မုစကောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မုစကောင်အထီး
မုစကောင်အမ

မုစကောင် (Moose)[ပြင်​ဆင်​ရန်​]

သမင်မျိုးရင်းတွင် မုစကောင်သည် အကြီးဆုံး အမျိုးဖြစ်သည်။ ယင်းတို့ကို အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း မိန်းပြည်နယ်မှ မြောက်ဒကိုးတားပြည်နယ်အထိ လည်းကောင်း၊ ကနေဒါနိုင်ငံတစ်ဝှန်းလုံးအပြင် မြောက်ဘက် ဟဒ်ဆန်ပင်လယ်အော်မှ အာတိတ်စက်ဝိုင်းတိုင်အောင် လည်းကောင်း တွေ့ရသည်။ စကန်ဒီနေးဗီးယားကျွန်းဆွယ်ကြီးမှ ဆိုက်ဗီးရီးယားပြည်နယ်အထိတွေ့ရသော ဥရောပ နှင့် အာရှတိုက်မြောက်ပိုင်း ဒေသများတွင် တွေ့ရသော မုစကောင်ကဲ့သို့ အကောင်မျိုးကို အဲ့ဟုခေါ်ကြသည်။

မုစကောင်သည် အခြားသမင်းများနှင့်မတူ အချိုးအစားမကျသော သတ္တဝါ ဖြစ်၏။ ရှည်လျားသော ခြေထောက်၊ ရှည်လျားသေးသွယ်သော ဦးခေါင်း၊ အတွင်းသို့များစွာ ဝင်နေ၍ သေးငယ်သော မျက်လုံး၊ ရှည်လျား၍ ကားနေသော နားရွက်၊ တိုတုတ်သော လည်တံ၊ ကားထွက်နေသော နှုတ်ခမ်းများဖြင့် အလွန်အချိုးအစား မကျချေ။ ယင်း၏ ဦးချိုတို့မှာ ပြားနေ၍ စောင်းများမှ ထက်သောခွေးသားစိတ်သဏ္ဌာန် အချွန်များ ထိုးထွက်နေသည်။ ၅ နှစ်သားအရွယ်တွင် အကောင်ကြီးဖြစ်လာ၍ ဦးချိုများမှာ တစ်ဖက်မှ တစ်ဖက်သို့ ၆ ပေမျှပင်ရှိ၏။ ထူထဲသော လည်ဆံမွေးများလည်းရှိသည်။ လည်ပင်းအောက်မှ အမွေးထူသည့် အိတ်တစ်ခုတွဲကျနေ၍ ခလောက်ကဲ့သို့ရှိနေလသည်။ ခွာများမှာ ရှည်၍ အဖျားရှူးပြီးလျှင် နှစ်ခြမ်းကွဲနေသည်။

မုစကောင်အထီးသည် ၆ ပေခန့်မြင့်၍ အလျား ၉ ပေခန့် ရှိသည်။ အလာစကာပြည်နယ်မှ မုစကောင်များသည် ၇ ပေခန့် အထိ မြင့်ကြ၍ အလျား ၁ဝ ပေခန့်အထိ ရှိသည်။ အမကား အထီးလောက် မကြီးချေ။ ၄ ပုံ ၃ ပုံ ခန့်လောက်သာ ရှိသည်။ ကြီးသော ပါးစပ်၊ ကားနေသော နားရွက်များနှင့် လိုက်အာင် ဦးချိုများမရှိသဖြင့် အကြည့်ရ အလွန်အရုပ်ဆိုး၏။ တစ်ခါတစ်ရံခလောက်သဏ္ဌာန် အိတ်ရှိတတ်သော်လည်း များသောအားဖြင့် မရှိချေ။

မုစကောင်သည် အုပ်နှင့်မနေ။ တစ်ကောင်တည်းသာ သွားလာ နေတတ်သည်။ နွေအခါတွင်ရေအိုင်မြစ်ချောင်းဘေးတို့၌ နေ၍ ပျော်ပါးစွာ ရေချိုးလိုက်၊ ရွှံ့လူးလိုက်နှင့် နေသည်။ အေးမြသော ရေထဲတွင် လျှောက်သွား၍ အပင်များကို စားသည်။ အခြားအခါများတွင် တောထဲ၌ လှည့်လည်၍ အညွန့်၊ အစို့တို့ကို စားသောက်လေသည်။ ရှည်လျားသော ခြေထောက်များသည် ဤနေရာ၌အလွန်အသုံးဝင်၏။ သို့သော် တစ်ခါတစ်ရံ အပင်များမြင့်လွန်း၍ မမှီနိုင်ပေ။ ထိုအခါ ပတတ်ရပ်၍ အပင်ကို မှီပြီးလျှင် ကိုင်းညွှတ်လာအောင် လုပ်လေသည်။

မုစကောင်သည် ဆောင်းရာသီဝင်ရောက်လာ သောအခါတွင် ကုန်းမြင့်များသို့ တက်ရောက်၍ နေထိုင်၏။ ထိုအခါ၌ တစ်ကောင်တည်း မနေတော့ပေ။ အထီးအမ များစွာ စုရုံး၍ သုံးလေးဧကခန့်ရှိသော နေရာတစ်ကွက်ကို ရွေးချယ်ပြီးလျှင်၊ ထိုစည်းဝိုင်းထဲမှ မထွက်ဘဲ နေကြတော့၏။ ဝံပုလွေများကို အလွန်ကြောက်၏။ ဝံပုလွေဟောင်သံကို ကြားလျှင်ပင် ကြောက်လွန်း၍ တုန်နေသည်။ ဝံပုလွေများ အနီးသို့ ရောက်လာသောအခါ ပြေးရမည်လား၊ ပုန်းရမည်လား မသိနိုင်အောင်ပင် ရှိတော့သည်။ သို့သော် အသက်ကို အလဟဿမစွန့်လွှတ်ဘဲ တတ်နိုင်သမျှ ခုခံ၏။ ဥိးချိုနှင့်ဝှေ့၍ ခြေထောက်နှင့်ကန်ကာ၊ဝံပုလွေအုပ်ငယ်ငယ်ကိုတွန်း လှန်နိုင်သည်။ အုပ်ကြီးလျှင်ကား အစုလိုက် အပြုံလိုက် သေကြရလေသည်။

အထီး ၂ ကောင်ရှိလျှင် မိတ်လိုက်ချိန်၌ အကြီးအကျယ် တိုက်ခိုက်တတ်ကြ၏။ အမများမှာလည်း သားငယ်ကိုတစ်ဦးဦးက နှောင့်ရှက်လျှင် အတင်းလိုက်၍ ဝှေ့တတ်၏။ အခြားအချိန်များ၌ မုစကောင်တို့သည် သိမ်မွေ့၍ ရန်သူလာသည်ဟုထင်သည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ထွက်ပြေးလေတော့သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)