မြန်မာနိုင်ငံ ရှေ့နေများကောင်စီ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ကို ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ-၂၀ ရက်နေ့မှာ မာနယ်ပလောမှာ စတင် ဖွဲ့စည်း ခဲ့သည်။ BLC အဖွဲ့ကြီး ပေါ်ပေါက်လာရေး အတွက် ရှေ့နေကြီး ဖြစ်သူ ဦးအောင်ထူး ကနေ ကမကထပြု စတင်လှုံ့ဆော် လှုပ်ရှား ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ မာနယ်ပလော တိုက်ပွဲစဉ် ကာလတွေ အတွင်း၊ ဂျပန်နိုင်ငံမှ ရှေ့နေကြီး (၂၀) ကျော်ခန့် ထိုင်း-မြန်မာ နယ်စပ်သို့ လာရောက် လေ့လာခဲ့ကြစဉ် အတွင်း၊ ရှေ့နေကြီး ဦးအောင်ထူးနဲ့ တွေ့ဆုံဖြစ်ခဲ့ကြရာမှာ ‘ဟိုအဖွဲ့ သည်အဖွဲ့များ မှာ ရှေ့နေကြီးတွေ ပါဝင် လှုပ်ရှားနေတာ တွေ့ရှိရကြောင်း၊ ရှေ့နေများသာ ပါဝင်တဲ့ ရှေ့နေ အဖွဲ့အစည်း တခု အဖြစ် ဖွဲ့စည်း လှုပ်ရှားနိုင်လျှင် ပိုပြီးအကျိုးရှိ နိုင်ကြောင်း’ ဆိုပြီး ဂျပန် ရှေ့နေများ က အကြံပေး ခဲ့ကြပါတယ်။ ဒီ အကြံပေးချက် ကို ဦးအောင်ထူးက ဘဝတူ တိုက်ပွဲဝင် ရှေ့နေတွေ ကို ချပြ ဆွေးနွေး သဘောထား ရယူ တာတွေပြုလုပ်ခဲ့ပြီး၊ နီးစပ်တဲ့ ရည်မှန်းချက်တူ၊ ယုံကြည်ချက် တူ ရှေ့နေကြီးတွေ နဲ့ ရှေ့နေ အဖွဲ့အစည်း တခု ဖော်ဆောင်ရေး ကို အခြေခံအားဖြင့် သဘောတူညီ မှုရလာခဲ့ကြပြီး၊ ရလဒ်အဖြစ် BLC အဖွဲ့ကြီးဖြစ်ပေါ်လာရေး ရုပ်လုံးပေါ်လာကာ ၂၀-၁၀-၁၉၉၄ နေ့မှာ BLC အဖွဲ့ကြီး စတင် ဖြစ်တည် ပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီကို အောက်ပါ ရှေ့နေကြီးတွေ နဲ့ စတင် ဖွဲ့စည်း ပေါ်ပေါက် လာခဲ့ပါတယ်။

  1. ဦးသိန်းဦး - ဥက္ကဋ္ဌ
  2. ဦးအောင်ထူး - အတွင်းရေးမှူး
  3. ဦးဖိလစ်စမိုက် - အဖွဲ့ဝင်
  4. ဦးခင်မောင်ဝင်း - အဖွဲ့ဝင်
  5. ဦးမြင့်သိဏ်း - အဖွဲ့ဝင်
  6. ခွန်ဥက္ကာ - အဖွဲ့ဝင်
  7. ဦးဝင်းမောင် - အဖွဲ့ဝင်
  8. ဦးမောင်မောင်လတ် - အဖွဲ့ဝင်
  9. စောရယ်ဂျီနယ်ရွှေ - အဖွဲ့ဝင်
  10. နိုင်ဖေသိန်းဇာ - အဖွဲ့ဝင်
  11. ဦးမျိုးဝင်း - အဖွဲ့ဝင် တို့တွေ ဖြစ်ကြပါတယ်။
  • မြန်မာနိုင်ငံ တွင် ဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အခွင့်အရေးများ တိုးတက်ရေးတို့အတွက် ပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်သွားရန်။
  • ဥပဒေ ရေးရာ ကိစ္စများ နှင့် အနာဂတ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး ကိစ္စရပ်များ တွင် အကူအညီပေးရန်။
  • လူထု အဓိက လူ့အဖွဲ့အစည်း (civil society) ပေါ်ထွန်းရေး လုပ်ငန်းစဉ်များ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆိုတဲ့ ရည်ရွယ်ချက် (၃) ခုနဲ့ စတင်ဖွဲ့စည်းခဲ့ကြပါတယ်။

BLC ဟာ လွတ်လပ်သော အဖွဲ့အစည်းတခုဖြစ်ပြီး၊ မည်သည့် နိုင်ငံရေးပါတီ ရဲ့ လက်အောက်ခံမှ မဟုတ်ဘဲ ရှေ့နေများ၊ ဥပဒေ ပညာရှင်များ ရဲ့ တဦးချင်းစီ မိမိတို့ရဲ့လွတ်လပ်သော သဘောဆန္ဒတွေ အရ ပူးပေါင်းပါဝင်ဖွဲ့စည်း ခဲ့ကြတာ ဖြစ်တယ် လို့လဲ တိတိလင်းလင်း ဖော်ပြခဲ့ပါတယ်။ BLC ဟာ လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်တာ အမှန်ပေမဲ့ ‘ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB)’ နဲ့ တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်မှုတွေရှိခဲ့ပြီး အဓိကအားဖြင် NCUB က နိုင်ငံရေးအရ ကျောထောက် နောက်ခံပြု ထားပါတယ်။ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီရေး တွေအတွက် ‘အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)’ အပါအဝင် အခြားသော လူ့အခွင့်အရေး အဖွဲ့အစည်း တွေနဲ့လဲ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်တာတွေရှိပါတယ်။ BLC ဟာ ရှေ့နေများ အဖွဲ့အစည်း ဖြစ်တာနဲ့အညီ၊ လူ့အခွင့်အရေးနဲ့ ဥပဒေရေးရာ သင်တန်းတွေကို တော်တော် ကျယ်ကျယ် ပြန့်ပြန့် ဖွင့်လှစ် ပို့ချပေးတာတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာ နယ်စပ်၊ တရုတ်-မြန်မာနယ်စပ် ဒေသတွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လွှမ်းမိုးထားရာ ပြည်တွင်း ဒေသတွေမှာ ‘လူ့အခွင့်အရေး နှင့် ဥပဒေရေးရာ’ ရက်သတ္တပတ် (၁) ပတ်၊ (၂) ပတ်၊ (၁) လ သင်တန်းတွေ ပို့ချပေး နိုင်ခဲ့သလို ၂၀၀၁ မှ ၂၀၀၅ ခုနှစ်အတွင်းမှာ (၃) လ သင်တန်းတွေအထိ တိုးမြှင့်ပို့ချပေးနိုင်ခဲ့ရာမှာ (၁၂) နှစ်အတွင်း သင်တန်းသားပေါင်း (၄၀၀၀) ကျော်အထိ ပို့ချပေးနိုင်ခဲ့ပါတယ်။ civil society လို့ခေါ်တဲ့ လူထုအဓိက လူ့အဖွဲ့အစည်း တည်ဆောက်ရေး အတွေးအခေါ် အယူအဆတွေကိုလဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ရေး လှုပ်ရှားမှုတွေ အတွင်းကို ၁၉၉၇ ခုနှစ်မှစပြီး စနစ်တကျ ဖြန့်ဝေခဲ့ရာမှာ BLC က ပို့ချတဲ့သင်တန်းတွေ ထဲမှာ ဘာသာရပ်တခုအဖြစ် ထည့်သွင်း ပို့ချပေးခဲ့ သလို ‘လူထုအဓိက လူ့အဖွဲ့အစည်း’ အမည်နဲ့စာအုပ်လဲ ထုတ်ဝေ ဖြန့်ချိ ခဲ့ပါတယ်။ BLC ဟာ မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေ နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးရေး နဲ့ တရား မျှတမှု ရရှိရေး ရှုထောင့် ကနေ သတင်း အချက်အလက်များ စုဆောင်းတာတွေအပြင်၊ မှတ်တမ်းတင် လုပ်ငန်းဌာန တခု တည်ထောင် ထားပြီး ပုံမှန် မှတ်တမ်းတင်တာ တွေလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခါ အားလျော်စွာ ထုတ်ပြန်ချက်များ သုံးသပ်ချက်များ နဲ့ သုတေသန စာတမ်းများ ကိုလဲ ထုတ်ဝဖြေန့်ချိ နိုင်ခဲ့သလို၊ ၁၉၉၆ ခုနှစ်ကစပြီး ‘အခြေခံဥပဒေ ရေးရာစာစောင်’(ယခု လောကပါလ ဥပဒေရေးရာ စာစောင်) ကို (၃) လတကြိမ် ထုတ်ဝေခဲ့ပြီးနောက် ‘Legal issues on Burma Journal’ကိုလဲ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝဖြေန့်ချိနိုင်ခဲ့ပါတယ်။ BLC ဟာ ဥပဒေရေးရာ အထောက်အကူ ပေးအပ်မှုတွေ ကိုလဲ လုပ်ဆောင် ပေးအပ်ခဲ့ရာ မှာ ၂၀၀၃ ခု၊ မေလ-၁၄ ရက်နေ့က ထိုင်း-မဲဆောက်မြို့နယ်၊ မယ်ပ ကျေးရွာမှာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား (၆) ဦးကို ထိုင်း ဒေသခံ တိုက်နယ်သူကြီး နဲ့ နောက်လိုက် ပြည်သူ့စစ်တွေ ကနေ သတ်ဖြတ်ခဲ့ကြတဲ့ လူသတ်မှုကြီး အတွက် ကျူးလွန်သူ တရားခံတွေကို ထောင်ဒဏ် တသက်တကျွန်း တွေထိ ပြစ်ဒဏ် ချမှတ်နိုင်အောင် ကူညီဆောင်ရွက် နိုင်ခဲ့ပြီး၊ နအဖ စစ်အစိုးရ က ဒီမိုကရေစီအင်အားစုများ တိုင်းရင်းသား အင်အားစုများ နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူများ အပေါ် မတော်မတရား ဖိနှိပ်နေမှုတွေ ကိုလဲ စဉ်ဆက်မပြတ် လေ့လာကာ ကမ္ဘာ ကသိအောင် ဖွင့်ချေဝဖန်ရင်း၊ လက်လှမ်းမီသမျှ ဥပဒေဆိုင်ရာ အထောက်အကူတွေ ပေးအပ်ခဲ့ပါတယ်။ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရာမှာ BLC ဟာ အရေးပါတဲ့ အခန်းကနေ တက်တက် ကြွကြွ ပါဝင်ခဲ့ပြီး ‘မဒမခ’၊NCUB/ NCGUB တို့နဲ့ ပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။ BLC ရဲ့ အသိသာ အပေါ်လွင်ဆုံး လုပ်ဆောင်မှုတွေ အဖြစ် ပြောရမှာကတော့ ၂၀၀၃ မေလ က ဖြစ်ပွားခဲ့တဲ့ နအဖ စစ်အစိုးရ ကိုယ်တိုင် ပါဝင် ပတ်သက် ကျူးလွန်ခဲ့တဲ့ ‘ဒီပဲယင်း လုပ်ကြံမှုကြီး’ အပေါ် NCUB နဲ့လက်တွဲပြီး ‘ဒီပဲယင်းလုပ်ကြံမှု စုံစမ်းရေးကော်မရှင်’ ဖွဲ့စည်းပြီး တက်တက် ကြွကြွ ဖော်ထုတ် ဖွင့်ချလုပ်ဆောင် ပြနိုင်ခဲ့တာနဲ့ နအဖ စစ်အစိုးရ တာဝန်ရှိသူ ပြစ်မှု ကျူးလွန်သူတွေ ကို နိုင်ငံတကာ ပြစ်မှုတရားရုံး (ICC) က အရေးယူခွင့် ရလာရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် နခြေင်းပဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်-နိုဝင်ဘာ မှာ နယ်သာလန်နိုင်ငံ ‘သည်ဟိတ်’ မြို့မှာကျင်းပခဲ့တဲ့ ‘နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး တည်ထောင်သည့် တိုင်းပြည်အစိုးရများ၏ (၈) ကြိမ်မြောက် ညီလာခံ’ ကို BLC မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးတက် ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံကအခြေအနေတွေကို တကမ္ဘာ လုံးက ပိုမိုသိရှိ အာရုံစိုက်လာအောင် တဆင့်တိုး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ BLC ဟာ ၂၀၀၅ ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ‘ပြည်ထောင်စု ဥပဒေ အကယ်ဒမီ ကျောင်း’ တခုကို တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ပြီး အမေရိကန်၊ ဆွီဒင်၊ အင်္ဂလန်နိုင်ငံတို့မှ ဥပဒေပါမောက္ခ (၄) ဦးနဲ့ အတူ BLC မှ အလုပ်အမှုဆောင် (၃) ဦးပါဝင်တဲ့ အကဲဒမစ်ဘုတ်အဖွဲ့ ဖွဲ့စည်းထားနိုင်ခဲ့ပါတယ်။ ၂၀၀၆-၂၀၀၇ ခုနှစ်မှာ ပထမအသုတ် ကျောင်းဆင်းပွဲ လုပ်နိုင်ခဲ့ပြီး ၂၀၀၉-၂၀၁၀ အတွက် ဒုတိယအသုတ်ကို ဆက်လက် ပို့ချပေးနေဆဲ ဖြစ်ပါတယ်။ BLC ဟာ ကမ္ဘာ ပေါ်မှာ အကြီးဆုံး Civil Society Organization ဖြစ်တဲ့ Social Watch International ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းလဲဖြစ်သလို Global Justic Center (GJC) နဲ့ ကမ္ဘာ့သက်တမ်း အရင့်ဆုံး လူ့အခွင့်အရေး အဖွဲ့ကြီးဖြစ်တဲ့ ပြင်သစ် အခြေစိုင်္က် (FIDH) အဖွဲ့အစည်းကြီးရဲ့ ပံ့ပိုး ထောက်ခံမှု နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ကိုလဲ ရရှိဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး တွေမှာ ဥပဒေဆိုင်ရာ လမ်းကြောင်းဖက် ကနေ တက်တက် ကြွကြွ ဦးဆောင် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတခုဖြစ်တာကြောင့်၊ နအဖ စစ်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန ကနေ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီကို ၂၀၀၉ ခုနှစ်၊ ဧပြီ-၃၀ ရက်နေ့ နေ့စွဲနဲ့ ‘မတရားသင်းအဖြစ်’ သတ်မှတ် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အချုပ်အားဖြင့် ဆိုရရင် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီဟာ ဥပဒေပညာရှင် ရှေ့နေများရဲ့ လွတ်လပ် တဲ့ အဖွဲ့အစည်း တရပ်ပဲဖြစ်ပေမဲ့၊ မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံးက တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို တတ်နိုင်ရာ အခန်းကနေ ပါဝင် လုပ်ဆောင် နေတဲ့အဖွဲ့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေး ယူနိုင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့၊ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင် အကောင်အထည် ဖော်နေတဲ့ အဖွဲ့ကြီးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (၂၀၁၀၊ဩဂုတ်)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)