မီးအိမ်မီးခွက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟယ်လီးယန့်နှင့် ရောမ ဆီမီးခွက်ငယ်လေးများ

မီးအိမ်မီးခွက်[ပြင်​ဆင်​ရန်​]

ကမ္ဘာဦးလူတို့တွင် ညဉ့်အခါ ကြယ်ရောင် လရောင်မှ လွဲ၍ အခြား အလင်းရောင် မရှိခဲ့ပေ။ နေဝင်မှ နေထွက်တိုင်အောင် အိပ်နေရန်မှာလည်း သားရဲတိရစ္ဆာန်တို့၏ ဘေးရန်ကို အထူး စိုးရိမ်ရသည်။ ထိုဘေးမှ လွတ်ကင်းရန် နည်းလမ်းများကို ရှာဖွေ ကြရာတွင် သားကောင် ကင်သော မီးပုံများ ညဉ့်အခါ တောက်လောင်နေပါက မိမိတို့ နေသော ဂူနားသို့ တိရစ္ဆာန်တို့ မချဉ်းကပ်ဝံ့ကြောင်းတစ်စတစ်စ သိရှိလာကြသည်။ ထိုကြောင့် တိရစ္ဆာန်တို့ဘေးမှကာကွယ်ရန် ညဉ့်စဉ် ဂူဝ၌ မီးပုံကြီးများဖို၍ ထားကြ၏။ ဤမီးရောင်မှာ အလင်းရောင်ရရန်အတွက် လူတို့ ဖန်တီးသော ပထမဆုံးမီးရောင်ပင် ဖြစ်လေသည်။ လူတို့သည် အသိဉာဏ် တစ်နေ့တစ်ခြား တိုးတက်လာသည်နှင့်အညီ ဂူဝတွင်ရသော အလင်းရောင်နှင့်မတင်းတိမ်ဘဲ ဂူတွင်း ၌ မီးရောင်ရရန် ကြံစည်ကြပြန်ရာ ထိုမီးပုံမှ မီးစမီးတုတ်များကို ဂူထဲသို့ ယူခဲ့ခြင်းဖြင့် အလင်းရောင်ရနိုင်ကြောင်း တွေ့ ကြလေသည်။ထိုကြောင့် အမဲဆီကို သားကောင်တို့၏ ဦးခေါင်းခွံတွင် ထည့်၍ မှော်၊ ကျူပင်မှ အူတိုင်စသော မီးစာ အကြမ်းစားများဖြင့် မီးထွန်းကြ လေသည်။ ထိုကဲ့သို့ မီးထွန်းရန် အသုံးပြုခဲ့သော ဦးခေါင်းခွံများကို ရှေးလူများ နေသည့် ဂူများထဲတွင် ယခုထက်တိုင် တွေ့ရသည်။ ကျွန်ုပ်တို့ခေတ်သို့ မရောက်မီ နှစ်ပေါင်း ၂ဝဝ နီးပါးခန့် တိုင်အောင် လူတို့သည် ထိုကဲ့သို့သောနည်းကို အခြေပြု၍ မီးထွန်းလာခဲ့ကြသည်။ သို့သော်လည်း တစ်ဆင့်ထက် တစ်ဆင့် တိုးတက်ကောင်းမွန်အောင် မူကား အစဉ်ကြံစည် ပြုလုပ်လျက် ရှိကြသည်။ ထိုကြောင့် ဦးခေါင်းခွံအစား ကျောက်တုံးကို ထုထွင်း၍ လည်းကောင်း၊ ကြေးသတ္တုကို မီးခွက်ပြုလုပ်၍ လည်းကောင်း၊ မြေကိုဖုတ်၍မြေမီးခွက်ပြုလုပ် လည်းကောင်း မီးခွက်အမျိုးမျိုးကို အသုံးပြုလာကြသည်။ ထိုခေတ်အခါက မီးခွက်များမှာ မီးစာထည့်သော နှုတ်သီးနှင့် လက်ကိုင်တပ်ထားသော ခပ်စောက်စောက် ပန်းကန်ကဲ့သို့ ပုံမျိုဖြစ်သည်။ ထိုမှ ဉာာဏ် ကွန့်၍ အရုပ်များ၊ ပန်းခပ်ပန်းနွယ်များ ထုလုပ် မွမ်းမံလာကြလေသည်။ မီးခွက်များ သုံးသော ခေတ်မှာ ရှေးဂရိနှင့် ရောမခေတ်မှသည် အမေရိကန်တော်လှန်ရေးခေတ် တိုင်အောင် နှစ်ရာပေါင်းများစွာကြာခဲ့သည်။ သို့ရာတွင် ထိုမီးခွက်မျိုးသည် ကောင်းစွာမလင်း၍ မီးတောက်မတည်ငြိမ်သည့်ပြင် မှိုင်းလည်းတက်သည်။ညှော်လည်း ညှော်သည်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော မီးခွက်မျိုကို တိုးတက် ကြံစည် လာပြန်ရာ မီးရောင်ကြည်၍၊ ငြိမ်သောအလင်းကိုရသည့် မီးအိမ်တစ်မျိုး ပေါ်ပေါက် လာလေသည်။ သို့ပေါ်ပေါက်လာ သည်နှင့် အမျှ မီးထွန်းပုံ မီးထွန်းနည်းလည်း ပြောင်းလဲ သွားလေသည်။ ဆွစ်လူမျိုး အေမီးအာဂန် ဆိုသူ ဓာတုဗေဒ ဆရာတစ်ဦးက ၁၇၈၂ ခုနှစ်တွင် အခေါင်းပါသော မီးစာတိုင်တွင် မီးစာအပြား ထည့်သွင်းထွန်းညှိရသော မီးအိမ်ကို တီထွင်လေသည်။ ထိုမီးစာသည် အထက်အောက် လေရှိန်ရသဖြင့် အလင်းအား ပို၍များ၏။ ထိုးမီးတောက်ကိုမှ ပြောင်းစွပ်၍ လေကာထားသဖြင့် မီးအရှိန် ပို၍ ကောင်းပြီးလျှင် မီးတောက်လည်း ငြိမ်သက်၏။ အလင်းရောင်လည်း ပိုထွက်၍မှိုင်းလည်း မတက်တော့ချေ။ ထိုမီးအိမ်မျိုးကို တစ်စတစ်စ ပိုမိုကောင်းမွန်အောင် ပြုပြင်၍ အရွယ်အစားစား ပုံအမျိုးမျိုး ချဲ့ထွင်ပြုလုပ် ကြသည်။ သို့ရာတွင် ထိုမီးအိမ်မျိုးမှာ အောက်ဆီဂျင် ဓာတ်ကို အယူများလှ၍ လူတို့၏ ကျန်းမာရေးကို ထိခိုက်စေတတ်လေသည်။ မီးခွက် မီးအိမ်များကို ထွန်းညှိရန်အတွက် အမဲဆီများကို စတင် အသုံးပြုခဲ့ရာမှ ငါးဆီနှင့်ဟင်းသီးဟင်းရွက်ဆီများကိုလည်း အသုံးပြုလာကြလေသည်။ သို့သော် ၁၈၅၃ ခုနှစ်တိုင်အောင် မီးထွန်းရန်အတွက် ရေနံဆီကို အသုံးမပြုကြသေးပေ။ ဂူနေလူတို့၏ မီးခွက်မှ ဖယောင်းတိုင်အထိ ပါဝင်သော မီးထွန်းနည်းတို့မှာ မီးတုတ်မှတစ်ဆင့် ဆင်းသက်ပေါက်ဖွားလာ ကြသည်။ ဖယောင်းတိုင်ကို ပျားဖယောင်းဖြင့် လည်းကောင်း၊ ဝေလငါးမှရရှိသော ဖယောင်းမှလည်းကောင်း ပြုလုပ်ကြလေ သည်။

မှန်မီးအိမ်ငယ်လေး

ရှေးဂရိနှင့်ရောမလူမျိုးတို့သည် ဖယောင်းတိုင်တင်ထွန်းရန် ခုံများနှင့် ချိတ်ဆွဲရန် ပဒေသာမီးပန်းဆိုင်းများကို စိတ်ကူးယဉ်သလောက်သံ၊ ကြေးနီ၊ ကြေးဝါစသော သတ္တုတို့ဖြင့် လှပစွာ ပုံသဏ္ဌာန်အမျိုးမျိုး ပြုလုပ်ကြသည်။ ဤသို့ လှပတင့်တယ်သော ဖေယာင်းတိုင်တင်ခုံနှင့် ပဒေသဖယောင်းတိုင် ပန်းဆိုင်များကို ယခုခေတ် ခမ်းနားကြီးကျယ်သော ညစာစားပွဲ ကြီးများ၌ လည်းကောင်း၊ အချို့အိမ်များကို မွမ်းမံခြယ်လှယ်တန်ဆာဆင်ရာ၌ လည်းကောင်း ကျက်သရေ ဆောင်အဖြစ် သုံးလျက်ပင်ရှိသေးသည်။ ရှေးအခါက အိမ်ပြင်ပ တစ်နေရာမှ တစ်နေရာသို့ ညဉ့်အချိန် ကူးသန်းသွားလာသည့်အခါ လက်ဆွဲမီးအိမ်များကို အသုံးပြုကြသည်။ မှန်မီးပြောင်းမပေါ်မီခေတ်က လက်ဆွဲမီးအိမ်တွင် ဖယောင်းတိုင်ထည့်ထွန်း၍ အပေါက်များ ဖောက်ထားသည့် သံပြားတစ်ခုဖြင့် ကာရံထားသဖြင့် လေတိုက်ခြင်းမှကာကွယ်ပေးသည်။ ထိုအပေါက်များမှ မီးရောင်ထွက်လာသည်။ ၁၆ နှင့် ၁၇ ရာစု ခေတ်သို့ ရောက်သောအခါ သံပြားအကာနေရာတွင် ကျွဲကော်ပြားကို အသုံးပြုလာကြသည်။ ထိုနောက် ဆီထည့်၍ ထွန်းသော မှန်မီးပြောင်းတပ်လက်ဆွဲ မှန်အိမ်များကို အသုံးပြုလာကြသည်။ မီးရထားဂတ်ဗိုလ်များသည် အချို့ နေရာများတွင် ဆီထွန်းလက်ဆွဲမှန်အိမ်များကို ယခုတိုင် အသုံးပြုလျက်ရှိသည်။ ကျောက်မီးသွေးတွင်း တူးသမားများအတွက် ဘေးကင်းမီးအိမ် တစ်မျိုးကို ၁၈၁၅ ခုနှစ်တွင် ဆာဟမ်ဖရီဒေဗီ ဆိုသူပုဂ္ဂိုလ်တစ်ဦးက ကြံစည်၍ လုပ်ကိုင်ခဲ့လေသည်။


ကျောက်မီးသွေးတွင်းတူးသည့်အခါ မီးအိမ်ကိုပါ ယူဆောင်သွားရ၏။ သာမန်မီးအိမ်နှင့် ကျောက်မီးသွေးတူးဖော်ရာဝယ် မကြာခဏ ကျောက်မီးသွေးငွေ့ကို မီးဟပ်ကာ တွင်းပေါက်ကွဲ ပြိုကျ၍ အသက်ပေါင်းများစွာ ဆုံးရှုံးကြလေသည်။ ထိုကြောင့် ဆာဟမ်ဖရီဒေဗီသည် သာမန်ရိုးရိုးမီးအိမ်မျိုးကိုပင် မီးတောက်၏ပတ်လည်၌ သံဆန်ခါပါးကာပေး၍ စမ်းသပ် ကြည့်ရှုရာ မီးအိမ်မှ အပူရှိန်သည် ကျောက်မီးသွေးတွင်း ထဲရှိ ပေါက်ကွဲစေတတ်သော ဓာတ်ငွေ့များရှိ ရာသို့ မရောက်ကြောင်း တွေ့ရှိရလေသည်။ ထိုအခါမှစ၍ ထိုမီးအိမ်မျိုးကို အသုံးပြုကြရာ မရေတွက်နိုင်သော အသက်ပေါင်းများစွာကို ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ခဲ့လေသည်။ ၁၈ နှင့် ၁၉ ရာစုခေတ်လောက်တွင် ဓာတ်ငွေ့ဖြင့် မီးထွန်းနည်းတစ်နည်းကို စမ်းသပ်တွေ့ရှိပြန်လေသည်။ ထိုဓာတ်ငွေ့မှာကျောက်မီးသွေးကို မီးဖုတ်ရာမှ ရရှိနိုင်သော ဓာတ်ငွေ့ဖြစ်၍ ၁၈ဝ၂ ခုနှစ်တွင် ဝီလျံမားဒေါ့ ဆိုသူသည် ဗာမင်ဂမ်မြို့ စက်ရုံတစ်ရုံကိုဤနည်းဖြင့် မီးထွန်း ပြနိုင်လေသည်။ ထိုအခါမှစ၍ လန်ဒန်မြို့ရှိ အိမ်များ လမ်းများတွင် ဓာတ်ငွေ့မီးများဖြင့် လင်းနေခဲ့သည်။ သို့ရာတွင် ထိုဓာတ်ငွေ့မှာ အသုံးပြုရာ၌ သတိမရှိလျှင် အဆိပ်ငွေ့သင့်ကာ အသက်ဆုံးရှုံးတတ်သဖြင့် ယခုခေတ်အခါတွင် ထိုဓာတ်ငွေ့မျိုးကို ချက်ပြုတ်ရာတွင် အသုံးပြုကြလေသည်။ ၁၈၂၈ ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်မီးထွန်းနည်းကို စတင်ကြံစည်လာရာ ၁၈၄ဝ ပြည့်နှစ်တွင် တဖြည်းဖြည်းအောင်မြင် ထမြောက်လာလေသည်။ အစတွင် လျှပ်စစ်ဓာတ်မီးရောင်သည် မကောင်းလှသေးချေ။ ၁၈၇၈ ခုနှစ်တွင် တောမတ် အယ်လဗာ အက်ဒီဆင် ဆိုသူ ပုဂ္ဂိုလ်ကြီးသည် ဓာတ်မီးကို ကြာရှည်အသုံးပြုနိုင်ရန် လေမရှိသောဖန်သီးထဲတွင် လျှပ်စစ်ကြိုးမျှင်ကလေးကို ထည့်သွင်ပေးလေသည်။

သို့ဖြင့် ကြည်လင်စွာလင်းသော ဓာတ်မီးလုံးကလေးများစတင် ပေါ်ပေါက်လာလေသည်။ ထိုဓာတ် မီးလုံးကလေးများကို တိုးတက်ကောင်းမွန်အောင် ချဲ့ထွင်ပြုလုပ်ခြင်းဖြင့် ယခု ကျွန်ုပ်တို့ခေတ်တွင် အသုံးပြုလျက်ရှိသော ဓာတ်မီးရောင်များမှာ အတောက်ကောင်းသော အခြေသို့ ရောက်လာလေပြီ။ တွဲရရွဲကျနေသော ကြိုးအဖျားမှ ဓာတ်မီးလုံးကလေး တပ်ဆင်ထွန်းရခြင်းမှာ အလှအပကြိုက်သော သူတို့အဖို့ တစ်ခုခု လိုနေသကဲ့သို့ ဖြစ်နေကြသဖြင့် အနည်းနည်းအဖုံဖုံ ဖန်တီးပြုပြင် ကြပြန်ရာမှ လှပသော မီးအုပ်၊ မီးစလောင်းတို့ ပေါ်ပေါက်လာလေသည်။ အချို့ အဆောက်အအုံကြီးများတွင်မီးရောင်ကိုတိုက်ရိုက်မကျစေဘဲ ကြွေဖန်လုံးကြီးများထဲတွင် ထည့်သွင်း၍ ထွန်းကြသည်။ ထိုမှတစ်ဖန် တိုးတက်ကြံစည်လာကြရာ ၁၉၁၁ ခုနှစ်တွင် နီယွန်ဓာတ်ဖြင့် ထွန်းသော လျှပ်စစ်ဓာတ်မီးမျိုးကို စမ်းသပ် အောင်မြင် လာကြပြန်သည်။ ဖန်ပြွန်ချောင်းများထဲတွင် နီယွန်ဓာတ်ငွေ့ ထည့်ထား၍ လျှပ်စစ်ဓာတ်နှင့် တွေ့ရှိသောအခါ လှပဆန်းကြယ်သော ဓာတ်မီးရောင်များ ရရှိလေသည်။ ဖန်ပြွန်ချောင်းမျာကို အလိုရှိရာ ပုံအမျိုးမျိုး ပြုပြင်၍ ထွန်းရာ ကြော်ငြာနှင့် အခြား အထိမ်းအမှတ်များအတွက် အသုံးပြုကြလေသည်။ ၁၉၃၈ ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်မီးချောင်းကို တီထွင်အသုံးပြုလာကြပြန်သည်။ ထိုဓာတ်မီးချောင်းမှ ဓာတ်မီးရောင်မှာ နေ့ခင်း၏ အလင်းရောင်ကဲ့သို့ပင် ဖြစ်၍ အခြားဓာတ်မီးရောင်များကဲ့သို့ မျက်စိအန္တရာယ် မဖြစ်ပေ။ လျှပ်စစ်ဓာတ်အား အသုံးချင်းတူသော်လည်း အခြားလျှပ်စစ် ဓာတ်မိးများထက် သုံးဆပို၍ အလင်းရောင်ရလေသည်။ နေအိမ်များတွင် အဖိုးတန်ဆုံးသော အလင်းရောင်မှာ နေရောင်ခြည် ဖြစ်သည်။ နေရောင်ခြည်မှာ လူတို့၏ ကျန်းမာရေးအတွက် အသုံးဝင်၍ ကူးစက်တတ်သော ရောဂါပိုးများကို ဖျက်ဆီးနိုင်သည်။ ရှေးအခါက အိမ်များတွင် ပြတငေ်းပါက် အလွန်နည်းပါး၏။ ထိုကြောင့် အိမ်တွင်းတွင် သဘာဝ အလင်းရောင်ကောင်းစွာမရချေ။ ပြတင်းပေါက်တွင် တပ်ဆင်ရန်မှန်များ ဈေးပေါပေါမရနိုင်မီ အိမ်များတွင် ပြတင်းပေါက်များ အဖောက်နည်းကြ၏။ အလယ် ခေတ်လောက်က သာမန် လူဆင်းရဲတန်းစားများ၏ အိမ်ပြတင်းများတွင် ဆီစိမ်စက္ကူများကို ကပ်၍ ကာကြလေသည်။ ထိုနောက်မှကျောက်ဖြူများကို ပါးပါးလွှာ၍လည်းကောင်း ပြတင်းပေါက်တွင် တပ်ဆင်ကြခြင်းဖြင့် အလင်းရောင်လည်း ရ၍ လူဆိုးသခိုးများဘေးမှလည်း စိတ်ချ၍နေနိုင်ကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)