မြန်မာနိုင်ငံ ကျေးငှက်များ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာနိုင်ငံ ကျေးငှက်များ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ အတွင်း၌ တွေ့ရသော ကျေးငှက်များတွင် မျိုးတူမျိုးကွဲအားဖြင့် မှတ်တမ်း တင်ထားသော ငှက်မျိုးမှာ ၁,၂၄ဝ ခန့်ရှိသည်။ ယင်းတို့အနက် ငှက်မျိုး ၂ဝဝ ခန့်သည် ဆောင်းရာသီတွင်မှ ရောက်လာတတ် သည့် ဧည့်သည်ငှက်မျိုးဖြစ်၍၊ ကျန်ငှက်များကား မြန်မာနိုင်ငံတွင် အမြဲတမ်း နေသော ငှက်များဖြစ်၏။ သို့သော်လည်း ထိုသို့ အမြဲတမ်းနေသော ငှက်များ အထဲတွင် နိုင်ငံတွင်း၌ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေထိုင်တတ်သည့် ငှက်မျိုး အတော်များများလည်း ပါဝင်ပေသေးသည်။ မြန်မာနိုင်ငံ၏ တည်နေရာသည် တိုတောင်းသည့် နွေရာသီအတွင်း အစာရေစာ မရှားပါးလှသော်လည်း ဆောင်း ရာသီအတွင်း အခြေအနေများ လွန်ကဲ ပြင်းထန်လှသည့် အာရှတိုက် မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ကုန်းမြေထုကြီး၏ တောင်ဘက်တွင် ရှိနေသည်။ ထို့ကြောင့် ပိုးမွှားနှင့် ဟင်းသီးဟင်းရွက် အစားအစာ ပေါများရာ မြန်မာနိုင်ငံတွင်းသို့ ဆောင်းခိုရန်ငှက်များ အုပ်နှင့်ချီ၍ ရောက်လာတတ်သည်မှာ မဆန်းတော့ပေ။ ထိုသို့ လာရောက်ရာတွင် ဇူလိုင်လလောက်မှစတင်ကာ တစ်ဖြည်းဖြည်း ရောက်လာတတ်ပြီးလျှင်၊ စက်တင်ဘာလလောက်တွင်ကား အများဆုံးဖြစ် လေသည်။ နွေကူးရာသီတွင် ဖေဖော်ဝါရီလမှ စတင်၍ ပြန်သွားရာ၊ မေလအကုန်တွင် ဆောင်းရာသီတွင်း ရောက်လာတတ်သည့် ငှက်များအားလုံး မရှိသလောက်ပင် ဖြစ်လေတော့သည်။ ဝီလိုးဝါးဗလား ငှက်တစ်မျိုးသည် ယင်းတို့ပေါက်ပွားရာ ဆိုက်ဗီးရီးယားရှိ ဒေသများမှ မိုင်ပေါင်း ၄,ဝဝဝ ခန့်ကွာဝေးသည့် အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ တိုင်းပြည်များသို့ လာရောက် ဆောင်းခိုတတ်သည်မှာ ငှက်၏ သေးငယ်သော ပမာဏနှင့်စာသော်အံ့ဩဖွယ်ဖြစ်၏။ နိုင်ငံတွင်း၌လည်းငှက်များသည် ထိုသို့ ဒေသကူးပြောင်းတတ်ရာ၊ အချို့ငှက်များသည် ဆောင်းရာသီတွင် တောင်ကုန်း တောင်တန်းများမှ အနိမ့်ပိုင်းဒေသများသို့ ပြောင်းရွှေ့လာတတ်ခြင်း၏ အကြောင်းရင်းမှာ ထင်ရှားလေသည်။ သို့သော် ပြောင်းရွှေ့ရခြင်း၏ အကြောင်းရင်းကို မသိရသေးသော ငှက်များလည်း ရှိ၏။


ပမာအားဖြင့် နှစ်စဉ် အောက်တိုဘာလတိုင်း စစ်တောင်းလွင်ပြင်သို့ လင်းမြီးဆွဲငှက် အမြောက်အမြား ရောက်လာတတ်၍ နွေရာသီတွင် မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြောင်းရွှေ့သွားတတ်ရာ၊ ထိုသို့ပြောင်းရွှေ့ခြင်း၏ အကြောင်းရင်းကို မသိရချေ။ မြန်မာနိုင်ငံတွင် ငှက်မျိုးပေါင်း တစ်ထောင်ကျော် ရှိသော်လည်း မြန်မာအမည်အားဖြင့် ငှက်မျိုးပေါင်း ၁၆ဝ ကျော်မျှသာရှိ၏။ ငှက်မျိုးကွဲ ရှစ်ကောင်တွေ့တိုင်း မြန်မာအမည်အားဖြင့် တစ်ကောင်ခန့်သာ ရှိနေပေသည်။ ထို့အပြင် မြန်မာစာပေ၌သာ ထင်ရှား၍ ယခုထက်တိုင် မည်သည့်ငှက်မျိုးဟု မပြနိုင်သော ငှက်များလည်း ရှိပေသေးသည်။

ပက်ဆာရီ ဖောမီးမျိုးစဉ်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ၌ ဤမျိုးစဉ်တွင် ပါဝင်သည့် ငှက်မျိုးပေါင်း ရဝ ကျော်ရှိသည်။ ဤမျိုးစဉ်မှ ကော်ဗီးဒီမျိုးရင်းဝင်ငှက်မျိုး အတော်များများ ရှိ၍ ကျီးကန်း(မြို့ကျီးကန်း)သည် လူသိများဆုံးဖြစ်၏။ တောတွင်း၌ လည်းကောင်း၊ တောင်ကုန်းမြင့်များ၌လည်းကောင်း တောကျီးကန်းကို တွေ့ရသည်။ ( ကျီး၊ တောကျီးကန်း။)

ငှက်ကျားကို ရှမ်းပြည်နယ် တောတောင်မထူထပ်သော ဒေသများတွင် တွေ့ရ၏။ ငှက်တော်ပြာ (ငှက်အောင်မ၊ ငှက်စပ်လည်းဟူ၏။)နှင့် နဖားကြီးငှက်အုပ်များကို ကျွန်းတောများတွင်လည်းကောင်း၊ လွင်ပြင်များနှင့် တောင်ခြေများရှိ စိုက်ပျိုးလုပ်ကိုင်ရာ နယ်မြေ တစ်ဝိုက်မှ တောစပ်များတွင်လည်းကောင်း တွေ့နိုင်သည်။ ဗွတ်ကုလားကိုမူ ရှမ်းပြည်နယ်ရှိ တောင်စခန်းမြို့များ အနီးအပါးတွင် တွေ့ရလေသည်။


ပယ်ရီဒီမျိုးရင်းဝင် တစ်ငှက်များ (၁၆ မျိုး) နှင့် ဆစ်တီဒီမျိုးရင်းဝင် ငှက်ပြာချောက်များ (၁ဝ မျိုး) သည် နယ်ခြား တောင်ကုန်းမြင့်များတွင်သာ တွေ့ရလေ့ရှိသော ငှက်မျိုးများဖြစ်သည်။ ( တစ်ငှက်၊ ငှက်ပြာခြောက်။)

ပါဏဗေဒ အလိုအားဖြင့် "မယ်လန်ခလော်ရာ စူလတန်နီး" ဟု ခေါ်သည့် စူလတန်တစ်ငှက်ကိုမူ လွင်ပြင်များနှင့် တောင်ခြေများရှိ စိုထိုင်းသော ရွက်ပြက်တောများတွင် တွေ့ရလေသည်။ ငှက်ပြာခြောက်မျိုးတွင် ငှက်ပြာခြောက် (ဆစ်တာကက်စတာနီအာ နီဂလက်တာ) နှင့် ပါဏဗေဒအလိုအားဖြင့် "ဆစ်တာ ဖရွန်တားလစ်" ဟု ခေါ်သည့် ကတ္တီပါသွေး ရင်သက်ငှက်ပြာခြောက်တို့ကို ပေ ၅ဝဝဝ ခန့်အထိ မြင့်သောအမြင့်ပိုင်းဒေသများတွင် တွေ့ရလေ့ရှိသည်။ တင်မလိင်းအီဒီး မျိုးရင်းဝင် ငှက်မျိုး ၁၂ဝ ခန့်ရှိ၏။ ယင်းတို့အားလုံးလိုလိုပင် အမြင့်ပိုင်း ဒေသများတွင်သာ နေလေ့ရှိသော်လည်း၊ အချို့ကို လွင်ပြင်များနှင့်တောင်ခြေများတွင် တွေ့ရလေ့ရှိသည်။ ဝါးရောင်းငှက်နှင့် ဝါးရောင်းငှက်ခေါင်းဖြူတို့သည် အနိမ့်ပိုင်းမှ စိုထိုင်းသော ရွက်ပြက်တောများအောက်ခြေရှိ ချုံနွယ်ပိတ်ပေါင်းများ အတွင်း အငြိမ်မနေလှည့်လည် သွားလာကာ၊ တစ်ကောင်နှင့် တစ်ကောင် သူ့ထက်ငါ ကျယ်လောင်စူးရှစွာ အပြိုင်အဆိုင် အော်မြည်နေတတ်သည်။


မြန်မာနိုင်ငံတွင်သာ တွေ့ရလေ့ရှိသော ဇွေ့ငှက်ကို မန္တလေးတစ်ဝိုက်နှင့် မိုးပါးရေရှား ရပ်ဝန်းတွင် အတွေ့ရများ၏။ ယင်းတို့သည် ခြောက်ကောင် ခုနစ်ကောင် အအုပ်အသင်းကလေးဖွဲ့ကာ ဝင်းခြံများ၊ တောချုံစပ်များတွင် ကျက်စားနေသည်ကို တွေ့ရတတ်၍ ညီအစ်မခုနစ်ဖော် ဟူ၍လည်း တင်စားခေါ်ဝေါ်တတ်သည်။


အီးဂျီသီနီဒီး မျိုးရင်းဝင် ရွှေပြည်စိုးငှက်ကို ပန်းခြံများ ဥယျာဉ်များတွင် တွေ့ရတတ်သည်။ တစ်ကောင်တည်းသော် လည်းကောင်း၊ စုံတွဲသော်လည်ကောင်း မိမိတို့၏ အစာဖြစ်သော ပိုးမွှားများကို ရှာဖွေယင်း၊ သစ်ပင်များနှင့် ချုံဖုတ်များတွင် ကူးလူး ပျံသန်း သွားလာနေသည်ကို တွေ့ရ၏။ ယင်း၏ အော်သံကို ရံဖန်ရံခါ ကြားရတတ် သော်လည်း၊ အတွေ့အမြင်ရ နည်းသည်။


ထိုမျိုးရင်းဝင် ငှက်စိမ်းနှင့် မြန်မာငှက်စိမ်းတို့ကို တောင်ခြေများရှိ ကျွန်းတောကြီးများတွင် တွေ့ရလေ့ရှိသည်။ ငှက်စိမ်းသည် ထူးဆန်း အံ့ဩဖွယ် ကောင်းလောက်အောင်အော်နိုင်သည်။


ပိုက္ကနိုနိုတီဒီး မျိုးရင်းဝင် ဗွတ်ဖင်နီ စသည့် ငှက်မျိုးကား မြန်မာနိုင်ငံတွင် အမျိုးပေါင်း ၅ဝ ခန့်ရှိ၏။ ( ဗွတ်ဖင်နီငှက်မျိုး။)

မြို့ရွာများ၊ ဥယျာဉ်များတွင် မကြာခဏ တွေ့မြင်ရသော ငှက်များဖြစ်၍ အချို့ကား တစ်ခါတစ်ရံမှသာ တောထဲ၌ တွေ့ရ၏။ ထိုငှက်တို့သည် သစ်ပင်ထိပ်ဖျားတွင်နေလေ့ရှိ၍ များသောအားဖြင့် ရဲရင့်ဖျတ်လတ်သည်။ လွင်ပြင်များနှင့် တောင်ခြေများတွင် ဗွတ်ဖင်နီနှင့် ဗွတ်ကလုံတို့ကို အတွေ့ရများသည်။ ( ဗွတ်ဖင်နီ၊ ဗွတ်ကလုံလည်း။)

ဆက်ဆီကိုလီနီး မျိုးရင်းခွဲတွင် ပါဝင်သည့် ငှက်ကျား (လယ်ခြားလည်းဟူ၏။) သည် လူသိများသည့် ငှက်အငယ်စားမျိုး ဖြစ်၍ တောတောင် မထူထပ်သော ဒေသများတွင် အတွေ့ရများသည်။ မြန်မာနိုင်ငံတွင် တွေ့မြင်ရဖန် များသဖြင့် ရိုးနေသောငှက်များတွင် သပိတ်လွယ်ငှက်လည်း အပါအဝင် ဖြစ်သည်။ ယင်းသည် တောသား သပိတ်လွယ်ငှက်ကဲ့သို့ပင် တာဒီဒီးမျိုးရင်းတွင် ပါဝင်သည်။ သပိတ်လွယ် ငှက်ဖိုသည် သီချင်းဆို ကောင်း၏။ ကျွန်းတောများတွင် နေလေ့ရှိသောတောသား သပိတ်လွယ်ငှက်သည်လည်း နံနက်ခင်းနှင့် ညနေခင်းများတွင် သာယာချိုအေး ဂီတတေးကို မြည်ကြွေးတတ်ပေသည်။ ( သပိတ်လွယ်ငှက်။ တောသား သပိတ်လွယ်ငှက်။)

တာဒိန်နီး မျိုးရင်းခွဲဝင် မြေလူးငှက်မျိုးမှာ ၂ မျိုးရှိ၍ များသောအားဖြင့် ဆောင်းရာသီတွင်မှ ရောက်လာတတ်သည့် ဧည့်သည်ငှက် များဖြစ်၏။ အမြဲတမ်းနေ ငှက်မျိုးအနည်းငယ်သည်လည်း ရာသီအလိုက် ဒေသကူးပြောင်းတတ်၏။ ( မြေလူးငှက် ။)

မြေလူးငှက်မျိုးတွင် အပါအဝင်ဖြစ်သည့် ငှက်သူခိုး(ခေါ်) ဗိုလ်တဲငှက်ကို ဆောင်းရာသီအတွင်း တောင်ခြေများနှင့် တောင်များပေါ်တွင် အတွေ့ရများလေသည်။ ( ငှက်သူခိုး။)

မတ်ဆီကပီဒီး မျိုးရင်ဝင် စာဖြူစာမဲ စသည့် ငှက်မျိုးကား ၄၉ မျိုးရှိသည်။ ထိုငှက်မျိုးအချို့ကား အမြဲတမ်း နေထိုင်သည့် ငှက်မျိုးဖြစ်သော်လည်း အများအပြားပင် ရာသီအလိုက် ဒေသပြောင်းရွှေ့တတ်၏။ ( စာဖြူစာမဲ။)

စာဖြူကို မြန်မာနိုင်ငံတွင် အနှံ့အပြား တွေ့ရသော်လည်း အရှေ့ပိုင်းနှင့်အလယ်ပိုင်းတွင်သာ ပေါက်ပွားလေ့ ရှိသည်ဟုသိရ၏။ လန်နီအီဒီး မျိုးရင်းဝင် ငှက်ဘီလူးမျိုး ၁၃ မျိုးရှိရာ၊ အချို့မှာ ဆောင်းရာသီမှသာ တွေ့ရသော ဒေသပြောင်းရွှေ့တတ်သည့် ငှက်များဖြစ်သည်။ ( ငှက်ဘီးလူး။)

ထိုမျိုးရင်းဝင် ငှက်တစ်စပ်၊ သို့မဟုတ် ဝါးရုံကြက်ကို ဆောင်းရာသီတွင် လွင်ပြင်များ၌ တွေ့ရလေ့ရှိ၏။ စက်တင်ဘာလမှ ဧပြီလအထိ ထိုငှက်၏ စူးရှသော အော်သံကို ရန်ကုန်အနီးတစ်ဝိုက်တွင် တစ်နေ့လုံးလို လိုကြားရတတ်သည်။ယင်းတို့သည် ဆောင်းရာသီ အကုန်တွင် နောက်ဆုံးမှ ပြန်သွားတတ်သည့် ငှက်များဖြစ်သည်။ ( ဝါးရုံကြက်။)

ကမ်ပီဘက်ဂျီဒီး မျိုးရင်းဝင် ငှက်မျိုးကား ၁၁ မျိုးရှိရာ ယင်းတို့သည် သစ်ပင်ထိပ်ဖျားများပေါ်တွင် နေလေ့ရှိပြီးလျှင် မြေပေါ်သို့ ဆင်းခဲသည်။ ယင်းတို့၏ လှပတင့်တယ်သော အမွှေးအတောင်များသည် မြန်မာ့ရှုခင်းနှင့် လျောက်ပတ်သည်။ ဒီကရူရီဒီး မျိုးရင်းဝင် ငှက်မျိုးလည်း ၁၁ မျိုးပင်ရှိ၏။ ထိုငှက်များသည် ဒေသ ကူးပြောင်းတတ်သော ငှက်များဟု တပ်အပ်မဆိုနိုင်သော်လည်း၊ တစ်နေရာမှ တစ်နေရာသို့ ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်တတ်ကြောင်းကိုမူ သိရှိရလေသည်။ တစ်ကိုယ်လုံးမည်းနက် တောက်ပြောင်နေသော အသွေးများ၊ခက်ရင်းခွကဲ့သို့သော အမြီးများနှင့်ချွန်နေသောအတောင်များကြောင့် ထိုငှက်များကို အလွယ်တစ်ကူနှင့် ခွဲခြားသိနိုင်၏။ ထိုမျိုးရင်းဝင် လင်းမြီးဆွဲ (လင်းဆွဲ၊သို့မဟုတ် မီးတောင်ဖိုနက်လည်းဟူ၏။) သည် ကျီးကန်းမျိုးထဲက မဟုတ်သော်လည်း သပိတ်ရောင်ထနေသော အဆင်းရှိခြင်း၊ မိမိ၏ အသိုက်ကို ရဲရင့်စွာ ကာကွယ်ခြင်းနှင့် တိုက်ခိုက်လိုသော စိတ်ဓာတ် ပြင်းပြခြင်းတို့မှာ ကျီးကန်းထက်ပင် သာပေသည်။ တစ်ခါတစ်ရံ ကျီးကန်း တစ်ကောင်ကို လင်းမြီးဆွဲများက လိုက်လံထိုးဆိတ်နေသည်ကို တွေ့ရတတ်သည်။ ( လင်းမြီးဆွဲငှက်။)

မြန်မာနိုင်ငံတွင် အမျိုးပေါင်း ရ၉ မျိုးမျှရှိသော ဆီလဗီအီဒီး မျိုးရင်းဝင် ဝါးဗလားငှက်များကား ငှက်ငယ်ကလေး များသာဖြစ်၍၊ အချို့ကား အမြဲနေငှက်များဖြစ်၏။ အများအပြားမှာ ဆောင်းရာသီတွင်သာ ရောက်လာတတ်သည့် ဧည့်သည် ငှက်များဖြစ်လေသည်။ ( ဝါးဗလားငှက်မျိုး။)

အီဂျီသီနီဒီးမျိုးရင်းဝင် ငှက်ပြာစိတ်ကို တောင်ခြေများရှိ ရွက်မပြတ် သစ်တော်များတွင်တွေ့ရသည်။ငှက်ပြာစိတ်သည် အလွန်ကြောက်တတ်၍၊ လူမြင်မခံချေ။ အိုရီယိုလီဒီးမျိုးရင်းဝင် ငှက်ဝါ(ဆနွမ်းဝါ၊ ငှက်ရွှေဝါလည်းဟူ၏။)ကို မေမြို့နှင့် မိုးပါး ရေရှားဒေသတစ်လျှောက်လုံးတွင် အများအပြား တွေ့မြင်နိုင်၏။


စတာနီဒီးမျိုးရင်းဝင် သာလိကာတို့သည် အမြဲနေငှက်မျိုးဖြစ်ရာ တောင်ခြေသစ်တောများတွင် နေကြ၍၊ ပင်မြင့်တွင် ကျက်စားသော ငှက်မျိုးဖြစ်သည်။ သာလိကာသည် အခြားငှက်များ၏ အသံကို အတုခိုးအော်နိုင်၍ လူတို့သင်ပေးသော စကားကို ပြောနိုင်လေသည်။


ယင်းတို့နှင့် မျိုးရင်းချင်းတူ၍ ပါဏဗေဒ အလိုအားဖြင့် အက်ပလောနစ် ပါနာယင်းဆစ် ဟုခေါ်သည့် စတာလင်ဆက်ရက် တစ်မျိုးသည် မြိတ်ခရိုင်တွင် သားပေါက်လေ့ရှိသည်။ အခြားစတာလင်ဆက်ရက် နှစ်မျိုးကား မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဆောင်းရာသီတွင် ရံဖန်ရံခါလာရောက်တတ်သည်။ ဆက်ရက်ငှက်မျိုးကား မြန်မာနိုင်ငံတွင် ၁၅ မျိုးရှိ၍၊ လူသိအများဆုံးသော ငှက်မျိုးတွင် အပါအဝင်ဖြစ်၏။ မြန်မာနိုင်ငံ အရပ်ရပ်တွင် တွေ့ရသော ဆက်ရက်သည် ကျီးကန်းကဲ့သို့ပင် လူသိအများဆုံး ငှက်ဖြစ်သည်။ များသောအားဖြင့် မြို့နှင့်မြို့ရွာ အနီးအနားတို့တွင် တွေ့ရ၏။


မြန်မာနိုင်ငံတွင် ပလော်ဆီအီနီး မျိုးရင်းခွဲဝင် စာဗူးတောင်းမျိုး ခြောက်မျိုးရှိ၍၊ လယ်တောများ၊ မြက်ခင်းပြင်များ၊ စိုက်ခင်းများနှင့် အလွန်ရှင်းသည့် တောများတစ်လျှောက်တွင် တွေ့ရတတ်သည်။ ယင်းတို့ကို စာဗူးတောင်းဟု ခေါ်တွင်ရခြင်း အကြောင်းမှာ ထိုငှက်မျိုးတို့၏ အသိုက်သည် လည်ပင်းရှည်သော ဗူးတောင်းကို စောက်ထိုးဆွဲထားသည်နှင့် တူသောကြောင့် ဖြစ်၏။ သိပ္ပံပညာဘက်တွင် အသုံးပြုသည့် ဖန်ပေါင်းအိုး၊ ဖန်ပေါင်းချောင်နှင့်လည်း ဆင်တူသည်။ အသိုက်သို့ဝင်ရန် အောက်တွင် အပေါက်ထားရှိ၍ လည်းပင်းရှည်ကြီး တစ်လျှောက်ဝင်သွားရသည်။ အက်စထရီလဒီနီး မျိုးရင်းခွဲဝင် စာပတီး၊ သို့မဟုတ် ငှက်ပတီးမျိုးကား ခြောက်မျိုးရှိ၍ လွင်ပြင်တောင်ကုန်း မဟူ စိုက်ခင်းနှင့် မြက်ခင်းများတွင် တွေ့ရလေသည်။ အမြဲနေ ပါစာရီနီး မျိုးရင်းခွဲဝင် စာကလေး ငါးမျိုးရှိ၏။ ပသျှူးစာ(ပါစာ မွန်တန်နပ်) မျိုးကို တောတွင်းရှိ ကျေးရွာ များမှအပ၊ လူတို့ အခြေကျ နေထိုင်ရာ ဒေသတိုင်းတွင် တွေ့ရသည်။ အိမ်စာ (ပါစာ ဒိုမက်စတီကပ်)ကို မြန်မာနိုင်ငံလွင်ပြင် များတွင် အမြဲတမ်းတွေ့ရ၏။ မြို့မှာထက် တောဘက်တွင်အတွေ့ရများသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရှေ့မြောက်ဒေသတွင် ပိုမိုများပြားလေသည်။


အမ်ဗာရီဇီနီ မျိုးရင်းခွဲဝင် စာနီ အပါအဝင် ဗန်တင်း စာမျိုးကား ၁ဝ မျိုးရှိသည်။ များသောအားဖြင့် မြန်မာနိုင်ငံ၌ အမြဲတမ်းနေသော ငှက်မျိုး မဟုတ်ချေ။ သို့သော် ပါဏဗေဒ အလိုအားဖြင့် မယ်လိုဖတ် လယ်သာမီ ဟု ခေါ်သည့် ဗန်တင်း စာမျိုးကား တောင်ကုန်းများတွင် အမြဲတမ်းနေပုံရသည်။ မြန်မာနိုင်ငံအရှေ့ မြောက်ပိုင်းတွင် ဆောင်းရာသီ၌ အနိမ့်ပိုင်းဒေသ များသို့ အုပ်နှင့်ချီ၍ ပြောင်းရွှေ့ သွားတတ်သည်။ ဟီရွန်ဒီနီဒီးမျိုးရင်းဝင်ပျံလွှားငှက်မျိုးကား ခြောက်မျိုးရှိ၏


သုံးမျိုးသည် မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်၏။ ပျံလွှားငှက်မျိုး အပါအဝင် မိုးစွေငှက်တို့သည် များသောအားဖြင့် ဩဂုတ်လတွင် ရောက်လာကြ၍ ဧပြီလတွင် ပြန်သွားတတ်လေသည်။


မိုတာလဆီလီဒီး မျိုးရင်းဝင် မြီးညှောင့်ငှက်မျိုး ၁၃ မျိုးရှိရာ


ပါဏဗေဒ အလိုအားဖြင့် ဒင်ဒရိုနန်သပ် အင်ဒိကပ် ဟုခေါ်သည့် မြီးညှောင့်ငှက်မျိုး ကလွဲ၍ အားလုံးပင် ဆောင်းရာသီ ဧည့်သည်ငှက်များ ဖြစ်လေသည်။ ထိုမျိုးရင်းဝင် ပိပစ်ရှိ မျိုး ကိုးမျိုးရှိရာ၊ နှစ်မျိုးသာ အမြဲတမ်းနေ ငှက်မျိုးဖြစ်၏။ ( ပိပစ်စာကလေး။)

အာလောဒီဒီး မျိုးရင်းဝင်ငှက်များ ၁၁ မျိုးရှိရာတွင် သုံးမျိုးကို အတွေ့ရများသည်။ ထိုမျိုးရင်ဝင်တွင် ဘီလုံးငှက်သည် မြန်မာနိုင်ငံတောင်ပိုင်းရှိ လယ်ကွက်များတွင် အမြဲနေငှက်မျိုးဖြစ်၏။


နက်တာရီနီအီဒီးမျိုးရင်းဝင် ပန်းရည်စုတ်ငှက်မျိုးကား ၂၁ မျိုးရှိသည်။


အမြဲနေငှက်များဖြစ်၏။ ပစ်တီဒီးမျိုးရင်းဝင် တောင်ငုံးမျိုးသည်လည်း အမြဲနေငှက်မျိုးဖြစ်၍ တောတွင်း၌သာ တွေ့ရသည်။ အချို့မှာ တောကြီး မြက်မည်း၌သာ နေသော်လည်း အချို့ကို ဝါးတောနှင့် ဖုန်းဆိုးများတွင် တွေ့နိုင်လေသည်။


ပါဏဗေဒ အလိုအားဖြင့် ပစ်တာမိုလပ်ဆင်ဆစ် ဟုခေါ်သည့် တောင်ငုံးမျိုးသည် မိုးရာသီအတွင်း ကျွန်းတောများတွင် ကျက်စားလေ့ရှိ၏။ အချို့တောင်ငုံးများကဲ့သို့ သစ်တော်ထူထပ်ရာတွင် မနေဘဲ၊ တစ်ခါတစ်ရံ ရွာနီးချုပ်စပ် ဥယျာဉ်နှင့် ယာခင်များသို့ လာရောက်တတ်ကြသည်။ငှက်ဆတ် အပါအဝင် ယူရီလာအီမီဒီး မျိုးရင်းဝင် ငှက်မျိုး ကိုးမျိုးရှိသည့်အနက် ငါးမျိုးကိုသာလျှင် တနင်္သာရီနှင့် ကယားပြည်နယ်ရှိ တောင်တန်းများ၏ အပတွင် တွေ့ရသည်။များသောအားဖြင့် လှပသော ငှက်မျိုးဖြစ်၍ ရွက်မပြတ်တော်များတွင်ကျက်စားလေ့ရှိသည်။


ကိုရာစီးအီးဖောမီး မျိုးစဉ်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ပီစီနီးမျိုးရင်းဝင် သစ်တောက်ငှက်မျိုး ၄ဝ ရှိသည်။ မြန်မာနိုင်ငံရှိ သစ်တောများ ကိုထိန်းသိမ်းရာ၌ သစ်တောက်ငှက်များသည် အထူးကူညီသည်ဆိုက မှားမည်မဟုတ်ပေ။ အကြောင်းကို ဆိုသော် သစ်တောက် ငှက်များသည် သစ်ပင်ဖျက်ပိုးမွှားများကို သုတ်သင် ရှင်းလင်းပေးသဖြင့် မြန်မာ့သစ်တော၏ တန်ဖိုးကို ခိုင်မြဲစေသောကြောင့်ပင်ဖြစ်သည်။


ကက်ပီတိုနီဒီး မျိုးရင်းဝင် ငှက်မျိုးကာ ၁၃ မျိုးရှိရာ၊ ပါဏဗေဒ အလိုအားဖြင့် ကယ်လော်ရမ်းဖပ် ဖူလီဂျီနိုးဆပ် ဟု ခေါ်သည့် ငှက်မျိုးကလွဲ၍ များသောအားဖြင့် တစ်ကိုယ်လုံး စိမ်းရောင်လွှမ်း၍ ဦးခေါင်းနှင့် လည်ပင်းတို့၌သာ အပြာရောင့်နှင့် ကြက်သွေးရောင်ရှိ၏။ ထို့အပြင် နှုတ်သီးတုတ်၍ သန်မာသည်။ များသောအားဖြင့် သစ်ပင်ထိပ်ဖျားများပေါ်တွင် နေလေ့ရှိ၍ အချိန်ကြာမြင့်စွာ အော်မည်နေတတ်သည်။ သစ်ရွက်စိမ်းရောင်ဖြင့် ရောနေသဖြင့် ရုတ်တစ်ရက်မမြင်ရချေ။ ပျံသန်းနေသည်ကိုလည်း တွေ့ရခဲ၏။ ထို့ကြောင့် ထိုငှက်မျိုးတို့၏ အော်သံကို ကြားဘူးကြသော်လည်း တွေ့မြင်ဘူးသူ နည်းလေသည်။ထိုမျိုးရင်းဝင်ဖိုးခေါင်ငှက်နှင့် ငှက်ပန်းထိမ်တို့ကို ကွင်းပြင်များနှင့် တောင်ခြေများတွင် အမြဲလိုပင် တွေ့ရလေသည်။


ကျူကျူလီဒီး မျိုးရင်းဝင် ဥဩငှက်မျိုးကို ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။


တစ်မျိုးသည် သစ်ပင်များထက်တွင် ကျက်စားလေ့ရှိ၍ ကပ္ပါငှက်မျိုးဖြစ်ပြီးလျှင် မျိုးကွဲ ၁၉ မျိုးရှိ၏။ အခြားတစ်မျိုးသည် မြေပြင်တွင် ကျက်စားလေ့ရှိ၍ ကပ္ပါငှက်မျိုးမဟုတ်ဘဲ မျိုးကွဲ ကိုးမျိုးရှိသည်။ဥဩငှက်မျိုးကား စူးစူးရှရှ အော်မြည်တတ်သည့် ငှက်မျိုးဖြစ်၍အထူးသဖြင့် သားပေါက်ချိန်များတွင် ယင်းတို့၏အော်မြည်သံများကိုကြားရတတ်၏။ ယောက်ဖခွေးခေါ်ငှက် များကို နွေရာသီတွင် တောင်ခြေများနှင့်တောင်များပေါ်ရှိ သစ်တောများ၌အတွေ့ရများလေသည်။

ပါဏဗေဒအလိုအားဖြင့် ကျူကျူလပ်စပါဗီရီအိုအိဒီး ဟု ခေါ်သည့် ဥဩငှက်မျိုးကား သစ်တောများတွင် အနှံ့အပြား တွေ့ရ၏။ ပါဏဗေဒ အလိုအားဖြင့် ကာကိုမန်တစ် မဲရှုလီနပ် ဟု ခေါ်သည့် ဥဩငှက်မျိုးကို သစ်တော အသင့်အတင့် ထူထပ်သည့် ဒေသများတွင် တွေ့ရသည်။ ခွေးခေါ်ရစ်ကို မိုးရာသီအတွင်း မိုးပါးရေရှားရပ်ဝန်းတွင် အတွေ့ရများ၏။ ယင်းသည် စူးစူး ရှရှ အမျိုးမျိုးအော်တတ်သည်။ဥဩငှက်ကိုကား မတွေ့မမြင်ဘူးသူ အလွန်နည်း၏။ မြန်မာနိုင်ငံကွင်းပြင်များတွင် အနေများသည်။ ဝါဖလေးငှက်နှင့် ဘုတ်ငှက်တို့ကား ကပ္ပါးငှက်မျိုးမဟုတ်သည့် ငှက်များတွင် ပိုမို လူသိများသော ငှက်များဖြစ်၏။ ဘုတ်ငှက်သည် မြန်မာနိုင်ငံ တစ်ဝှန်းလုံးတွင် နေ၍ ပေ ၄,ဝဝဝ အမြင့်အထိနေသည်။


မြန်မာနိုင်ငံတွင် ကြက်တူရွေး ငါးမျိုး၊ မလေး ကြက်တူရွေးနှင့် ကျေးသန္တာတို့ကို တွေ့ရ၏။ အမျိုးကွဲပြားသော်လည်း အလေ့အကျင့်ကား များစွာ မကွဲပြားလှချေ။

ငှက်ကလေးများ ပေါက်ချိန်တွင် စုံတွဲနေလေ့ရှိ၍၊ အခြားရာသီ၌ကား အအုပ်အသင်းဖွဲ့နေတတ်သည်။သစ်ပင်ကိုကုတ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာကျက်စား၏။ ကြက်တူရွေး များသည် အဆင်းအပြင် လှပသလောက် အကျင့်တန်သည်။ ကြက်တူရွေးများ လယ်ကွင်းပေါ်၌ ဆူညံစွာပျံသန်းသွားသည်ကို မကြာခဏ တွေ့ရသည်။သစ်သီးမျိုးစုံနှင့် ကောက်ပဲ သီးနှံမျိုးစုံကို ဖျက်ဆီး၏။ ကြက်တူရွေးတို့သည် မိမိတို့စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်လေသည်။ မလေးကြက်တူရွေးကို တနင်္သာရီတိုင်း တောင်ပိုင်းတွင် တွေ့ရ၍၊ ကျေးသန္တာကို မြန်မာနိုင်ငံတွင် အနည်းငယ်သာ တွေ့ရ၏။ ကိုရာစီအီး မျိုးရင်းဝင် ငှက်နှစ်မျိုးသာရှိ၏။ ငှက်ခါးကို မြန်မာနိုင်ငံ ကွင်းပြင်များတွင် အတွေ့ရများသည်။ သို့သော် သင့်တော်သော အခြအနေရှိလျှင် တောင်ပေါ်၌လည်း တွေ့နိုင်သည်။


မိုးကောင်းငှက်သည် မြန်မာနိုင်ငံ တောင်ခြေများရှိ သစ်တောများတွင် အနေများ၍၊ တောင်ပေါ်တွင် တွေ့ရခဲသည်။


မီရော့ပီဒီး မျိုးရင်းဝင် ပုစဉ်းထိုးငှက်များကား ငါးမျိုးရှိ၍ ယင်းတို့ကို တောက်ပသော အစိမ်းရောင် အမွှေးအတောင်နှင့် ရှည်လျားသေးသွယ်၍ ကောက်နေသော နှုတ်သီး၊ နားသည့်နေရာကစောင့်၍ အနီးအနားတွင် ပျံသန်းသွားသော ပိုးကောင်များကို နှုတ်သီးချင်း ရိုက်ကာ ဖြတ်ကနဲ အသံမြည်စေလျက် ဖမ်းယူ စားသောက်တတ်သော အလေ့အထတို့ကြောင့် အလွယ်တစ်ကူ သိနိုင်သည်။ ထိုငှက်မျိုးအားလုံးပင် အမြဲနေငှက်မျိုး ဖြစ်ပုံရသည်။ သို့သော် မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းလှည့်လည်နေသည့် ငှက်မျိုး ဖြစ်သော်လည်း အသေအချာ မသိရပေ။ အယ်လစီဒင်နီဒီး မျိုးရင်းဝင် အမြဲနေ တိန်ညင်းငှက်မျိုး ၁၅ မျိုးရှိသည်။


တိန်ညင်းငှက်သည် ဧရာဝတီနှင့် အခြား မြစ်ချောင်းကြီးများတွင် အတွေ့ရများသည်။ တိန်ညင်းငှက်သည် တောတွင်းရှိ ချောင်း မြောင်းများ အပါအဝင် ရေချိုဒေသများ၌ ကျက်စားသည်။ တိန်ညင်းရင်ဖြူကို တောင်ခြေနှင့် ကွင်းပြင်များ၌ အတွေ့ရ များသည်။ ကျွန်းတောနှင့် လယ်တောများ၌လည်း တွေ့ရ၏။ ပိုးမွှား၊ အိမ်မြှောင်၊ ဖားများကို ငှက်ခါးတို့နည်းတူ ဖမ်းယူ စားသောက်တတ်၏။ ဗူကာရိုတီဒီ မျိုးရင်းဝင်ငှက်မျိုး ကိုးမျိုးရှိ၍၊ လေးမျိုးကို တနင်္သာရီတိုင်း ရွက်မပြတ်တောများတွင် တွေ့ရသည်။ ယောင်ယင်ခေါ် အောင်လောင်ငှက်သည် ကျွန်းတောများတွင်သာ နေလေ့ရှိသော ငှက်မျိုးဖြစ်၍၊ ယင်းတို့၏ တောင်ပံရိုက်သံများကို တစ်မိုင်ခရီးမှပင် ကြားနိုင်သည်။ ( ယောင်ယင်ငှက်။)

မြန်မာနိုင်ငံတွင် တောင်ခြေများ၌ အောက်ချင်းငှက်ကို အနှံ့အပြားတွေ့ရသည်။


အူပျူပီဒီး မျိုးရင်းဝင် ငှက်မျိုး လေးမျိုးရှိ၏။ တုတ္ထရူ ဟုလည်းခေါ်သည့် ထပ်တစ်ယူငှက်သည် ကျွန်းတောများတွင် နေလေ့ရှိ၍၊ ထိုငှက် လေးမျိုးအနက် အတွေ့ရအများဆုံးဖြစ်သည်။


အပေါ့ဒီဒီး မျိုးရင်းဝင် ပျံလွှားငှက်မျိုး ၁၃ မျိုးရှိ၏။ ပျံလွှားကြီးသည် ဂုတ်ထိပ်လျှိုကြီး အတွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်အနှံ့အပြားရှိ လိုဏ်ခေါင်းများတွင်လည်းကောင်း သားပေါက်ကြသည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှန်းလုံးလိုတွင် လှည့်လည် နေထိုင်သည်။


ပျံလွှားသည် မြန်မာနိုင်ငံအတွင်း နေရာ အများအပြား၌ အမြဲနေ၏။ မိုးစာငှက် သည် ပျံလွှားငှက်မျိုးတွင် ထင်းရှားသော ငှက်မျိုးဖြစ်၍ ကွင်းပြင်များတွင် အတွေ့ရများ၏။


ဇီဝဇိုးငှက်သည်အသိုက်ကိုမိမိအန်ဘက်ဖြင့်ပြုလုပ်၏။ ထိုအသိုက် ကို ငှက်သိုက်ဟုခေါ်ကြသည်။ဆေးဘက်ဝင်၍ များစွာ အဖိုး တန်သည်။မြိတ်ကျွန်းစုနှင့်ပုသိမ် အနောက်ဘက်ကမ်းခြေအလွန်ရှိကျွန်းများတွင် ဇီဝဇိုးငှက်တို့ကိုတွေ့ရ၏။


ကက်ပရီမာလဂျီဒီး မျိုးရင်းဝင် မြေဝပ်ငှက်မျိုးကား ခြောက်မျိုးရှိ၍ ထိုငှက်များအကြောင်း သိသူ အလွန်နည်းသည်။


တစ်မျိုးနှင့် တစ်မျိုး အော်သံကွဲပြားခြားနား၏။ ငှက်ပျင်း ဟုလည်း ခေါ်သည့် မြေဝပ်ငှက်ကို မြန်မာနိုင်ငံ မိုးပါးရေရှား ရပ်ဝန်းတွင် အတွေ့ရများ၏။ နွေရာသီ၌ မြို့ရွာအနီးအနားတွင် ထိုငှက်တို့၏ အော်သံကို ကြားရသည်။ မြီးရှည် မြေဝပ်ငှက်ကား တောတွင်း ကျက်စားလေ့ ရှိသည့် ငှက်မျိုးဖြစ်သည်။ တောင်ဒေါင်းငှက်သည်လည်း မြေဝှပ်ငှက်မျိုးထဲကပင် ဖြစ်၏။


မြန်မာနိုင်ငံတွင် တိုင်တိုနီဒီး မျိုးရင်းနှင့် စတြစ်ဂျီဒီး မျိုးရင်းဝင် ညဉ့်ငှက်မျိုးပေါင်း ၂၆ မျိုးရှိ၍၊ အားလုံးပင် အသံသာ ကြားရပြီးလျှင် အတွေ့ရနည်းလေသည်။ တိုင်တိုနီဒီး မျိုးရင်းဝင် မိန်ငှက် (လင်ကောင်ပိုးငှက်ဆိုးလည်းဟူ၏။)ကို မြန်မာနိုင်ငံအနှံ့အပြား ကွင်းပြင်များတွင် အတွေ့ရများ၏။


စတြစ်ဂျီဒီး မျိုးရင်းဝင် တီးတုတ်ငှက်မျိုးသည် ကျွန်းတောများအတွင် ချောင်းကြီး၊ ချောင်းငယ်များသို့ လာရောက် ကျက်စားတတ်၏။


မြီးဝန်ငှက်နှင့် တောလုံငှက် (ကြက်ဝက် ခြောက်ကောင်လည်း ဟူ၏။) တို့၏ အော်သံများကို မှောင်စပျိုးသည့်အခါ ကျွန်းတောများအတွင်း ကြားရသည်။


မြီးဝန်ငှက်ကို ရန်ကုန်အနီးအနားတစ်ဝိုက်တွင် တွေ့နိုင်သည်။ ဇီးကွက်တို့ကို မိုးပါးရေရှားရပ်ဝန်းတွင် အများဆုံး တွေ့နိုင်၏။ ဇီးကွက်သည် အသံအမျိုးမျိုးပြုလုပ်တတ်သည်။


ပါဏဗေဒအလိုအားဖြင့် ဂလော့စီဒီယမ် ကျူကျူလိုအီဒီး ဟုခေါ်သည့် ညဉ့်ငှက်မျိုးကို မြန်မာတစ်နိုင်ငံလုံးတွင် တွေ့ရသည်။ ယင်းတို့သည်လည်း အသံအမျိုးမျိုး ပြုလုပ်တတ်၏။ ပါဏဗေဒအလိုအားဖြင့် ဂလော့စီဒီယမ် ဗရိုဒီစီဟု ခေါ်သည့် ညဉ့်ငှက်မျိုး၏ အော်သံကို အထူးသဖြင့် ပူအိုက်သည့် နွေရာသီတွင် တောတွင်း၌ ကြားရတတ်လေသည်။

အက်စီပီတြီဒီးမျိုးစဉ်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ဤမျိုးစဉ်ဝင် ငှက်မျိုးပေါင်း ၆၃ မျိုးရှိ၍ ထိုမျိုးစဉ်တွင် ပါဝင်သည့် စွန်များနှင့် လင်းတများကို အတွေ့ရများ၏။ ( စွန်၊ လင်းတ။)

အိန္ဒိယစွန်ကြီးမျိုးသည် နှစ်စဉ် ဩဂုတ်လနောက်ပိုင်းလောက်မှ စတင်၍ အများအပြား ရောက်လာကာ ဧပြီလအလယ်၊ သို့မဟုတ် လကုန်အထိ နေထိုင်လေ့ရှိသည်။ ဆောင်းရာသီတွင် ရောက်လာသော ဧည့်သည်ငှက်မျိုးဖြစ်သည်ဟု ယုံကြည်ရ၏။ 'ဥပုသ်စောင့်သည့်ငှက်' ဟုလည်း ခေါ်သောစွန်သည် စက်တင်ဘာလ အလယ်လောက်တွင်ရောက်လာကာ၊ မေလအကုန်၊ သို့မဟုတ် ဇွန်လဆန်းစလောက်တွင် ပြန်သွားတတ်သည်။ မိုးရာသီ ဝါတွင်း၌ စွန်ကိုမတွေ့မမြင် ရသောကြောင့် ဥပုသ်စောင့်သည့်ငှက် ဟု ခေါ်သည်။ မိုးရာသီတွင် မည်သည့် နေရာသို့ သွားသည်ကို အသေအချာ မသိရပေ။ စွန်သည် လူများ စွန့်ပစ်သော အစား အစာများကို ကောက်ယူ စားသောက်သဖြင့် လူ၏ အကျိုးကို ဆောင်သည်ဟု ဆိုနိုင်ပေသည်။ ဈေးအနီးအနားတွင်လည်းကောင်း၊ အမှိုက်ပုံအနားတွင်လည်းကောင်း စွန်များ အစာရှာဖွေနေလေ့ရှိသည်။ မြန်မာနိုင်ငံတွင် တွေ့ရသော လင်းတ လေးမျိုးအနက်၊ လင်းတကျောဖြူကို အတွေ့ရ အများဆုံးဖြစ်၏။ ယင်းတို့ကို လွင်တီးခေါင်များ တစ်လျှောက်တွင် တွေ့ရသည်။ လင်းတထိပ်နီကိုလည်း အတော်အတန် အတွေ့ရများသည်။ လင်းတထိပ်နီသည် အအုပ်အသင်းနှင့် မနေချေ။ အသေကောင်များအနားတွင် လင်းတထိပ်နီ နှစ်ကောင် သုံးကောင်မျှသာ စုရုံးနေသည်ကို တွေ့ရတတ်သည်။ ယင်းတို့ကိုယ်မှထွက်သော အနံ့မှာ မခံမရပ်နိုင်အောင် ပုပ်ဟောင် သော်လည်း၊ အသေကောင်ပုပ်များကို စား၍ ရှင်းပေးသဖြင့် လူများ၏ ကျန်းမာရေးအတွက် ကူညီသည်ဟု ဆိုရပေမည်။ ဝံလက် (ဝံလက်ခေါင်းကျားလည်း ဟူ၏။)ကို ဆောင်းရာသီ၌ မြန်မာနိုင်ငံတွင် မည်သို့ ပေါက်ပွား နေထိုင်သည်ကို တပ်အပ် သေချာ မသိရသေးပေ။


ပါဏဗေဒအလိုအားဖြင့် ဖယ်လကို အမျူရင်းဆစ် ဟု ခေါ်သည့် သိမ်းငှက်မျိုးကို တနင်္သာရီတိုင်း တောင်ပိုင်းကလွဲ၍ တောများ တစ်လျှောက်တွေ့ရ၏။ လင်းယုန်ကို လူသိများ၏။ ယင်းတို့သည် တောတွင်း၌ ကျက်စား၍ ဒေသနိမ့်မြင့်မရွေး နေကြသည်။ ဝံပိုငှက်ဝံလိုငှက်မျိုးအပါအဝင် ငှက်မျိုး မြန်မာနိုင်ငံတွင် ငါးမျိုးရှိရာ ဝံလိုငှက်သည် ပင်လယ်ကမ်းစပ်များတွင် ကျက်စားလေ့ရှိ၏။ ဝံပိုကို မြန်မာနိုင်ငံတွင် ရေအိုင်နှင့် မြစ်ကြီးများ၌ တွေ့ရသည်။ ယင်းတို့ကို ဆောင်းရာသီနှင့် နွေရာသီများတွင် တွေ့ရသော်လည်း မိုးရာသီ၌ တွေ့ရခဲသည်။ မိုးရာသီ၌ မည်သည့်နေရာသို့ သွားရောက်ကျက်စားသည်ကို အသေအချာ မသိရသေးချေ။ စွန်ဒေါင်းဖြူတို့သည် မြန်မာနိုင်ငံတွင် အနှံ့အပြား နေသည်။ အင်းများ အနီးအပါးတွင် အတွေ့ရများသည်။ သိမ်းကျားဒေါင်းစွန်တို့ အပါအဝင် ငှက်မျိုး ငါးမျိုးရှိရာ၊ အားလုံးပင် ဒေသကူးပြောင်းတတ်သည်။


သိမ်းအငယ်စားမျိုးတွင် ပါဝင်သည့် ချိုးသိမ်းသည် သစ်ပင်ပေါ်တွင် အနေများသော်လည်း လေထဲတွင် အလွန်မြင့်စွာ ပျံဝဲသည်ကို တွေ့နိုင်သည်။ ချိုးသိမ်းကို မြန်မာနိုင်ငံ တစ်ဝှန်းလုံး၌လိုပင် တွေ့နိုင်လေသည်။


ကိုလံဗီဖောမီးမျိုးစဉ်[ပြင်​ဆင်​ရန်​]

ဤမျိုးစဉ်တွင် ပါဝင်သည့်ငှက်မျိုး မြန်မာနိုင်ငံတွင် ၂၈ မျိုးတွေ့ရသည်။ ကိုလံဗီဒီမျိုးရင်းဝင်ငူမျိုး ကိုးမျိုးရှိ၍ အားလုံးပင် မြန်မာနိုင်ငံတွင် အမြဲတမ်းနေသည်။ ( ငူ။)

ဘုမ္မတီး၊ ငူခေါင်းမွဲ၊ ငူနှုတ်သီးထူတို့ကို မြန်မာနိုင်ငံရှိ ကွင်းပြင်များနှင့် တောင်ခြေများတွင် တွေ့ရ၍၊ အားလုံးပင် ကျွန်းတောများတွင် တွေ့ရလေ့ရှိသည့် ငှက်မျိုးဖြစ်လေသည်။ (ဘုမ္မတီး --- ရှု။)ပါဏဗေဒအလိုအားဖြင့် စဖင်နျူရပ် အပီကောဒါ ဟုခေါ်သည့် ငူမျိုးနှင့် စဖင်နျူရပ် စဖင်နျူရပ် ဟုခေါ်သည့် ငူမျိုးတို့ကို တောင်ပေါ်တောများတွင် တွေ့ရသည်။ ထိုမျိုးရင်းဝင် ငှက်ငနွားကို လူသိများ၏။ ယင်းတို့သည် အအုပ်အသင်းနှင့် ကျွန်းတောများတွင် ကျက်စားသည်။ ချိုးစိမ်းတို့သည် မြန်မာနိုင်ငံရှိ တောင်ခြေများမှ စိုစွတ်သော တောများတွင် အမြဲတမ်း နေကြ၍၊ ပေ ၆,ဝဝဝ အမြင့်အထိ နေလေသည်။ ရန်ကုန်မြို့အနီးရှိ ကြိမ်တော၊ ချုံတောများတွင်လည်း သားပေါက်လေသည်။ ချိုးငှက်မျိုး သုံးမျိုးရှိသည့်အနက် ချိုးလည်ပြောက်သည် မြန်မာနိုင်ငံတွင် မြင်ရဖန်များသော ငှက်မျိုးဖြစ်၏။ ရေငတ်မခံနိုင်၍ ရေရှိသည့် နေရာတိုင်း၌ တွေ့ရသည်။ ရာသီမရွေးသားပေါက်သည်။ ချိုးလင်းပြာသည် မြန်မာနိုင်ငံ မိုးပါးရေရှားရပ်ဝန်းတွင်သာ အနေများသည်။ ချိုးနီပု (ချိုးနီတိုလည်းဟူ၏။)သည် အခြားငှက် များထက် ပို၍ အအုပ်အသင်းဖွဲ့ကာ နေတတ်သည်။

ဂယ်လီဖောမီးမျိုးစဉ်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ဤမျိုးစဉ်ဝင်ငှက်မျိုး ၃၅ မျိုးရှိ၏။ ဖာစီအာနီဒီမျိုးရင်းဝင် ဥဒေါင်းကို မြန်မာနိုင်ငံ အနှံ့အပြားတွင် အနည်းအကျဉ်းသာ တွေ့ရသည်။


ဥဒေါင်းကို ကျက်သရေရှိသည် မြင့်မြတ်သည်ဟု ယူဆသော်လည်း မုဆိုးတို့ လက်ချက်ဖြင့် ဥဒေါင်းဦးရေသည် တစ်နေ့တစ်ခြား နည်းပါးလာသည်။ မြန်မာ ဘုရင်များ လက်ထက်က မြန်မာနိုင်ငံ၏ အလံတော်တွင် ဒေါင်းတံဆိပ်အမှတ်အသား ထားရှိ၍ ဒေါင်းလံကို တစ်လူလူလွှင့်ခဲ့ ကြသည်။ ဒေါင်းရစ်တို့သည် အလွန်လှပသော ငှက်မျိုးဖြစ်၍ ယင်းတို့၏ အမြီးများသည် ကိုယ်များရှိ အမွှေးများထက် အနည်းငယ်ပို၍ ရှည်သည်။


အထီးနှင့် အမ အတူတူမနေကြဘဲ၊ တစ်ကောင်ချင်းသာ နေလေ့ရှိသည်။ မြန်မာနိုင်ငံ တနင်္သာရီ တောင်ပိုင်းတွင် ထားဝယ်ခရိုင်အထိ ရွက်မပြတ်တောများတွင် တွေ့ရသည်။ ဒေါင်းမင်း (ဒေါင်းကုလား လည်းဟူ၏။) ကဲ့သို့သော ငှက်မျိုးအားလုံးပင် ရွက်မပြတ်တောများနှင့် ထူထပ်သော ဝါးရုံတောများတွင် အမြဲနေလေ့ရှိသည်။


ယင်းတို့ပေါများသည်ဆိုသော နေရာများတွင်ပင် အလွန်တစ်ရာတွေ့ရခဲသည်။ သို့သော်လည်း လည်ချောင်းသံပါ၍ စူးရှသည့် အော်သံများကို ကြားရတတ်၏။ တောကြက်မှ အိမ်ကြက်များ ဆင်းသက် ပေါက်ပွားသည်ဟု ဆိုကြ၏။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တောကြက်ကို တွေ့ရသည်။ များသော အားဖြင့် ကျွန်းတောများတွင် တွေ့ရ၏။ မိုးတွင်း၌ တောနက်ရာသို့ ရွှေ့ပြောင်းလေ့ရှိကြ၍ ဆောင်းရာသီတွင် စပါးစိုက်သည့် လယ်တောနှင့်နီးသော တောစပ်များသို့ ပြောင်းရွှေ့လာပြန်သည်။ ရစ်ရစ်မင်းနှင့် ရစ်ရင်မဲတို့သည် နယ်ခြား တောင်ကုန်းမြင့် များတွင် ကျက်စားသော ငှက်များဖြစ်သည်။


ပါဏဗေဒအလိုအားဖြင့် လိုဖူရာ အစ်ဂနီတာ ဟုခေါ်သည့် ရစ်မျိုးကို တနင်္သာရီတိုင်းတောင်ပိုင်းရှိ ရွက်မပြတ် တောများတွင် အများအပြားတွေ့ရ၏။ ရစ်သည် များသောအားဖြင့် ကျွန်းတောများတွင် နေ၍ စမ်းချောင်းများအနီး၌ အအုပ်အသင်းနှင့် နေလေ့ရှိသည်။ မြန်မာနိုင်ငံ တောင်ပိုင်းတွင် အတွေ့ရဆုံးဖြစ်၏။ မြောက်ဘက် စွတ်စိုထိုင်းမှိုင်းသော တောများတွင်မူ ရစ်ရင်မဲကို အတွေ့ရများသည်။ ယင်းတို့ နှစ်မျိုးလုံးပင် ကြောက်ရွံ့တတ်၍ လူကပ်မခံချေ။ ပါဒီစိုင်နီမျိုးရင်းခွဲတွင် ပါဝင်သော တောင်ခါ အပါအဝင် ငှက်မျိုးကား ၁ဝ မျိုးရှိ၏။


ယင်းတို့အားလုံးသည် လူမြင်မခံဘဲ များသောအားဖြင့် တောင်ကုန်းများရှိ စိုထိုင်းထူထပ်သော တောများတွင် ပုန်းလျှိုး ကျက်စားတတ်သည်။ ပါဏဗေဒအလိုအားဖြင့် ဖရန်ကိုလင်နပ် ပင်တေဒီးနပ် ဟုခေါ်သည့် ခါသည် တောနက်ရာဒေသမျိုးကလွဲ၍ မည်သည့် ဒေသ၌မဆို နေသည်။


သို့သော်လည်း အထူးသဖြင့် လယ်ကွက်များအနီးရှိ တောစပ်များတွင် ကျက်စားတတ်သည်။ မြန်မာနိုင်ငံတွင် ငုံးမျိုး ငါးမျိုးတွေ့ရ၏။

ဂရူးအီးဖောမီးမျိုးစဉ်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ရယ်လီဒီးမျိုးရင်းဝင် ရေကြက်မျိုးနှင့် ရေငုံးမျိုး ၁ဝ မျိုးရှိရာ အလေ့အထမှာ အတူတူလိုပင် ဖြစ်၏။ ယင်းတို့သည် လူမြင်မခံဘဲ ကိုင်းတောထဲတွင် နေပြီးလျှင် နံနက်နှင့် ညနေအချိန်၌သာ အပြင်ထွက်၍ အစာရှာဖွေသည်။ အလွန်ပုန်းသျှိုးကွယ်လျှိုး နေတတ်၏။ ဗောင်တုတ်ငှက်နှင့် ရေ၌ကျက်စားသော ငှက်တို့တွင် လူသိအများ ဆုံးဖြစ်သောရေကြက်မ(ကလူကွက်လည်း ဟူ၏။)


တို့သည်ဤမျိုးရင်းတွင် ပါဝင်သည်။ ရေကြက်နှင့် ရေကြက်ဒုံ(သင်္ဘောရေကြက် လည်းဟူ၏။) တို့သည်လည်း အမည်နှင့် လိုက်အောင် ရေကို နှစ်သက်၍ ရေတွင် ကျက်စားသော ငှက်မျိုးဖြစ်ရာ ရေထဲတွင်ကူးခတ်နေသည်ကို မကြာခဏ တွေ့ရတတ်သည်။


မယ်ညိုငှက်ကို ရေအိုင်ရှိသောကွင်းများတွင် တွေ့နိုင်သည်။ ( မယ်ညိုငှက်)

ရေရှိသောနေရာတွင် ကျက်စား၍ အထူးသဖြင့် ကိုင်းတောအနီးရှိ ရေအိုင်များကို ပိုမိုနှစ်သက်သည်။ အအုပ်အသင်းကလေးများဖွဲ့ကာ ကိုင်းတောများအကြားတွင် အစာရှာဖွေ စားသောက်၍ နေစာလှုံနေသော မယ်ညိုငှက်တို့ကို မကြာခဏ တွေ့မြင်နိုင်သည်။ရေဗလုံငှက်ကို အလွန်တွေ့မြင်ခဲ၍ လူသိနည်း၏။


ဥဒေါင်းနှင့် ဒေါင်းရစ်တို့ကဲ့သို့ပင် ဤငှက်ကို ပစ်ခတ်သတ်ဖြတ်ခြင်းမှ အစိုးရက အထူး ကာကွယ် စောင့်ရှောက်ထားသည်။ ရေဗလုံ ဟူသော အမည်နှင့် လိုက်လျောစွာ ရေစည်ပေါင်းထလောက်အောင် မှုတ်သည့် အသံမျိုးဖြင့် အော်သည်။ ကြာဘက်နင်း (ဘီဟုလည်း ခေါ်၏။) နှင့် ဘီကျား (ကြာဖက်နင်းဟုလည်း ခေါ်၏။) တို့ကို မြန်မာနိုင်ငံတွင် သင့်လျော်သော ရေအိုင်များ၌ အများဆုံး တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကြိုးကြာ နှစ်မျိုးရှိ၏။ ပါဏဗေဒ အလိုအားဖြင့် ဂရပ် ဂရပ် ဟုခေါ်သည့် ကြိုးကြာမျိုးသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် ရှမ်းပြည်နယ်တို့သို့ ဆောင်းရာသီတွင် ရောက်လာတတ်သည့် ဧည့်သည်ငှက်မျိုးဖြစ်၏။ ပါဏဗေဒအလိုအားဖြင့် ဂရပ် အန်တီဂိုနီ ဟုခေါ်သည့် ကြိုးကြာမျိုးကား မြန်မာနိုင်ငံတွင် အမြဲတမ်းနေ၍ အထူးသဖြင့် မြက်ထူထပ်သော ကွင်းပြင်၊ လွင်ပြင်တွင် တွေ့ရသည်။


ကာရာဒရီအီဖောမီးမျိုးစဉ်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ဤ အမျိုးစဉ်၌ပါဝင်သော ငှက်မျိုး ရ၅ မျိုးရှိ၏။ ပင်လယ်ပျော်ငှက်နှင့် ရေလျှောက်ငှက် အများအပြား ပါဝင်သည်။ အများစုသည် ဆောင်းရာသီတွင် ပင်လယ်ကမ်းခြေ၊ ရွံ့နွံတောများနှင့် ရေအိုင်းများသို့ ရောက်လာတတ်သော ငှက်များဖြစ်သည်။ ဗာဟီနီဒီး မျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒအလိုအားဖြင့် ဗာဟီနပ် အင်ဒိကပ် ဟု ခေါ်သည့် ခွေးခေါ်ရစ်သည် ခြောက်သွေ့၍ တောတောင် မထူထပ်ဘဲ မြက်ခင်းစပ်စပ် တောစပ်စပ်တွင် နေလိုသည်။ထိုကြောင့်ပင် မိုးပါးဒေသတွင်လည်း တွေ့ရတတ်လေသည်။ မိန်ဇိမ်ငှက်သည် ဧရာဝတီမြစ်နှင့် အခြားမြစ်ကြီးများ သဲကမ်းပါးများတွင် ကျက်စားသည်။ ( မိန်ဇိမ်ငှက်။)

သောင်တင်းငှက် အပါအဝင် ဂလဲရီယိုလီဒီးမျိုးရင်းဝင် ငှက်မျိုး နှစ်မျိုးရှိ၏။ ပါဏဗေဒအလိုအားဖြင့် ဂလဲယိုလာပရက်တင်ကိုလာ ဟု ခေါ်သည့် ငှက်မျိုးသည် သောင်တင်းငှက် (ဂလဲယိုရီယိုလာ လက်ကတီး) ထက်ကြီးသည်။


နွေရာသီအတွင်း မြန်မာနိုင်ငံတောင်ပိုင်းရှိ လွင်ပြင်များတွင် သားပေါက်သည်။ သီဖဟုလည်းခေါ်သော သောင်တင်းငှက်သည် ဧရာဝတီမြစ်ကမ်းပါးနှင့် အခြားမြစ်ကြီးများ၏ ကမ်းပါးများတွင် အအုပ်အသင်းဖွဲ့ကာ နေသည်။ မြန်မာနိုင်ငံတွင် လယ်ရီဒီး မျိုးရင်းဝင် ဇင်ယော်နှစ်မျိုးတွေ့ရသည်။


ပါဏဗေဒအလိုအားဖြင့် လယ်ရပ် အစ်ကသီယီးတပ် ဟုခေါ်သည့် ဇင်ယော်မျိုးသည် ဆောင်းရာသီတွင် မြန်မာနိုင်ငံ ကမ်းရိုးတမ်းတစ်လျှောက် လာရောက် နေထိုင်၍၊ ဆောင်းရာသီ အစနှင့် အကုန်လောက်တွင် အုပ်စုကလေးများ ဖွဲ့ကာ၊ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် စုန်ချည်ဆန်ချည် ကူးသန်း သွားလာနေတတ်သည်။ ဇင်ယော်ခေါင်းမဲ (လယ်ရပ် ဗရွန်နီစီဖေးလပ်)ကို ရန်ကုန်မြစ်ထဲတွင် အများဆုံး တွေ့ရသည်။ ယင်းတို့သည် မြန်မာနိုင်ငံသို့ ဆောင်းရာသီတွင် ရောက်လာတတ်ရာ၊ စက်တင်ဘာလတွင် ရောက်လာ၍ ဧပြီလ၊ မေလလောက်တွင် ထွက်ခွါသွားကြသည်။ လယ်ရီဒီးမျိုးရင်းဝင် မြစ်တွေးငှက်မျိုး ၁၄ မျိုးရှိသည့် အနက် မြစ်တွေး (စတားနား အောရန်တိယ)၊ ဝမ်းဘဲမြစ်တွေး (စတားနား အကျူတိကန်ဒါ) နှင့်မြစ်တွေးကလေး (စတားနား ဆိုင်နင်းဆစ်)တို့သာ မြန်မာနိုင်ငံတွင် အမြဲနေသည်ဟု သိရ၏။ ယင်းတို့ကို နွေရာသီတွင် ဧရာဝတီမြစ် သဲကမ်းပါးတစ်လျှောက် အစုအသင်းနှင့် အသိုက်များ ပြုလုပ်နေထိုင်သည်ကို တွေ့ရလေ့ရှိသည်။ ရေလျှောက်ငှက် အားလုံးလိုလိုပင် မြန်မာနိုင်ငံသို့ ဆောင်းရာသီတွင်မှ ရောက်လာတတ်သည့် ဧည့်သည်ငှက်များ ဖြစ်၍ အားလုံးကိုပင် သားပေါက်ချိန်ကလွဲလျှင် အအုပ်အသင်းဖွဲ့ကာ နေတတ်ကြရာ ထိုငှက်မျိုး အတော်များများသည် မြန်မာနိုင်ငံ တောင်ပိုင်းမှ ရွံ့နွံအတိ ဖြစ်သောကမ်းခြေများတွင် ထောင်သောင်းမက ကျက်စားတတ်သည်။ ကာရာဒရီအီဒီး မျိုးရင်းဝင် ဒီလုံးကောင်သည် ဆောင်းရာသီတွင် ရောက်လာတတ်သည့် ဧည့်သည်ငှက်မျိုးဖြစ်၍ ရွံ့နွံထူသော ကမ်းခြေတွင် ဒီလုံးကောင်တို့ကို ထောင်သောင်းချီ၍ တွေ့ရလေ့ရှိသည်။ ( ဒီလုံးကောင်။)

စစ်တလိုင်းငှက် (ချောင်းတစ်လိုင်း(ဝါ) ငှက်တစ်လိုင်းလည်း ဟူ၏။) သည်မြန်မာနိုင်ငံရှိ မြစ်ချောင်းများတွင် အမြဲတမ်းနေ၏။ ( စစ်တစ်လိုင်းငှက်။)

စစ်တစ်လိုင်း၏အသံမှာ တစ်တီတူး၏အော်သံနှင့် တူသော်လည်း တစ်တီတူးအသံလောက် မစူးရှပေ။ တစ်တီတူးကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိကွင်းပြင်များ၌ တွေ့နိုင်၏။ ( တစ်တီတူး။)

များသောအားဖြင့် တစ်တီတူးကို စုံတွဲလိုက် တွေ့ရတတ်သည်။သဲထူထပ်သော မြစ်ကမ်းချောင်းများတွင် နေလေ့ ရှိသော်လည်း စိုက်ပျိုးခင်း၊ မြေလပ်များနှင့် ထုံးအိုင်အနီး အနားတွင်လည်း တွေ့ရ၏။ တစ်တီတူးနှင့် မျိုးချင်းတူ၍ ပါဏဗေဒအလိုအားဖြင့် မိုက်ကရိုဆားကော့ ဆိုင်နီရီးအပ် ဟုခေါ်သည့် ငှက်မျိုးကား ဆောင်းရာသီ ဧည့်သည်ငှက်မျိုးဖြစ်၍၊ ဆောင်းရာသီတွင် မေမြို့အနီးတစ်ဝိုက်၌ အုပ်နှင့်ချီ၍ တွေ့ရတတ်သည်။ ရီကာဗီရော့စတြီဒီး မျိုးရင်းဝင် ဒေါင်းလန်းခြေထောက်ငှက် အချို့သည် မြန်မာနိုင်ငံတွင် အမြဲတမ်း နေသည်ဟု ထင်ရ၏။ သို့ရာတွင် အချို့ကား ဆောင်းရာသီတွင်မှသာ လာရောက်ကျက်စားသော ဧည့်သည်ငှက်များ ဖြစ်သည်။ ( ဒေါင်းလန်းခြေထောက်။)

စကိုလိုပါစီဒီး မျိုးရင်းဝင် စနိုက်ကြီးသည် မြန်မာနိုင်ငံတွင် အမြဲတမ်းမနေဘဲ ဆောင်းရာသီ၌သာ လာရောက်ကျက် စား၏။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မေမြို့တို့တွင် စနိုက်ကြီးကို တွေ့ရသည်။ ပါဏဗေဒအလိုအားဖြင့် ဂယ်လီနာဂို ဆိုလီတာရီယာ ဟုခေါ်သည့် စနိုက်မျိုး၊ စနိုက်(ဂယ်လီနာဂို ဂယ်လီနာဂို)၊ ဂယ်လီနာဂို စတင်နျူရာခေါ်သည့် စနိုက်မျိုး၊ ဂယ်လိနာဂို မီဂါရာ ဟုခေါ်သည့် စနိုက်မျိုး၊ လင်မနိုကရစ်တီး မင်နီမတ် ဟုခေါ်သည့် စနိုက်မျိုးတို့ကား ဆောင်းရာသီ ဧည့်သည် ငှက်များ ဖြစ်၏။ ယင်းတို့အနက် စနိုက်နှင့် ဂယ်လီနာဂို စတင်နျူရာ စနိုက်တို့ကိုသာ အများအပြား တွေ့ရသည်။ ( စနိုက်။)

ပယ်လီကင်နီဖောမီး မျိုးစဉ်[ပြင်​ဆင်​ရန်​]

ဤမျိုးစဉ်ဝင် ငှက်မျိုး မြန်မာနိုင်ငံတွင် ခြောက်မျိုးရှိ၏။ ပယ်လီကင်နီဒီးမျိုးရင်းဝင် ငှက်မျိုး နှစ်မျိုးရှိရာ၊ စက္ကဝက်ငှက်မျိုးသည် မြန်မာနိုင်ငံသို့ ဆောင်းရာသီတွင် ရောက်လာ၍ တွေ့ရခဲ၏။ ( စက္ကဝက်ငှက်။)

ဝံပိုကား မြန်မာနိုင်ငံတွင် အမြဲတမ်းနေ၍၊ ဧရာဝတီမြစ် တစ်လျှောက်တွင်လည်းကောင်း၊ ထုံးအိုင်များ အနီးအနားတစ်ဝိုက်တွင် လည်းကောင်း၊ ပင်လယ်ကမ်းခြေ တစ်လျှောက်တွင်လည်းကောင်း တွေ့နိုင်လေသည်။ ဖယ်လာကရိုကိုရက်စီဒီး မျိုးရင်းဝင် အော်ယောငှက်ကို လူသိများသည်။ ရေအိုင်၊ လမ်းဘေးရှိ မြောင်းနှင့် ရေကန်များတွင် ကျက်စားသော်လည်း ရံဖန် ရံခါ ကမ်းခြေတွင် တွေ့ရသည်။ အန်ဟင်ဂျီဒီးမျိုးရင်းဝင် ဥပန်းငှက်သည် မြန်မာနိုင်ငံတွင် အမြဲတမ်းနေ၍၊ အအုပ်အသင်းနှင့် နေလေ့ရှိသည်။ ( ဥပန်းငှက်။)

ရေကူးနိုင် ငုပ်နိုင်အောင် ရေများသည့် မြစ်ချောင်းများနှင့် ထုံးအိုင်များတွင် ထိုငှက် အုပ်များကို တစ်နှစ်ပတ်လုံး တွေ့ရသည်။ ထိုငှက်သည် အော်ယောနှင့် ရောနှောနေတတ်သည်။

စီကိုနီအီဖောမီး မျိုးစဉ်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ၌ ဤမျိုးစဉ်ဝင်ငှက်မျိုး ၃ဝ ရှိ၏။ ထရက်စကီအော်နီသီးဒီးမျိုးရင်းဝင် ဇွန်းနှုတ်သီးငှက် (ပလာတာလိယ လျူကိုရိုဒိယ)သည် မြန်မာနိုင်ငံတွင် တွေ့ရခဲသည့် ဧည့်သည်ငှက်မျိုးဖြစ်သည်။ ခရုစုတ်အဖြူနှင့် ပါဏဗေဒအလိုအားဖြင့် ပလီဂါဒစ် ဖယ်လစီနဲလပ် ဟုခေါ်သည့် ခရုစုတ်ငှက်မျိုးတို့၏ စရိုက်၊ အလေ့အကျင့်နှင့် စပ်လျဉ်း၍ အသေအချာ မသိရသေးပေ။ ခရုစုတ်အနက်သည် မြန်မာနိုင်ငံတွင် အမြဲတမ်းနေသော ငှက်မျိုးဖြစ်ဟန်တူသော်လည်း၊ တနင်္သာရီတိုင်းကလွဲ၍ တွေ့ရခဲဟန်တူလေသည်။ ( ခရုစုတ်ငှက်။)

စီကိုနီအီဒီးမျိုးရင်းဝင် ချည်ခင်စွပ်ငှက်၊ ငှက်ကုလားနှင့် ငှက်ကျား(ငှက်စပ်လည်းဟူ၏။)တို့ကား အမြဲတမ်းနေ ငှက်များဖြစ်၍၊ ( ချည်ခင်စွပ်ငှက်၊ ငှက်ကုလား။)

ယင်းတို့နှင့် မျိုးတူကာ ပါဏဗေဒအလိုအားဖြင့် စီကိုနီယာ နီဂရာဟုခေါ်သည့် ငှက်မျိုးကား မြန်မာနိုင်ငံအထက်ပိုင်းသို့ ဆောင်းရာသီတွင် မှန်မှန်ရောက်လာတတ်သည့် ဧည့်သည်ငှက်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငှက်ကြီးဒုံးစပ်၏ အလေ့အကျင့်နှင့် စပ်လျဉ်း၍ အသေအချာ မသိရပေ။ ( ငှက်ကြီး ဒုံးစပ်။)

ငှက်ကြီးဒုံးစပ် အနည်းငယ်ခန့်သာ မြန်မာနိုင်ငံတွင် အမြဲတမ်းနေ၍၊ များသောအားဖြင့် ဆောင်းရာသီ၌သာ ခေတ္တလာရောက် ကျက်စားကြသည်။ ဒုံးမြီးကွယ်သည် မြန်မာနိုင်ငံ၌ ရှိသည်ဆိုသော်လည်း တစ်ခါတစ်ရံ၌သာ တွေ့ရသည်။ ( ဒုံးမြီးကွက်။)

ခရုတုတ်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အနှံ့အပြား တွေ့ရှိရ၍ အမြဲတမ်း နေသည်ဟု ယုံကြည်ရသည်။ အာဒီအီဒီး မျိုးရင်းဝင် ဗျိုင်းအောက်သည် ဥဗျိုင်းငှက်မျိုးတွင် လူသိအများဆုံးဖြစ်၍၊ ရွာတိုင်းရွာတိုင်းရှိ ရေအိုင်များတွင် ဗျိုင်းအောက်များ သွားလာကျက်စားနေသည်ကို အလွယ်တစ်ကူ တွေ့နိုင်သည်။ ( ဗျိုင်းအောက်။)

ငဟစ်နှင့် လင်းဝက်တို့သည် မြန်မာနိုင်ငံတွင် အမြဲတမ်းနေ၍ လူသိများသည့် ငှက်များဖြစ်၏။ ( ငဟစ်၊ လင်းဝက်။)

ဥဗျိုင်း၊ ဗျိုင်းငန်းနှင့် ကျွဲကျောင်းဗျိုင်းတို့သည်လည်း မြန်မာနိုင်ငံတွင် အမြဲတမ်းနေ၍ လွင်ပြင်များတစ်လျှောက်တွင် တွေ့ရလေ့ ရှိသည်။ (ကျွဲကျောင်းဗျိုင်း၊ ဥဗျိုင်း။)

အန်ဆာရီဖောမီး မျိုးစဉ်။ ။ ဤမျိုးစဉ်တွင် ဝမ်းဘဲမျိုးနှင့် ငန်းမျိုးပါဝင်ရာ၊ မြန်မာနိုင်ငံတွင် ထိုမျိုးစဉ်ဝင်ငှက်မျိုး ၃၄ မျိုး ရှိသည်။


သို့သော် ခြောက်မျိုးသာ မြန်မာနိုင်ငံတွင် အမြဲတမ်းနေ၍၊ ကျန်ငှက်မျိုးတို့ကား ဆောင်းရာသီတွင် ရောက်လာတတ်သည့် ဧည်သည်ငှက်မျိုးဖြစ်လေသည်။ မြန်မာနိုင်ငံတွင် အမြဲတမ်းနေသော ငှက်မျိုးမှာ မောက်တင်၊ မန္ဒာလီ(တောဘဲ)၊ ကလကတ်၊ စစ္စလီခေါင်းမဲ၊ စစ္စလီကြီးနှင့် ဝမ်းဘဲတို့ဖြစ်သည်။


ဝမ်းဘဲကလွဲ၍ ယင်းတို့သည် မိုးရာသီအတွင်း သစ်ပင်များရှိ အသိုက်များတွင် သားပေါက်ကြသည်။ ဧည့်သည်ငှက်မျိုးဖြစ်သော ငန်းမျိုး ငါးမျိုးအနက် ငန်းနှင့် တောငန်းတို့ကို လူသိများသည်။


ယင်းတို့ကို ဆောင်းရာသီတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် အမြောက်အမြား တွေ့နိုင်သည်။ ဒေသကူးပြောင်းတတ်သည့် ဘဲမျိုးအနက် ဟင်္သာ၊ ဘဲပြားကလေး၊ ဘဲကျား၊ (ဘဲဒေါင်းကျားလည်း ဟူ၏။) မျိုးမ (ညူးမှတ်လည်း ဟူ၏။)နှင့် ဘဲရစ်တို့ကို အတွေ့ရအများဆုံး ဖြစ်၏။

ဟင်္သာသည် ပထမဆုံး ရောက်လာ၍ နောက်ဆုံးမှ ပြန်သွားတတ်သည်။ နေ့အခါတွင် ဟင်္သာအဖိုအမ စုရုံးကြကာ၊ အချိန်ဖြုန်းကြယင်း အနားယူ ကြသည်။ ညဉ့်အချိန်ရောက်သော် အုပ်မှခွဲထွက်၍အစာရှာဖွေကြသည်။ ငှက်များထဲတွင် သတိအရှိဆုံးဖြစ်၍ လူကပ်မခံချေ။ ဘဲခေါင်းစိမ်းသည်လည်း ဆောင်းရာသီ၌သာ မှန်မှန်လာရောက်ကျက် စားသော ဧည့်သည်ငှက်မျိုးဖြစ် ဟန်တူသည်။

ပေါ့ဒီစီပီတီဖောမီး မျိုးစဉ်[ပြင်​ဆင်​ရန်​]

ဤမျိုးစဉ်မှ ပေါ့ဒီစီပီတီဒီးမျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒအလိုအားဖြင့် ပေါ့ဒီစက် ကရစ္စတေးတပ် ဟုခေါ်သည့် ငှက်မျိုးသည် မြန်မာနိုင်ငံအထက်ပိုင်းသို့ ဆောင်းရာသီတွင် အနည်းအကျဉ်း လာရောက် တတ်သည့် ဧည့်သည်ငှက်မျိုးဖြစ်သည်။ ထိုမျိုးရင်းဝင် ထစိမှုတ် (ထန်းစေ့မှုတ်)ဟုလည်း ခေါ်သည့် ရေဝမ်းဘဲသည် မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်၍၊ ရာသီဥတုသင့်လျော်သော ဒေသများတွင် တွေ့နိုင်လေသည်။ ( ရေဝမ်းဘဲ။) [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)