မောင့်ဗက်တင်၊ လူဝီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မောင့်ဗက်တင်

မောင့်ဗက်တင်, လူဝီ(ခရစ် ၁၉ဝဝ ဖွား)[ပြင်​ဆင်​ရန်​]

အားမောင့်ဗက်တင်အော့(ဖ) ဗားမားဟူ၍ ဒုတိယ ကမ္ဘာစစ်ကြီးပြီးစကာလက ကမ္ဘာအရှေ့တောင်ပိုင်းတွင် ထင်ရှား ခဲ့ပြီးလျှင် လွတ်လပ်သော မြန်မာနိုင်ငံမှ အမြင့်ဆုံး သင်္ဂဟဘွဲ့ ဖြစ်သော အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကို ခံယူရရှိသော ဗြိတိသျှ ရေကြောင်း ဗိုလ်ချုပ်ကြီးသည်ကား အင်္ဂလန်ပြည့်ရှင် ဝိတိုရိယ ဘုရင်မင်ကြီး၏ မြစ်တော်ဖြစ်ပေသည်။ သူ၏ မိခင် ဝိတိုရိယ မင်းသမီးမှာ ဝိတိုရိယဘုရင်မကြီး၏ မြေးဖြစ်၍ ဖခင်မှာ ဗက်တင်ဗတ်မင်းသား လူဝီ အယ်လက်ဇန္ဒာ ဖြစ်၏။ ခရစ် ၁၉၁၇ ခုနှစ်တွင် လူဝီ အယ်လက်ဇန္ဒာသည် ဗက်တင်ဗတ် မင်းသား အဖြစ်ကို စွန့်လွှတ်လျက် မောင့်ဗက်တင်ဟူသော အဂ‡လိပ်ဆွေမျိုးအမည်ကို ခံယူသည်။ မားကွစ်ဘွဲ့ခံ မီးလဖို့ဟေ ဗင်စား အဖြစ် သူကောင်းပြုခြင်းခံရသည်။

မောင့်ဗက်တင်သည် ၁၉ဝဝ ပြည့်နှစ် ဇွန်လ ၂၅ ရက် နေ့တွင် ဗြိတိန်နိုင်ငံ ဝင်ဆာမြို့ ဖရော့ဂမိုးအိမ်တော်တွင် မွေးဖွားသည်။ သူ၏နာမည် အပြည့်အစုံမှာ လူဝီဖရန်းစစ် အဲလဗတ် ဗစ်တာ နစ်ကလတ် မောင့်ဗက်တင် ဖြစ်၏။ ခရစ် ၁၉၁၇ ခုနှစ် မတိုင်မီကမူ မောင့်ဗတ်တင်ဟူသော အမည်ကို ဖခင်ဖြစ်သူက မခံယူသေးသဖြင့် ဗက်တင်ဗတ်မင်းသား လူဝီ ဖရန်းစစ် ဟူ၍ တွင်ခဲ့လေသည်။


ငယ်စဉ်က အော့စဗွန်းရေကြောင်းအတတ်သင်ကျောင်း၊ ဒါ့တမတ် ရေကြောင်းအတတ်သင်ကျောင်းနှင့် ခရိုက်ကောလိပ် ကျောင်းများတွင် ပညာသင်ကြားခဲ့ပြီးလျှင် ၁၉၁၃ ခုနှစ်တွင် ရေတပ်မတော်သို့ ဝင်ခဲ့သည်။ ပထမကမ္ဘာစစ်ကြီးအတွင်းက လိုင်းယွန်းစစ်သင်္ဘောနှင့် ကွင်းအယ်လစ်ဇဗက် စစ်သင်္ဘောတို့ တွင် အမှုထမ်းခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရေတပ်ဗိုလ် အဆင့်အတန်းသို့ တိုးတက်ခန့်ထားခြင်းခံရသည်။ ၁၉၂ဝ ပြည့် နှစ်တွင် ရေတပ်ဗိုလ်ကြီး အဆင့်အတန်းသို့ တိုးတက်ခန့်ထား ခြင်း ခံရသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ရေတပ်ဗိုလ်ကြီး အဆင့် အတန်းကို ရရှိခဲ့ပြီးနောက် ရေတပ်ဆိုင်ရာတက္ကသိုလ်ကျောင်း များတွင် ပညာဆက်လက်သင်ကြားခဲ့သည်။ ထိုနောက် ရေတပ် တွင် ရာထူးအမျိုးမျိုး၌ အမှုထမ်းခဲ့ရပြီးလျှင် ၁၉၃၇ ခုနှစ်တွင် ရေတပ်ဗိုလ်မှူးကြီး အဆင့်အတန်းသို့ တိုးမြှင့် ခန့်ထားခြင်း ခံရလေသည်။ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားသော အချိန်တွင် လူဝီမောင့်ဗက်တင်သည် အမှတ် ၅ ဖျက်သင်္ဘောတပ်ကို အုပ်ချုပ်လျက်ရှိသည်။ သူ၏ သင်္ဘောကယ်လီမှာ နှစ်ကြိမ်တိုင် တိုင် တိုပီဒိုထိခဲ့၍ ကရိကျွန်းအနီး တိုက်ပွဲတွင် ဒုတိယအကြိမ် ထိသောအခါ နစ်မြုပ်သွားလေရာ မောင့်ဗက်တင်ကို ပင်လယ် ထဲမှ ဆယ်ယူကယ်တင်ခဲ့ရလေသည်။ ၁၉၄၁ ခုနှစ်၌ စစ် သဘေ‡ာ အစ်လတ်စတြီးယတ်၏ ကပ္ပတိန်အဖြစ် ခန့်ထားခြင်း ခံရလေသည်။ မောင့်ဗက်တင်သည် ကရိကျွန်းအနီးတိုက်ပွဲများ တွင် ရဲဝံ့စွာ တိုက်ခိုက်ခဲ့သောကြောင့် ထူးချွန်သော အမှုထမ်း ကောင်း ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ကြည်း၊ လေ၊ ရေတပ်ပေါင်းစု စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲအဖြစ် ခန့်ထားခြင်းခံရသည်။ ထိုအချိန်၌ မောင့်ဗက်တင်၏ ယာယီ ရာထူးအဆင့်အတန်းများမှာ၊ ကြည်းတပ်တွင် ဗိုလ်ချုပ်ကြီး၊ ရေတပ်တွင် ရေတပ်ဗိုလ်ချုပ်ကြီးနှင့် လေတပ်တွင် လေတပ် ဗိုလ်ချုပ်ကြီးဖြစ်သည်။ သူသည် ဂျာမန်တို့ သိမ်းပိုက်ထားသော ဥရောပတိုက်ကမ်းခြေသို့ လက်ရွေးစင် ကွန်မန်ဒိုတပ်များ စေ လွှတ် တိုက်ခိုက်စေခဲ့သည်။ အာဖရိကတိုက် မြောက်ပိုင်းတွင် မဟာမိတ်တို့တက်ရောက်နိုင်ရန် ဗြိတိသျှတို့၏အစီအစဉ်များကို ကျနအောင် ပြုလုပ်ပေးခဲ့၏။ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် အာရှ အရှေ့တောင်ပိုင်း မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်အဖြစ် ခန့်ထားခြင်း ခံရလေသည်။ သူ၏ စွမ်းဆောင်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိဂျပန်များကို အောင် မြင်စွာ တိုက်ခိုက်နှင်ထုတ် နိုင်ခဲ့ပြီးလျှင် မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုနောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ တွင် အာရှ အရှေ့တောင်ပိုင်းရှိ ဂျပန်တပ်များ လက်နက်ချအပ် သည်ကို စင်ကာပူမြို့တွင် မောင့်ဗက်တင်က ခံယူခဲ့လေသည်။ ၁၉၄၆ ခုနှစ်တွင် မြေထဲပင်လယ်ရေတပ်မှ အမှတ် ၂ ကရူဇာ သင်္ဘေတပ်ကိုအုပ်ချုပ်ရသည့် ရေတပ်ဗိုလ်ချုပ်အဖြစ် ခန့်အပ် ခြင်း ခံရသည်။

ထိုနှစ်တွင်ပင် စစ်ကြီးအတွင်း ထူးချွန်စွာ အမှုထမ်းခဲ့ သောကြောင့် ဗိုင်းကောင့်ဘွဲ့ဖြင့် ချီးမြှင့်သူကောင်းပြုခြင်းခံရပေ သည်။ ဗိုင်းကောင့်မောင့်ဗက်တင် အော့(ဖ)ဗားမားဟူသော ဘွဲ့ ကို ခံယူရရှိလေသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက် နေ့တွင် ဗိုင်းကောင့်ဝေဗယ်၏ နေရာတွင် အိန္ဒိယ ဘုရင်ခံချုပ် အဖြစ် ခန့်အပ်ခြင်းခံရသည်။ မောင့်ဗက်တင်သည် အိန္ဒိယ နိုင်ငံ၏ နောက်ဆုံးဘုရင်ခံချုပ်အဖြစ် အမှုထမ်းခံ၍ အိန္ဒိယ နိုင်ငံရေးပါတီကြီးများနှင့် နောင်ရေးအတွက် အဆင်ပြေအောင် စေ့စပ် ဆောင်ရွက်ခဲ့လေသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့အား ဒိုမီနီယန်နိုင်ငံများ အဖြစ် အာဏာများ အသီးအသီး လွှဲပြောင်းပေးပြီးသောအခါ တွင် လူဝီ မောင့်ဗက်တင်သည် အိန္ဒိယ ဒိုမီနီယန် နိုင်ငံသစ်၏ ပထမဆုံးဘုရင်ခံချုပ်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ရလေသည်။ ထိုအချိန်တွင်ပင် ဆဋ္ဌဂျော့ဘုရင်က မောင့်ဗက်တင်အား ဘုရင်ခံချုပ်အဖြစ် အမှုထမ်းကောင်းခဲ့သည့်အတွက် အား အဆင့်အတန်းဖြင့် သူကောင်းပြုခဲ့လေသည်။


၁၉၄၈ ခုနှစ် မေလ ၃ ရက်နေ့တွင် ဆဋ္ဌဂျော့ဘုရင်က အိန္ဒိယကွန်ဂရက် ပါတီခေါင်းဆောင်ကြီး ရာဂျာဂိုပါလာချာရီ အား အိန္ဒိယဘုရင်ခံချုပ်အဖြစ် ခန့်ထားသဖြင့် ဇွန်လ ၂၁ ရက် နေ့တွင် တာဝန်ဝတ္တရားများ လွှဲပြောင်းပေးအပ်ခဲ့ပြီးလျှင် မောင့် ဗက်တင်လည်း ဗြိတိန်သို့ ပြန်ခဲ့လေသည်။ ဇူလိုင်လ ၈ ရက် နေ့တွင် မောင့်ဗက်တင်သည် မြေထဲပင်လယ်တပ်ဖွဲ့တွင် ပထမ ကရူဇာ(တိုက်သင်္ဘော)တပ်ကို အုပ်ချုပ်ရန် ခန့်ထားခြင်းခံရလေ သည်။


၁၉၅ဝ ပြည့်နှစ်တွင် ဗြိတိသျှရေတပ်မတော်တွင် စတုတ္ထနာယကအဖြစ် လည်းကောင်း၊ ရိက္ခာထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဦးစီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရသည်။ ထိုနောက် ၁၉၅၂ ခုနှစ်၌ မြေထဲ ပင်လယ်ဘက်တွင် စစ်သေနာပတိအဖြစ် လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် မြေထဲပင်လယ်တွင်းရှိ မဟာမိတ်တပ်ပေါင်းစု၏ စစ် သေနာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရ၍ ၁၉၅၅ ခုနှစ် တွင် ပထမနာယကနှင့် ရေတပ်မတော်ဦးစီးချုပ်အဖြစ် တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ ထိုမှတစ်ဆင့် ၁၉၅၈ ခုနှစ် ဒီဇင်ဘာ လ ၃ဝ ရက်နေ့မှစ၍ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ် ခြင်း ခံရလေသည်။


မောင့်ဗက်တင်သည် အမေရိကန်ပြည်ထောင်စု၊ပြင်သစ် နိုင်ငံ၊ နယ်သာလန်နိုင်ငံ စသော နိုင်ငံများမှ ဘွဲ့တံဆိပ် ဂုဏ်ထူးများအပြင် များစွာသော တက္ကသိုလ်များမှ ဂုဏ်ထူး ဆောင်ဘွဲ့များကို လက်ခံရရှိသူဖြစ်၏။ ပြည်ထောင်စု မြန်မာ နိုင်ငံကလည်း ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ လွတ်လပ်ရေးနှစ်ပတ်လည် ဂုဏ်ထူးဘွဲ့ထူးများ ချီးမြှင့်ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသောအား မောင့်ဗက်တင်ကို အမြင့် ဆုံး သင်္ဂဟဘွဲ့ဖြစ်သော အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ဖြင့် ချီးမြှင့် ဂုဏ်ပြုလေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)