မြင်းခွာပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြင်းခွာပင်
Centella asiatica
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးစဉ် Apiales
မျိုးရင်း Mackinlayaceae
မျိုးစု Centella
မျိုးစိတ် C. asiatica
ဒွိနာမ
''Centella asiatica''

မြင်းခွာပင်သည် မြေကြီးပေါ်တွင် တွားသွားသော ပင်စည်ပျော့မျိုး ဖြစ်သည်။ ကွန်ဗောဗျူလေးစီအီး မျိုးရင်းတွင် ပါဝင်၍၊ ရုက္ခဗေဒ အမည်မှာ မာရီမီးယား အီမာဂျီနေတာ ဖြစ်သည်။ မြင်းခွာပင်သည် အခြားအပင်များကဲ့သို့ အထက်သို့ တည့်တည့်မတ်မတ်မပေါက်နိုင်ဘဲ မြေကြီးတစ်လျှောက်သာ လျှောက်၍ ပေါက်တတ်သည်။ မြင်းခွာ ပုံသဏ္ဌာန် ရှိသောကြောင့် မြင်းခွာရွက်ဟု ခေါ်သည်။ အဆစ်များမှ အမြစ်မျှင်များ ထွက်လာပြီးလျှင် မြေကြီးကိုကုတ်ထားသောကြောင့် ရေနှင့်ဓာတ်ဆားရည်များကို လိုသလောက်ရနိုင်လေသည်။ ထိုကြောင့် မြေဩဇာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နေရာမရွေးပေါက်နိုင်သဖြင့် အခြားအပင်များထက် မျိုးဆက် ပိုမိုပြန့်ပွားလေသည်။ ပင်မသည် အမြစ်မှ ပြတ်သွားစေကာမူ သေမသွားဘဲ အပင်သစ်တစ်ပင် ဖြစ်ထွန်းလာနိုင်သည်။ မြင်းခွာပင်သည် တစ်နှစ်ခံပင်၊ သို့မဟုတ် နှစ်ကြာခံပင်မျိုး ဖြစ်၍ ယင်းကို မြန်မာနိုင်ငံ နေရာတိုင်း၌ လိုပင် အများအပြား တွေ့ရှိနိုင်သည်။

ပုံသဏ္ဌာန်[ပြင်​ဆင်​ရန်​]

မြေလျှောက်နှစ်ရှည်ခံ တွားသွားပင်မျိုးဖြစ်သည်။ မြေတွင် တွားသွား ၍ ပေါက်တတ်သော အမြဲ စိမ်း ပင်ငယ် မျိုး ဖြစ်၏။

အပင်[ပြင်​ဆင်​ရန်​]

ပင်စည် အလွန် သေးသွယ် ၍ လုံး၏။ အဆစ်မှ အမြစ်များ ထွက်၏။

အရွက်[ပြင်​ဆင်​ရန်​]

မြင်းခွာ ပုံသဏ္ဌာန် ရှိသောကြောင့် မြင်းခွာရွက်ဟု ခေါ်သည်။ အဆစ် တစ်ဆစ်တွင် ၂ ရွက် မှ ၆ ရွက် အထိထွက်၏။ ရွက်ညှာ အလွန်ရှည်၍ စိမ်းဝါရောင် ဖြစ်၏။ ရွက်ညှာထိပ် မှ ရွက်ကြောများ ဖြာထွက်၏။အရွက်တစ်ဝိုက်တွင် လှိုင်းတွန့်ကလေးများရှိသည်။ အရွက်သည် ရွက်လွှဲ သို့မဟုတ် အစုလိုက်ထွက်သည်။ ရင်းတူထိပ်ညီ ပန်းခိုင်မျိုး ဖြစ်သည်။ မိုးဥတုတွင် အရွက်များ ပိုကြီး၏။ အရောင်မှာစိမ်း၍ ချောမွတ်သည်။ တစ်ခါတစ်ရံ သံချေးရောင် ရှိတတ်သည်။ ရိုးတံ ရှည်သည်။ အရွက်၏ တစ်ဖက်မှတစ်ဖက်သို့ ရာသီဥတုကို လိုက်၍ တစ်လက်မမှ နှစ်လက်မကျော် ကျော်ခန့် ရှိသည်။

အပွင့်[ပြင်​ဆင်​ရန်​]

အဖြူရောင် သို့မဟုတ် အဝါရောင်ပန်းပွင့် ကလေးများ ပါရှိပြီး ဇွန်လမှ ဇန်နဝါရီလအထိ ပွင့်ကြသည်။ ပန်းခိုင် ရှည်၍ တစ်ခိုင်တွင် ပွင့်ညှာမဲ့ အပွင့် ကလေး သုံးပွင့် ပွင့် ၏။

အသီး[ပြင်​ဆင်​ရန်​]

အလွန် သေးငယ် ၍ ၂ လုံးမှ ၇ လုံးထိ ရှိတတ်၏။ အဖြူရောင် သို့မဟုတ် အစိမ်းရောင် ဖြစ်၏။ အလျားလိုက် အမြှောင်း ကိုးခု ပါသည်။ အသီးနံရံသည် အလွန်ထူ၍ အစေ့သည် ဘေးတိုက်အားဖြင့် ကျပ်နေသည်။ အသီးကလေးများ သီး၍ အစေ့များပါရှိသည်။

တွေ့နိုင်သောနေရာများ[ပြင်​ဆင်​ရန်​]

မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ ရေအိုင် ရေစပ်များ တွင် တစ်နှစ်ပတ်လုံး တွေ့ရ၏ ။ အထူး သဖြင့် အအေး ပိုင်း ဒေသတွင် ပိုမို၍ ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ[ပြင်​ဆင်​ရန်​]

သဘာဝ အလျောက် ပေါက်ရောက်လေ့ ရှိသော်လည်း အများသုံး ပင်ဖြစ်၍ အချို့ အခင်းလိုက် စိုက်ပျိုး ကြသည်။

စိုက်ပျိုးပုံ[ပြင်​ဆင်​ရန်​]

မြေပြုပြင်ခြင်း[ပြင်​ဆင်​ရန်​]

စိုက်ခင်း မြေအား သဘာဝ မြေဩဇာ အပြည့်အဝ ချ၍ ထယ်တစ်စပ် ထွန် ၂ စပ်ခန့် မွှေပြီး အနံ ၄ ပေ အကျယ် ပေ ၂၀ ခန့် ဘောင်မြောင်း များ ပြုလုပ် ရသည်။ သို့ရာတွင် မိုးရာသီ ၌ လယ်ကွက်တွင် ထယ်ထွန်တို့ ဖြင့် မြေကို ပြုပြင်၍ စိုက်နိုင်သည်။

စိုက်ပျိုးခြင်း[ပြင်​ဆင်​ရန်​]

သားတက်ကို ခွဲ၍ စိုက်ပျိုးနိုင်သည်။ သားတက် ကို စိုက်ပါက တစ်ပင် နှင့် တစ်ပင် ၆ -၈ လက်မခန့် ခြား ပြီး အဆစ်ကို မြေတွင် မြှုပ်ကာ စိုက်ရမည်။

ပြုစုဂရုစိုက်ခြင်း[ပြင်​ဆင်​ရန်​]

နွေရာသီ တွင် အစိုဓာတ် မပြတ်အောင် ရေလောင်း ပေးရန် လိုသည်။ အပင် မလှီရန် အတွက် အပင် စိပ်လွန်းက နုတ်ပေး ရမည်။ ပြုပြင် တတ်ပါက တစ်နှစ် ပတ်လုံး အသက် ရှည်နိုင်သည်။

အသုံးဝင်ပုံ[ပြင်​ဆင်​ရန်​]

ကျန်းမာ၍ အသက်ရှည်ရေးတွင် မြင်းခွာရွက်သည် အလွန် အဖိုးတန်သည်။ အပင်တစ်ပင်လုံးတွင် အရွက်ထက် အရိုးကပို၍သတ္တိထူးရှိသည်ကို တွေ့ရသည်။ ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင် ရေးသားသော ဥတုဘောဇန သင်္ဂဟကျမ်း၌ မြင်းခွာ အယဉ်နှင့် အရိုင်း နှစ်မျိုးရှိကြောင်း၊ အယဉ်သည် အေး၍ ချို၏။ အစာကြေလွယ်၏။ အမွှေးမရှိ။ မြင်းခွာအရိုင်းကား အရွက်တွင် အမွှေးရှိ၏ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။ ကမ္ဘာအရပ်ရပ်ရှိ ပါရဂူကြီးများသည် မြင်းခွာရွက်၏ အသုံးဝင်ပုံ၊ တန်ခိုးအာနိသင် ကြီးပုံများကို စာရွက်စာတမ်းများဖြင့် ရေးသားထားခဲ့ကြသည်။ တရုတ်နိုင်ငံ၊ ပီကင်း တက္ကသိုလ်မှ ပါမောက္ခ လီချင်ယွန်သည် အသက်ထက်ဆုံး မြင်းခွာရွက်ကို မှီဝဲသုံးဆောင်လာရာ ခရစ် ၁၉၃၃ ခုနှစ် ရောက်၍ အသက် ၂၅၆ နှစ်ရှိမှ ကွယ်လွန်သွားလေသည်။

အာနိသင်[ပြင်​ဆင်​ရန်​]

မြန်မာ ဆေးကျမ်းများ အလိုအရ မြင်းခွာရွက် သည် အရသာ ခါး သက်သက် ရှိ၏၊စပ်ရှားရှား ရှိ၏၊ချို၏၊ ထက်မြက်၏၊ သလိပ်ကို ပယ်တတ်၏၊ အရေပြား ရောဂါ ၊ ယားနာ အဖုအပိမ့် များ ၊ အနာပေါက် ရောဂါ ၊ နူနာ တို့ကို ပျောက်ကင်း စေ၏။

အသုံးပြုပုံ[ပြင်​ဆင်​ရန်​]

ပဉ္စငါးပါး[ပြင်​ဆင်​ရန်​]

  • မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏။
  • မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။
  • မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။
  • မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏၊ ဝမ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။
  • အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
  • ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။
  • သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏။
  • မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏။
  • မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
  • မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏။
  • မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အဝတ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏။
  • မြင်းခွာရွက် ကို အရိပ်ထဲ တွင် အခြောက်ခံပြီး အမှုန့်ကြိတ် ၍ ပျားရည်နှင့် ဆတူ စပ်ပြီး ညအိပ်ရာ ဝင်ချိန်တွင် လျက်သော် နှစ်ခြိုက် စွာ အိပ်ပျော်စေ၏။

ထို့ကြောင့် အနောက်နိုင်ငံများ၌လည်း မြင်းခွာရွက်ကို အမှုန့် ပြုလုပ်ပြီးလျှင် အကြီးအကျယ် ရောင်းချသည်ကို တွေ့ရ၏။ အိန္ဒိယ ဘယဆေး ကျမ်းကြီး များ၌လည်းမြင်းခွာရွက်၏ အသုံးဝင်ပုံကို နည်းမျိုးစုံတို့ဖြင့် ရေးသားထားကြသည်။ ကုဋ္ဌနူနာနှင့် ကာလသားရောဂါများ၌ပင် မြင်းခွာရွက်ကို အမှုန့်ပြု၍ စားသုံးခြင်း၊ အမှုန့်ကို အနာတွင်ဖြူးပေးခြင်း၊ အရွက်ကို ကြိတ်၍ အုံပေးခြင်းဖြင့် ပျောက်ကင်းသည်ဟု ဆိုသည်။ မြန်မာနိုင်ငံကဲ့သို့ မြင်းခွာပင် ပေါများစွာ ပေါက်သော တိုင်းပြည်တွင် အမှုန့်တွင်မက လတ်လတ်ဆတ်ဆတ် အရွက်များကို ဟင်းချိုချက်၍ လည်းကောင်း၊ သုတ်၍လည်းကောင်း၊ တို့စရာအဖြစ်ဖြင့် လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း နေ့စဉ် မှီဝဲ သုံးဆောင်နိုင်ကြသဖြင့် ကျန်းမာ၍ အသက်ရှည်လိုသူတိုင်း မှီဝဲသုံးဆောင်နိုင်ကြပေသည်။[၁] [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. http://arogyamonline.com/commodity/materials/?raw=86