မော့ ဆယ်မျူယယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တီထွင်သူ မော့စ်၏ ရုပ်ပုံ

မော့ ဆယ်မျူယယ် (ခရစ် ၁၇၉၁ - ၁၈၇၂)[ပြင်​ဆင်​ရန်​]

ကမ္ဘာ့တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ သတင်း အရပ်ရပ်ကို လျှပ်စစ်သံလိုက်ဓာတ်အားဖြင့် တစ်ခဏခြင်း ပေးပို့နိုင်သောကြေးနန်းဆက်သွယ်ရေး လုပ်ငန်းကို စတင် တီထွင်ခဲ့သူ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဆယ်မျူယယ် မော့သည် ၁၇၉၁ ခုနှစ် ဧပြီလ ၂၇ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံ၊ မက်ဆချူးဆက် ပြည်နယ်၊ ချားစတောင်းမြို့၌ ဖွားမြင် ခဲ့သည်။ အသက် ၁၉ နှစ်အရွယ်တွင် ယေားတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိသည်။ ထိုပုဂ္ဂိုလ်ကြီး၏ နာမည်အပြည့်အစုံမှာ ဆယ်မျူယယ် ဖင်လီဗရိမော့(Samuel Finley Breese Morse) ဖြစ်သည်။

မော့သည် ပန်းချီပညာကိုအထူးနှစ်သက်လိုလားသည့် အားလျော်စွာ ယင်းပညာကို လေ့လာဆည်းပူးနေသည့် အတွင်း လျှပ်စစ်ဓာတ် ပညာရပ်များကိုလည်း အထုံ ဝါသနာ ပါခဲ့ လေသည်။ ဝါသနာ ပါသည့်အလျောက် တစ်ခါတစ်ရံ ထိုပညာဖက်သို့ လုံးဝအာရုံပြုလိုစိတ်များ ပေါ်ပေါက်ခဲ့ဘူးလေ သည်။ သို့သော် ပန်းချီပညာကိုသာ လေ့လာစေရန် အခြေ အနေက ဖန်တီးလာသဖြင့် ၁၈၁၁-ခုနှစ်တွင် မိဖရပ်ရွာမှ ထွက်ခွာခဲ့ပြီးလျှင် ပင်လယ်ရပ်ခြား တိုင်းတစ်ပါး ဖြစ်သော အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ကြီးသို့လာရောက်၍ ပန်းချီပညာကို လေ့လာဆည်ပူးလေသည်။

လန်ဒန်မြို့တွင် ပန်းချီပညာကို လေ့လာသင်ကြားနေစဉ်ပင် ဓာတုဗေဒ၊ ရူပဗေဒ အထူးသဖြင့် လျှပ်စစ်ဓာတ် ပညာကိုအထူး စိတ်ဝင်စားပြီး လေ့လာခဲ့လေသည်။ ပန်းချီပညာဖက်တွင်လည်း မဆုတ်မနစ်သော လုံ့လဖြင့် ကြိုးစားလာခဲ့ရာ ထင်ရှား ကျော်စောသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာလေသည်။ အဂ‡လန် နိုင်ငံတွင်သာမက ဥရောပတိုက်ရှိ နိုင်ငံအသီးသီး၌တည်ရှိနေသေး သော ရှေးဟောင်းပန်းချီပညာကျော်ကြီးတို့၏ လက်ရာများကိုပင် သွားရောက် ကြည့်ရှုလေ့လာခဲ့ပေသေးသည်။ ၁၈၂၅ ခုနှစ်တွင် မော့သည် အခြားပညာကျော်များနှင့်အတူ လန်ဒန်မြို့တော်၌ အမျိုးသား ပန်းချီအသင်းကြီးကို တည်ထောင်ခဲ့ပြီးလျှင် ၁၈၂၆ ခုနှစ်မှ ၁၈၄၅ ခုနှစ်အထိ ဥက္ကဋ္ဌ အဖြစ်ဖြင့် ဆောင်ရွက်ခဲ့လေ သည်။

အသက်အားဖြင့် ၄ဝ ကျော်လာပြီဖြစ်သော မော့သည် အင်္ဂလန်နှင့် ဥရောပတိုက်တစ်ခွင်၌ ပန်းချီဖက်တွင် ထင်ရှားသော ပုဂ္ဂိုလ်ကြီးဖြစ်လာပြီးနောက် နယူးယော့မြို့သို့ ပြန်ရန် ၁၈၃၂ ခုနှစ်တွင် ဆာလီအမည်ရှိ သင်္ဘောကို စီးနင်းလိုက်ပါလာခဲ့သည်။ ပန်းချီပညာကိုသာ အနှစ် ၂ဝ ကျော်လေ့လာခဲ့သော်လည်း သူ၏ အထုံဝါသနာပါခဲ့သော ဓာတုဗေဒနှင့် ရူပဗေဒပညာရပ်များ လိုက်စားရေးကိုကား တစ်နေ့တစ်ရက်မျှ မေ့ပျောက်ခြင်းမရှိခဲ့ချေ။ သင်္ဘောပေါ်တွင်လည်း လျှပ်စစ်ဓာတ်အကြောင်း ဝါသနာပါသော မိတ်ဆွေများနှင့် တွေ့ဆုံသဖြင့် လျှပ်စစ်ဓာတ်သဘောကို ဆွေးနွေး ကြရာတွင် မော့၏ စိတ်အာရုံကို ပန်းချီပညာမှ လျှပ်စစ်ဓာတ်နှင့် စပ်လျဉ်းသော သိပ္ပံပညာရပ်များသို့ လုံးဝကူးပြောင်းစေလေသည်။

ဆာလီသင်္ဘောပေါ်တွင် သူ၏ မိတ်ဆွေများအား လျှပ်စစ် ဓာတ်၏ တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ရေးနှင့်စပ်လျဉ်းသော အကြောင်းအရာများကို ပုံကြမ်းများဖြင့် မော့ဆွဲပြဘူးသည်။ စင်စစ်သော်ကား ထိုပုံကြမ်းသည်ပင်လျှင် နောင်အခါ မော့ တီထွင်မည့် ကြေးနန်းရိုက်နည်း စက်ကိရိယာပုံကြမ်းဖြစ်လေ သည်။ ထိုပုံကြမ်းကို အနည်းငယ် ဖြည့်စွက်ပြင်ဆင်လိုက်ပါက ယခုခေတ်တွင် အသုံးပြုသော ကြေးနန်းရိုက်စက်ဖြစ်လာပေမည်။

မော့သည် နယူးယော့မြို့သို့ ပန်ရောက်သည့် အချိန်မှစ၍ ၁၂ နှစ်တိုင်တိုင် လျှပ်စစ်ဓာတ်ဖြင့် ကြေးနန်းရိုက်နိုင်သည့် နည်း လမ်းကို ကြိုးစားရှာဖွေခဲ့လေသည်။ သို့ရာတွင် ဤနည်းကို ကြံစည်တီထွင်ရာ၌ ငွေကြေးအမြောက်အမြား ကုန်ကျမည်ဖြစ်ရာ ကူညီမစမည့်သူများကို ရှာဖွေရလေသည်။ မော့သည် ကြေးနန်း ရိုက်နည်း အောင်မြင်ရန် လီယိုနတ်ဂေး ဆိုသူထံမှ အကြံဉာဏ် ကောင်းများ ရရှိ၍ အဲလဖရက် ဗေးဆိုသူထံမှ ငွေကြေး အကူအညီများ ရရှိလေသည်။ ဗေးသည် မော့အား ငွေကြေး ဖြင့်သာ ကူညီသည်မဟုတ်၊ မော့၏ လုပ်ငန်းကိုလည်း ကောင်းသည်ထက်ကောင်းအောင် ကိုယ်တိုင်ပြုပြင် ကူညီ ပေးသေးသည်။ ယင်းသို့ မနေမနား ကြိုးစားလုပ်ကိုင် လာကြပြီးနောက် လက်တွေ့ စမ်းသပ်ကြည့်ရာ အောင်မြင်မှုကို ရရှိလေသည်။ ယင်းအောင်မြင်မှုကို အကောင်ထည်ဖော်ရန် လိုအပ်လာပြန်သည်။ ၁၈၃၇ ခုနှစ်တွင် မော့သည် သူတီထွင် လိုက်သော အမေရိကန် လျှပ်စစ်သံလိုက် ကြေးနန်းကို အမေရိကန်အစိုးရထံ မူပိုင်ခွင့် မှတ်ပုံတင်ရရန် လျှောက်ထား လေသည်။

အမေရိကန် အစိုးရက မော့၏ ကြေးနန်းမှာ လက်တွေ့ အားဖြင့် လုပ်ကိုင်၍ မဖြစ်နိုင်သေးဟု ယူဆကာ မူပိုင်ခွင့်မှတ်ပုံ တင်ရန်ခွင့်မပေးချေ။ ထိုကြောင့် မော့သည် ငွေကြေး အကူအညီ ရရန် အင်္ဂလန်၊ ပြင်သစ်နှင့် ရုရှနိုင်ငံများသို့ သွားရောက်၍ ကြိုးစားပြန်လေသည်လည်း အထမမြောက်ခဲ့ပေ။ ယင်းသို့ဖြင့် တစ်နှစ်မျှ အချိန်ကုန်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုသို့ ပြန်လာခဲ့ရလေသည်။

၁၈၄၃ ခုနှစ်တွင် မော့သည် တစ်နေရာမှ တစ်နေရာသို့ ကြေးနန်းများ ဆက်သွယ်ရန်နှင့် ကြေးနန်းရိုက်ရုံများ ဆောက်လုပ်ရန်အတွက် ဒေါ်လာ ငွေ ၃ဝယ ဝဝဝ ထုတ်ပေးရန် အမေရိကန်ပြည်ထောင်စု လွှတ်တော်သို့ လျှောက်ထားပြန်လေ သည်။ မော့၏ လျှောက်လွှာကို လွှတ်တော်မှ လပေါင်းများစွာ အရေးမယူခဲ့ချေ။ မော့လည်း များစွာစိတ်ပျက်၍ လက်လျှော့ ရမည့် အခြေသို့ရောက်ခဲ့လေသည်။ လွှတ်တော်နောက်ဆုံး နေ့ကျမှ မော့တောင်းဆိုသော ဒေါ်လာ ငွေ ၃ဝယဝဝဝ ထုတ်ပေး ရန် ဆုံးဖြတ်လိုက်လေသည်။

မော့သည် ကြေးနန်းရိုက်ရုံများကို ဆောက်လုပ်၍ ကြေးနန်း ကြိုးများကို ဆက်သွယ်ပြီးနောက် ၁၈၄၄ ခုနှစ် မေလ ၂၄ ရက် နေ့တွင် ဝါရှင်တန်မြို့မှ ဗေလတီမိုးမြို့သို့ ပထမဆုံး ကြေးနန်းကို အောင်မြင်စွာ ရိုက်ကြားပေးပို့နိုင်လေသည်။ ထိုအချိန်မှစ၍ အမေရိကန်ပြည်ထောင်စုနှင့်တစ်ကွ ဥရောပတိုက်၊ အာရှတိုက်ရှိ နိုင်ငံအသီးအသီးတို့က ကြေးနန်းကို အသုံးပြုလာကြရာ အထူး သဖြင့် မော့၏အချက်ပြ အမှတ်အသား(မော့စ် သင်္ကေတ)များကိုသာ မူတည်ကြ ရလေသည်။

လျှပ်စစ်သံလိုက် ကြေးနန်း တပင်တပန်း ကြိုးစားတီထွင် လာသော မော့ အဖို့လည်း ပင်ပန်းရကျိုး နပ်လေသည်။ မော့ တီထွင်ခဲ့သော အစက်နှင့် မျဉ်းတိုအချက်ပြ အမှတ်အသားများကို မော့အချက်ပြ အမှတ်များဟု ယနေ့တိုင် ခေါ်ဆိုသုံးစွဲလျက် ရှိကြ သည်။ ၁၈၄၇ ခုနှစ်တွင်မူကား အပြိုင်အဆိုင်များ ပေါ်ထွက် လာသဖြင့် အမေရကန်လွှတ်တော်၌ မော့၏ မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို ထိရောက်စွာ ကာကွယ်ခဲ့သဖြင့် ခိုင်မြဲခဲ့ ပေသည်။

၁၈၄၂ ခုနှစ် ကတည်းကစ၍ ကြံစည်ခဲ့သော ရေအောက် ကြေးနန်း ဆက်သွယ်ရေး လုပ်ငန်းသည်လည်း ၁၈၅၇ ခုနှစ်တွင် အကောင်အထည်ပေါ်လာခဲ့လေသည်။ မော့နှင့် ဖီးဆိုသူ ပုဂ္ဂိုလ်နှစ်ဦးတို့သည် ထိုနှစ်တွင် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်၍ ရေအောက်ကြေးနန်းကို အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့လေသည်။ မော့သည် ပန်းချီပညာသင်ကြားရန် အမေရိကန် အစိုးရက စေလွှတ်ပြီးလျှင် ပညာတတ်မြောက်လာသည့်အခါ အထက်တန်း ကျသော ရာထူးကို ပေးအပ်ခြင်းခံရသော်လည်း ထိုရာထူးကို စွန့်လွှတ်ပြီးနောက် လျှပ်စစ်သံလိုက် ကြေးနန်းဆက်သွယ်ရေးကို ရှာဖွေစမ်းသပ်လုပ်ကိုင်၍ အောင်မြင်လာသဖြင့် တစ်ကမ္ဘာလုံး အသုံးဝင်ဆုံးသောနည်းကို ရှာဖွေပေးခဲ့သူ ဖြစ်ပေသည်။ ဤမျှ ကျေးဇူးကြီးလှသော မော့သည် ၁၈၇၂ ခုနှစ် ဧပြီလ ၂ ရက် နေ့တွင် နယူးယော့မြို့၌ ကွယ်လွန်အနိစ္စရောက်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)