မုလေးပန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မုလေးပန်းရနံ့သည် လွန်စွာမွှေးကြိုင်သဖြင့် ရေမွှေးထုတ်လုပ်ရာတွင် တွင်ကျယ်စွာ သုံးသည်။

မုလေးပန်း[ပြင်​ဆင်​ရန်​]

မုလေးပန်းကို မုလေးပင်မှ ရရှိသည်။ ထိုမုလေးပန်းကိုပင် မြတ်လေးပန်းဟုလည်း ခေါ်ကြသည်။ မုလေးပင်ကို ရုက္ခဗေဒအလိုအရ ဂျပ်စမင်နမ် ဂရန်ဒီ ဖလိုရမ်ဟုခေါ်သည်။ မူလပေါက်ရာအရပ်မှာ ဟိမဝန္တာတောင်၏ အနောက်မြောက်ဘက် ဒေသဖြစ်၏။

ယခုအခါတွင် ကမ္ဘာဟောင်းနှင့် ကမ္ဘာသစ် နှစ်ခုစလုံးတွင် စိုက်ပျိုးယူနိုင်ပေပြီ။ မုလေးပင်သည် ချုံနှင့်နွယ်မျိုးဝင် ဖြစ်ပြီးလျှင် အိုလီစီအီးမျိုးရင်းဝင် ဖြစ်သည်။ မျိုးစိတ်ပေါင်း ၁ဝ၁ ခန့်ရှိလေသည်။

မုလေးပင်၏ အရွက်များသည် အကိုင်း၏ တစ်ဖက်တစ်ချက်မှ မျက်နှာချင်းဆိုင် ထွက်သည်။ အရွက်သည် စိမ်း၍ရှည်ရှည်ဖြစ်ပြီးလျှင် အဖျားဖက်သို့ ချွန်သွားသည်။ အဖြူရောင်အပွင့်၏ အောက်ဖက်တွင် အနီရောင်သန်း နေသည်။ ပန်း၏ ရနံ့မှာ အလွန်မွှေးသည်။

မုလေးပန်းဟု ရေးသားခေါ် ဝေါ်ကြသည်မှာ အဘိဓာတ်ကျမ်းတွင် သုမနာ၊ မုလေး။ ဇာတိသုမနာ၊ မုလေး။ မာလတီ၊မုလေး။ ဇာတိ၊ မုလေး။ ဝိဿကီ၊ မုလေးဟူ၍ ပရိယာယ် ၅ ပုဒ် ပြသည်။ မြန်မာဘာသာမှာ မာလတီဟူသော ပုဒ်တွင် တီသဒ္ဒါ ကြေ၍ မာလသဒ္ဒါပျက် မုလေးဟု မြန်မာဘာသာ ရေးသားခေါ်ဝေါ်ကြသည်ဟု ယူရန်ရှိသည်။

ထိုမုလေးပန်းကို ဒသင်္ဂုတ္ထိုရ်အပ္ပမာဒသုတ်ပါဠိတော်မှာ သတ္တဝါတွင် ဘုရား၊ မြေနှိုက်သွား၍ ထင်သည်တွင် ဆင်၏ခြေရာ၊အခြင်တကာတွင် အထွတ်၊ အမြစ်နံ့သာတွင် ကာဠာနုသာရီ၊ အနှစ်နံ့သာတွင် လောဟိတ စန္ဒန၊ အပွင့်နံ့သာတွင် ဝဿကီပုပ္ဖ၊မုလေးပန်း၊ မင်းများအပေါင်းတွင် စကြာမင်း၊ ကြယ်တကာ အရောင်တွင် လရောင်၊ မှောင်တကာကို ဖျောက်၍ ထွန်းလင်းသောအရောင်တွင် နေ၊ မြစ်တကာတွင် သမုဒ္ဒရာသာ အကြီးအကဲ အထွတ်အမြတ် ဖြစ်သကဲ့သို့ ကုသိုလ်တကာတွင် အပ္ပမာဒတရား မြတ်ကြောင်းများကို ဘုရားဟောတော်မူသည်ဖြစ်၍၊ မုလေးပန်းကား ပန်းတကာတွင် အထွတ်အမြတ်အသာဆုံး မှတ်ရမည်။

ဝိမာနဝတ္ထုအဋ္ဌကထာတွင်လည်း ပန်းတွင် မုလေးပန်းမြတ်ကြောင်းကို ဆိုလေသည်။ ရွှေထီးရွှေနန်း မင်းအဆက်ဆက် ထွက်စံတော်မူရာ ရာဇမတ်တန်း မင်းလမ်းများတွင် တံခွန်ကုက္ကား၊ မုလေးပွား စိုက်ဆောက်သည်မှာလည်း အခါခပ်သိမ်း မုလေးပန်းဆိုင်း မရသောကြောင့်၊ မုလေးပန်းတု အထည်စက္ကူများကို ပြုလုပ်ကြသည်။ ထိုကြောင့် မုလေးပွားခေါ်သည်။

ယင်းမုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏ အကျိုးကို သီရိရာဇေန္ဒြ သေန ရသေ့စီရင်သည့် ဒြဗျဂုဏ် ဆေးကျမ်းတွင် ဤသို့ဆိုသည်။ မုလေးပန်းသည် သလိပ်နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထို မုလေးပန်း၏ အမုံအကင်းသည် မျက်စိနာနှင့်သင့်၏။ ထိုမုလေးရွက်သည် သလိပ်သည်းခြေကို နိုင်၏။ မုလေးကျီးပေါင်းကို ရေဝတီနက္ခတ် အကြိုက်တွင် ယူဆောင်လျှင်၊ လူအပေါင်းတို့ စကားကိုနာယူရသည်ဟု ဝေဿာမိတ္တရသေ့စီရင်သည့် သရ ရတုကထန ဆေးကျမ်းတွင် ဆိုသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)