မုန့်လုံးရေပေါ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စားသုံးရန် အသင့်ဖြစ်နေသည့် မုန့်လုံးရေပေါ်

မုန့်လုံးရေပေါ်သည် ကောက်ညှင်းဖြင့် ပြုလုပ်သည့် မြန်မာ့ သွားရည်စာ တစ်မျိုးဖြစ်သည်။ ကောက်ညှင်းလုံးအား ရေနှင့်ပြုတ်ရာတွင် ကောက်ညှင်းကျက်ပါက ရေပေါ် ပေါ်လာသည့် အတွက် မုန့်လုံးရေပေါ်ဟု ခေါ်သည်။ ကောက်ညှင်း သက်သက်ဖြင့် သော်လည်းကောင်း ထန်းလျက် သို့မဟုတ် ကြံသကာခဲကို ဌာပနာသွင်း၍ သော်လည်းကောင်း ပြုလုပ် စားသုံး ကြသည်။ ကောက်ညှင်း သက်သက်ဖြင့် ပြုလုပ်ထားသည့် မုန့်လုံးရေပေါ်ကိုမူ သကာရည်များ စမ်းကာ အုန်းသီးခြစ်များဖြူး၍ စားသုံးလေ့ရှိသည်။ မြန်မာ့ရိုးရာအလိုက် တန်ခူးလတွင် မုန့်လုံးရေပေါ်များဖြင့် အလှူလုပ်လေ့ရှိသည်။

မုန့်လုံးရေပေါ်သည်လည်း တရုတ်လူမျိုးများ၏ ရိုးရာသွားရည်စာ တစ်မျိုးဖြစ်သည်။ တရုတ်တို့သည် တရုတ်ပြက္ခဒိန် ၁ လ ပိုင်း ၁၅ ရက်နေ့တွင် ကျရောက်သည့် ယွမ်ရှောင်းကျယ်ခေါ် မီးပုံးပွဲတော်နှင့် နေ့တာအရှည်ဆုံးနေ့ တုန်းကျိခေါ် ဆောင်းရာသီ ဝင်သည့်နေ့တွင် စားသုံးလေ့ရှိသည်။ တရုတ်ဘာသာဖြင့် မုန့်လုံးရေပေါ်အား ‘ယွမ်ရှောင်း’ (元宵) သို့မဟုတ် ‘ထန်းယွမ်’ (湯圓) ဟုခေါ်သည်။

တရုတ်လူမျိုးများ မုန့်လုံးရေပေါ် ပြုလုပ်ရာတွင် တောင်ဆားခေါ် ပဲအချို၊ သကြားရောထားသည့် နှမ်းမဲမှုန့်၊ မြေပဲမှုန့်တို့ကို ဌာပနာ အဖြစ် ထည့်လေ့ရှိသည်။ အေးချမ်းသည့် ရာသီတွင် ကစော်၊ ကြက်ဥတို့ဖြင့် ရောချက်ထားသည့် မုန့်လုံးရေပေါ်ကိုလည်း လူကြိုက်များကြသည်။ တရုတ်တို့သည် မုန့်လုံးရေပေါ်ကို အငံချက်၍လည်း စားသုံးကြသည်။ အငံချက်ရာတွင် အသားသွပ်ကာ ချက်ပြုတ်သည့်အပြင် ဝက်သား၊ ဝက်သည်း၊ မုန်လာဥဖြူ၊ မုန်ညှင်းများဖြင့်လည်း ဟင်းရည်ချက်သကဲ့သို့ ချက်စားတတ်သည်။ တရုတ်တို့သည် မုန့်လုံးကို ဆီဖြင့်ကျော်၍သော်လည်းကောင်း ရေခံ ပေါင်း၍သော်လည်းကောင်း အခြားနည်းများဖြင့်လည်း ပြုလုပ် စားသုံးလေ့ရှိသည်။

ပါဝင်သောပစ္စည်းများ[ပြင်​ဆင်​ရန်​]

ကောက်ညှင်း - ၅ နို့ဆီဘူး
ဆန်ကြမ်း - ၁ နို့ဆီဘူး
ဆား - ၁ လက်ဖက်ရည်ဇွန်း
ထန်းလျက် - ၂ဝ ကျပ်သား
အုန်းသီး (ခြစ်ပြီး) - ၂ လုံး

ပြုလုပ်ပုံအဆင့်အဆင့်[ပြင်​ဆင်​ရန်​]

ကောက်ညှင်းဆန်နှင့် ဆန်ကြမ်းကို တစ်ညရေစိမ်ပြီး ကြိတ်ဆုံတွင် ကြေညက်အောင်ကြိတ်ကာ အဝတ်အိတ်တွင် ထည့်လျက်အပေါ်မှနေ၍ အလေးဖိကာ ရေစစ်ထားပါ။ မုန့်နှစ်သားကို ဆားထည့်ပြီး အစေးပေါက်ကာ ပျော့ပျောင်းလာသည်အထိ နယ်ထားပါ။ ရလာသည့် မုန့်ညက်သားကို ကွမ်းသီးလုံးအရွယ် အလုံးလေးများ ပြုပါ။ အတုံးငယ်လေးများအရွယ် လှီးထားသည့် ထန်းလျက်တုံးလေးကို မုန့်လုံးအတွင်းဌာပနာပေးပါ။

မုန့်ပြုတ်ရန်အတွက်[ပြင်​ဆင်​ရန်​]

အိုးကြီးတွင် ရေသုံးပုံးထည့်ပြီး ဆူအောင်တည်ပါ။ ပွက်ပွက်ဆူမှသာလှျင် မုန့်လုံးလေး များကို ဖြန့်ထည့်ပေးပါ။ မုန့်လုံးလေးများကျက်နပ်လာလျှင် အလိုအလျောက် ရေမျက်နှာ ပြင်ပေါ်သို့ ထင်ရှားစွာ ပေါ်တက်လာပါမည်။ ပေါ်လာသည့် မုန့်လုံးလေးများကို ဆန်ခါတပ် ယောင်းမဖြင့် ဆယ်ယူပြီး ရေအေးထည့်ထားသည့် အိုး (သို့မဟုတ်) ဇလုံထဲသို့ ပြောင်းထည့်ပါ။ ကျန်မုန့်လုံးများကိုလည်း ဤနည်းအတိုင်း ဆက်၍ ပြုလုပ်ပေး သွားရပါမည်။ ကျက်ပြီးရေအေးစိမ်ထားသည့် မုန့်လုံးများကို ပြန်ဆယ်ယူကာ ဆန်ခါစစ်ပေါ် ပြောင်းထည့်ထားပါ။ ရေများစစ်သွားလျှင် ပန်းကန်တွင်ပြင်ပြီး အုန်းသီးမျှင်များ ဖြူး၍စားနိုင်ပါသည်။