစိန်ဝင်း (လက်ထောက်အဘိဓာန် စာတည်း)နှင့် ဦးတင်(အသင်း၏အတွင်းရေးမှူး)တို့ ဖြစ်ကြ သည်။ တစ်ဖန် အဘိဓာန်ကျမ်း ပြုစုရေးတွင် အတိုင်ပင်ခံ စာတည်း သုံးဦး ရှိပြန်ရာ ယင်းတို့မှာ ဦးဖေမောင်တင် (သဘာပတိ)၊ ဦးဘချို(ဒီးဒုတ်)နှင့်ဦးခင်မောင်လတ်တို့ ဖြစ်ကြ သည်။ ပြုစုပြီးစီးသော အဘိဓာန်မူကြမ်းကို အတိုင်ပင်ခံ စာတည်းတို့ထံ တင်ပြရသည်။
အဘိဓာန်စာတည်းနှစ်ဦးသည် စာပြုခုနစ်ဦး၏ အကူ အညီဖြင့် ခဲယဉ်းစွာ ရှာဖွေ ဝယ်ယူထားရသော စာအုပ်များကို ဖတ်ကာ အဘိဓာန်၏အခြေခံ အုတ်မြစ်သဖွယ် ဖြစ်သော ပုဒ်စုလုပ်ငန်းကို စတင်ကြရသည်။ အဘိဓာန်ဌာနရှိ စာအုပ် များ၏ အရေအတွက်မှာ အလွန်နည်းပါးလှသဖြင့် ဘာသာရပ် မစုံလင်ပေ။ သို့ဖြစ်စေ ရကာမူ ခုနစ်လအတွင်း လက်လှမ်းမှီ ကျမ်းစာအုပ်ပေါင်း ၂ဝ၉ အုပ်မှ အညွှန်း စာရွက်ပေါင်း ၄၁၈၅၅ ကို စုဆောင်းမိသည်။ အစိုးရဌာန အသီးအသီးရှိ ရာထမ်း မှုထမ်းများ၊ ပြင်ပပညာရှင်များ၊ အရှေ့အာရှ လူငယ် များ အစည်းအရုံးဝင်များက အညွှန်းစာရွက်ပေါင်း ၁၄၃၈၅ ခုကို စုဆောင်းပေးပို့ကြသည်။ အစုစု အညွှန်း စာရွက်ပေါင်း ၅၆၂၁၃ ကို စတင်ပြုစုကြသည်။ အနက်ဖော်လုပ်ငန်း စသည်မှ ကိုးလအကြာ (၁၉၄၅ ခုနှစ် ဧပြီလ) တွင် လေကြောင်းစစ်ဘေး ပြင်းထန်စွာ ဆိုက်ရောက်လာသဖြင့် အဘိဓာန်လုပ်ငန်းကို လုံးဝရပ်စဲ ပစ်လိုက်ရသည်။ ထိုအခါ (က) အက္ခရာမှ (င) အက္ခရာ တစ်ဝက်လောက်ထိ အပြီးသတ် တည်းဖြတ် ပြုစု ပြီးစီးသည်။
၁၉၄၈ ခုနှစ်သို့ ရောက်သောအခါ မြန်မာနိုင်ငံတော် ပညာ့တံခွန် အသင်းက အဘိဓာန်ဌာန လုပ်ငန်း အရပ်ရပ်ကို ရန်ကုန်တက္ကသိုလ်သို့ လွှဲပေးအပ်နှင်းလိုက်သည်။ ယင်းနှစ် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၌ ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဟူ၍ ဌာနသစ်တစ်ခုကို ဖွင့်လှစ်ကာ မြန်မာစာဌာန ကထိက ဦးဝန်အား စာတည်းမှူးအဖြစ် ခန့်အပ်လုပ်ကိုင်စေသည်။ ဦးဝန်ကို ကူညီရန်အတွက် လက်ထောက်စာတည်း နှစ်ဦးနှင့် စာပြု ခြောက်ဦးကိုလည်း မရှေးမနှောင်းပင် ခန့်လိုက်သည်။ ဤတက္ကသိုလ် မြန်မာ အဘိဓာန်ကို ပြုစုရာတွင် ပါဠိကျမ်းဂန်ဘက်မှ နေ၍ ပါဝင် လုပ်ဆောင်ကြသော ပုဂ္ဂိုလ်ကြီးများ ပဌမကျော် ဦးကြီးဖေ၊ ပဌမကျော် ဦးသန့်စင်၊ ပဌမကျော် ဦးတင့်ရွှေ၊ ဦးသာတင် (မာဃ)၊ ဦးထွန်းမြင့်တို့ ဖြစ်ကြသည်။
ဌာနလုပ်ငန်းအတွက် အကြံကောင်း ဉာဏ်ကောင်းများ ပေးရန် အကြံပေးအဖွဲ့ တစ်ခုကိုလည်း ရန်ကုန် တက္ကသိုလ် ကောင်စီက ခန့်ထားသည်။ အကြံပေးအဖွဲ့တွင် (၁) သဘာပတိ ပါမောက္ခ ဒေါက်တာဘဟန် (ဒေါက်တာဘဟန် နုတ်ထွက်သွား သောအခါ ပါမောက္ခ ဦးဖေမောင်တင်က သဘာပတိ ဆောင်ရွက်သည်)၊ (၂) ဂုဏ်ထူးဆောင် ပါဠိ ပါမောက္ခဦးဖေ မောင်တင်(ဦးဖေမောင်တင်အား သဘာပတိအဖြစ် ခန့်လိုက် သောအခါ ကျောက်စာဝန်ဟောင်း ဦးလူဖေဝင်းက ဆောင်ရွက် သည်)၊ (၃) ပါမောက္ခဦးလှအောင်(ဦးလှအောင် ကွယ်လွန်သွား သောအခါ ပါမောက္ခ ဦးအောင်သန်းက ဆောင်ရွက်သည်)၊ (၄) မြန်မာစာပါမောက္ခ ဦးဧမောင်၊ (၅) အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်း၊ (၆) တက္ကသိုလ် စာကြည့်တိုက်မှူးဦးသိန်းဟန်နှင့် (၇) ဥပဒေ ပါမောက္ခ ဦးမြင့်တို့ ပါဝင်ကြသည်။ (ယင်း အကြံပေး အဖွဲ့ကို ၁၉၅၇ ခုနှစ် ဩဂုတ်လတွင် ဖျက်သိမ်းသည်။)
ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပထမဆုံး ရေးသားပြုစုရသော အဘိဓာန်ဖြစ်သဖြင့် အဘက်ဘက်က ပြည့်စုံရန် လိုအပ်ရကား၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်း၊ လှေအတတ်၊ လှည်း အတတ်၊ ပန်းချီဆေး ရေးအတတ် အစရှိသော အတတ်မျိုး ဆိုင်ရာ ကျမ်းများကို ရှာဖွေ ဝယ်ယူကာ အဘိဓာန်ပုဒ်များကို ထပ်မံ စုဆောင်းရပြန်သည်။ ထိုနောက် စစ်အတွင်းက အဘိဓာန်လုပ်ငန်း လက်ငုတ်လက်စကို ပြန်လည် လုပ်ကိုင် ကြ သည်။ မူလက ကျောင်းသုံးအဘိဓာန်လောက်ကိုသာ ပြုစုရန် ရည်ရွယ်ထားသော်လည်း အကြံပေး အဖွဲ့ဝင်တို့က အပြည့်စုံဆုံး အဘိဓာန်ကြီးကိုသာ တစ်လက်စတည်း ရေးသား ပြုစုရန် အကြံပေး တိုက်တွန်းကြ သဖြင့် အဘိဓာန်ကြီးကို ပြုစုကြ ရသည်။ ယင်းကဲ့သို့ ပြန်လည် လုပ်ကိုင်ရာ ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် အဘိဓာန် ပုဒ်ပေါင်း ၃၄၆၉ ပါဝင်သော က အက္ခရာဆိုင်ရာ တက္ကသိုလ် မြန်မာအဘိဓာန် ပထမပိုင်းကို ပြုစု ပြီးစီးသည်။ အဘိဓာန် ရှေ့ပိုင်းတွင် အားပေးကူညီကြ သော ပုဂ္ဂိုလ်များစာရင်း၊ ကိုးကားသော ကျမ်းများ စာရင်း၊ အဘိဓာန်တွင် အသုံးပြုသော သင်္ကေတများ စာရင်း၊ အဘိဓာန် အက္ခရာစဉ် ဇယား စသည်တို့ကို ထည့်သွင်း ဖော်ပြထားသည်။ အဘိဓာန်ကိုမူ ရန်ကုန်မြို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ စာပုံနှိပ်တိုက်က ရိုက်နှိပ်ဖြန့်ချိသည်။
အဘိဓာန်ပုဒ်များကို အနက်ဖော်ပြရာ၌ အနက်အဓိပ္ပါယ် ပြားလျှင် ပြားသလောက် အနက် ဖော်သည်။ ပရိယာယ်ရှိလျှင် ပရိယာယ် အမျိုးမျိုးကိုလည်း ဖော်ပြသည်။ ဓမ္မသတ်သုံး၊ ကဗျာသုံး၊ အရပ်သုံး၊ ဘန်း စကား၊ ပေါရာဏ၊ လွှတ်ရုံးသုံး၊ ဗေဒင်သုံး၊ ရာဇဝင်သုံး စသည်တို့ကိုလည်း ခေါင်းစဉ် စကားလုံး နောက်တွင် သင်္ကေတဖြင့် ဖော်ပြသည်။ ခိုင်လုံသော ကျမ်းများမှာ ကျမ်းကိုး စာပုဒ်ကို အသုံးပြုလျှင် ကျမ်းကိုး အတိုမှတ်၊ ကျမ်းအတွဲ၊ စာမျက်နှာ စသည်တို့ကို ဖော်ပြထား သည်။ အရင်းအမြစ်ကို ရှာဖွေ တွေ့ရှိသောအခါ အနက် အဓိပ္ပာယ် နောက်ကဖြစ်စေ၊ ကောက်နုတ်ချက်ပါလျှင် ကောက်နုတ်ချက် နောက်ကဖြစ်စေ ထည့်သွင်း ဖော်ပြသည်။ ၁၉၅၄ ခုနှစ် ဇွန်လတွင် အဘိဓာန် ပုဒ်ပေါင်း ၂၆၂၅ ပါဝင်သော ခ အက္ခရာဆိုင်ရာ ဒုတိယပိုင်းကို လည်းကောင်း၊ ၁၉၅၇ ခုနှစ် မေလတွင် အဘိဓာန် ပုဒ်ပေါင်း ၂ဝဝ၄ ပါဝင်သော ဂ၊ ဃ၊ င ဆိုင်ရာ တတိယပုဒ်ကိုလည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ် အောက်တိုဘာလတွင် အဘိဓာန် ပုဒ်ပေါင်း ၃၁၁၃ ပါဝင် သော စ အက္ခရာဆိုင်ရာ စတုတ္ထပိုင်းကို လည်းကောင်း၊ ၁၉၆၃ ခုနှစ် ဩဂုတ်လတွင် အဘိဓာန်ပေါင်း ၁၉ဝ၉ ပါဝင်သော ဆ အက္ခရာဆိုင်ရာ ပဉ္စမပိုင်းကို လည်းကောင်း ပြုစု ပြီးစီးသည်။ ကျန်အပိုင်းများကိုလည်း ဆက်လက်ပြုစုလျက် ရှိသည်။ ၁၉၆၅ ခုနှစ်ကုန်ထိ စာ မျက်နှာပေါင်း သုံးသိန်းငါးသောင်းကျော်၊ ကျမ်းပေါင်း တစ်သောင်း ကိုးထောင်ကျော် ဖတ်ရှုပြီး၍ အညွှန်းစာရွက်ပေါင်း ခြောက်သောင်းကိုးထောင်ကျော် ရရှိပေသည်။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
weekiyEleven