မံမီရုပ်ကလာပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မံမီရုပ်ကလာပ်
ဗြိတိသျှပြတိုက်တွင် ပြသထားသည့် အီဂျစ် မံမီ

ရှေးအီဂျစ်လူမျိုးတို့သည် လူတစ်ဦးတစ်ယောက် သေဆုံးသွားသောအခါ ထိုသူ၏ ရုပ်အလောင်း မပျက်မစီး၊ မပုပ်မသိုးမှသာလျှင် သေသူ၏ အသက်ဝိညာဉ်သည် နောင်တနေ့သောအခါတွင် ကြွင်းကျန်ခဲ့သော မိမိရုပ်ကလာပ်ထဲသို့ ပြန်ဝင်အသက်ရှင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်သည့်အတိုင်း ရုပ်အလောင်းကို မပုပ်မသိုးပဲ ကြာမြင့်စွာ တည်တံ့နိုင်စေမည့် နည်းအမျိုးမျိုးကို ရှာဖွေခဲ့ကြသည်။ အဆီ၊ သစ်စေး၊ အမွှေးအထုံများဖြင့် လူသေရုပ်ကလာပ်ကို သုတ်လိမ်းပြီးလျှင် ပိတ်ပိုင်းစ အရှည်ကြီးဖြင့် ဦးခေါင်းမှ ခြေဖျားတိုင် ရစ်ပတ်ကျပ်စည်းကြသည်။ ဤသို့ မပုပ်မသိုးအောင် ကျပ်စည်းထားသော ရုပ်ကလာပ်မျိုးကို မံမီရုပ်ကလာပ်ဟု ခေါ်သည်။

အထူးသဖြင့် မင်းမျိုးရာဇာနှင့် ပစ္စည်းဥစ္စာ ကြွယ်ဝသောသူများ သေလွန်သောအခါ ငွေကြေးမြောက်မြားစွာပေး၍ ဝယ်ယူရသော ဆေးအမျိုးမျိုး၊ အမွှေးအမျိုးမျိုးတို့ဖြင့် ရုပ်ကလာပ်ကို စီမံကျပ်စည်းပေးကြသည်။ ထိုနောက် အဖိုးတန် ပစ္စည်းအသုံးအဆောင်များနှင့် အတူတကွ ကြီးကျယ်ခန်းနားစွာ မြှုပ်နှံထားလေ့ရှိကြသည်။ သာမန် ဆင်းရဲသားဖြစ်လျှင်ကား ရုပ်အလောင်းကို ဆားရည်တွင်စိမ်၍ အခြောက်ခံပြီးလျှင် သာမန်အဝတ်စများဖြင့်ပင် ရစ်ပတ်ကာ မြှုပ်နှံလိုက်ကြသည်။

မံမီရုပ်ကလာပ် ပြုလုပ်သည့် အလေ့အထသည် အီဂျစ်နိုင်ငံမှ တောင်ပိုင်းသို့ ပျံ့နှံ့သွားရာ အာဖရိက၊ အိန္ဒိယ၊ ဩစတြီးယားနှင့် အာရပ်လောကတိုင်အောင် ရောက်သွားခဲ့သည်။ အနောက်ဖက် တခွင်တွင်မူ ထိုအလေ့အထသည် ပီရူးနှင့် မက္ကဆီကိုနိုင်ငံတို့တိုင်အောင် ပျံ့နှံ့သွားခဲ့သည်။ သို့သော် မံမီရုပ်ကလာပ် ပြုလုပ်ကြရာတွင် အီဂျစ်တို့၏ နည်းကို မည်သူမျှ မမှီကြပေ။

ရှေးခေတ် အီဂျစ်ဖာရိုဘုရင်များ ဖြစ်ကြသော ဒုတိယ ရမ်မီးဆီးနှင့် တူတန်ခမွန်တို့၏ မံမီရုပ်ကလာပ်များမှာ အကျော်ကြားဆုံးသော မံမီရုပ်ကလာပ်များ ဖြစ်ကြသည်။ အီဂျစ်လူမျိုးတို့သည် ရုပ်ကလာပ် ပြုလုပ်သည့် အလေ့အထကို ဘီစီ ၄၅၀၀ ခန့်မှစ၍ အေဒီ ၇ ရာစုခေတ်တိုင်အောင် ပြုလုပ်ခဲ့ကြသည်။ ကလေးများ၏ ရုပ်အလောင်းကို ထိုသို့ မပုပ်မသိုးအောင် ပြုလုပ်ခြင်း နည်းပါးကြသည်။ ယဟူဒီ (ဂျူး) နှင့် ဂရိလူမျိုးတို့သည်လည်း လူသေရုပ်အလောင်းများကို ထိုကဲ့သို့ပြုလုပ် စီမံပေးလေ့ ရှိခဲ့ကြဖူးသည်။ နောက်ပိုင်းခေတ်များတွင် လူ၏ ရုပ်အလောင်းသာမက ခွေး၊ ကြောင်၊ ကြက်၊ ငှက်၊ ခြင်္သေ့၊ မိကျောင်း၊ ငါးနှင့် ပိုးမွှားများ အပါအဝင် မိမိတို့ အမြတ်တနိုး မွေးမြူထားသော တိရစ္ဆာန်တို့၏ ရုပ်အလောင်းများကိုပင် မပုပ်မသိုးအောင် အီဂျစ်လူမျိုးတို့ စီမံပြုလုပ်ခဲ့ကြသည်များကို တွေ့ရသည်။

ရှေးအီဂျစ်လူမျိုးတို့သည် မံမီရုပ်ကလာပ် ပြုလုပ်ရာ၌ နည်းပေါင်းများစွာကို အသုံးပြုခဲ့ကြသည့်အနက် ယခုအခါ နည်းအချို့ကိုသာ စုံစမ်းသိရှိရသည်။ အကြမ်းအားဖြင့် မံမီရုပ်ကလာပ် ပြုလုပ်စီရင်ပုံမှာ ရှေးဦးစွာ လူသေရုပ်အလောင်းမှ ဦးနှောက်နှင့် အူများကို ထုတ်ပစ်သည်။ ထိုနောက် ပူစပ်မွှေးကြိုင်သော သစ်ခေါက်သစ်မြစ်များ၊ သစ်ပင်မှရသော အစေးများ စသော ရုပ်အလောင်းကို မပုပ်မသိုးအောင် ထိန်းသိမ်းပေးနိုင်သည့် ဆေးဖက်များဖြင့် စီမံထားသော အရည်တွင်ဖြစ်စေ၊ တခါတရံ ပျားရည်တွင်ဖြစ်စေ ရက်ပေါင်း ၇၀ မျှစိမ်ထားသည်။ ထိုနောက် ရုပ်အလောင်းကို ခြောက်သွေ့အောင် စီမံပြန်သည်။ ကိုယ်တွင်းသို့လည်း တတ်နိုင်သမျှ ရုပ်မပျက်ပဲ ဖောင်းကြွနေအောင် အခြားဆေးဖက်များကို လိုသည့်နေရာ၌ သွတ်သွင်းပေးသည်။ တခါတရံ မျက်လုံးအတုများကိုပင် တပ်ဆင်ပေးလေ့ ရှိသည်။ ထိုနောက် လိုင်နင်အဝတ်ဖြင့် တကိုယ်လုံးကို သေသပ်စွာ အထပ်ထပ် ရစ်ပတ်ပေးပြီးလျှင် လှပစွာ ရေးခြယ်ထွင်းထု အထပ်ထပ် ပြုလုပ်ထားသော ခေါင်းများတွင်ထည့်ကာ မြှုပ်နှံလေသည်။

ထောင်ပေါင်းများစွာသော မံမီရုပ်ကလာပ်များကို အီဂျစ်နိုင်ငံမှ တူးဖော်ရရှိ၍ အချို့ကို လန်ဒန်မြို့နှင့် ကိုင်ရိုမြို့ရှိ ပြတိုက်များတွင် ပြသထားသည်ကို တွေ့နိုင်ပါသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)