မီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မီးဆိုသည်ဤသို့ဖြစ်သည်။

မီး[ပြင်​ဆင်​ရန်​]

ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဟူသည့် ရန်သူမျိုး ငါးပါးတွင် မီးသည် အပါအဝင်ဖြစ်၏။ မီးကို မထိန်း မသိမ်းတတ်လျှင် လူကို အကြီးအကျယ် ဒုက္ခပေးနိုင်ပေသည်။ ခိုးသူဆိုသည့် ရန်သူနှိပ်စက်သော်လည်း မီးနှိပ်စက်သလောက် မဆိုး ရွားချေ။ မီးနှိပ်စက်ခံရသူတို့သည် မည်သည့်ပစ္စည်းကိုမှ ဂရုမစိုက် နိုင်တော့ဘဲ အသက်ချမ်းသာရာ ရအောင် လွတ်ရာသို့ ပြေးကြရ သဖြင့် လူချည်းသက်သက် ကျန်ရစ်သူသာ များလေသည်။

အလွန် ကြီးကျယ်ခမ်းနားသည့် ရောမမြို့တော်ကြီးကို ခရစ် ၆၄ ခုနှစ်တွင် မီးရန်သူက ဖျက်ဆီးခဲ့ဖူးလေသည်။ လန်ဒန်မြို့တွင် ၁၆၆၆ ခုနှစ်၌ ရှီကားဂိုးမြို့တွင် မီးအကြီး အကျယ်လောင်ခဲ့ဖူးသည်။ ၁၈၇၁ ခုနှစ်၌ ရှီကားဂိုးမြို့တွင် မီးအကြီးအကျယ်လောင်ခဲ့ဖူး သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင်လည်း ၁၉၂၃ ခုနှစ်၌ မီးအကြီးအကျယ် လောင်ဖူးလေသည်။

မီးသည် ထိုမျှ လူကို ရန်သူသဖွယ် နှိပ်စက်တတ်သော် လည်း အသုံးချတတ်ပါက လူကို များစွာအကျိုးဖြစ်ထွန်းစေနိုင်ပေ သည်။ မီးကိုသာ မတွေ့ခဲ့ကြပါက ဤကမ္ဘာတွင် တိုးတက်မှုများကို မည်သည့်နည်းနှင့်မျှ ရရှိနိုင်ခဲ့ကြမည် မဟုတ်ချေ။ မီးဖြင့် ရေကို ကျိုရာမှ ရေနွေးငွေ့ဖြစ်ပြီးလျှင် ရေနွေးငွေ့အားဖြင့်လိုရာစက်များကို ခုတ်မောင်းနိုင်သဖြင့် မီးရထား၊ မီးသင်္ဘောစသည်တို့ ဖြစ်ပေါ်လာ နိုင်ကြပေသည်။

မီးကို မည်သူကစ၍ တွေ့ခဲ့သည်ဆိုသည်ကို ပြောရန်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမိုင်းမတင်မီ ရှေးပဝေသဏီကပင် လူတို့သည် မီးကို စ၍အသုံးပြုခဲ့ကြသော ကြောင့် ဖြစ်သည်။ သို့ရာတွင် မီးကို တစ်စတစ်စ မည်ကဲ့သို့ အသုံးပြုလာခဲ့ကြသည်။ ရှေးအခါက မီးသည် ရံဖန်ရံခါ၌သာ ပေါ်ပေါက်လာတတ်သည်။ မိုးကြိုးပစ်ရာမှသော်လည်းကောင်း၊ မီးတောင်ပေါက်ကွဲသဖြင့် ပါလာသည့် ချော်များမှသော်လည်းကောင်း၊ ဥပါကြယ်ပျံများမှသော်လည်း ကောင်း ဖြစ်ပေါ်လာတတ်ပေသည်။ မိုးကြိုးပစ်ရာမှ သွေ့ခြောက် နေသော သစ်ပင်ကြီးတစ်ပင်ကို ထိမှန်ပြီးလျှင် မီးတောက်လောင် ကာ တစ်တောလုံးကို ပြာအဖြစ်သို့ ရောက်သွားစေနိုင်ခဲ့ပေသည်။

မီးတောင်ချော်နှင့် ဥပါကြယ်ပျံများကလည်း မီးကို ဖြစ်စေနိုင်ခဲ့ သည်။ သို့ရာတွင် ထိုကဲ့သို့သောဖြစ်ပေါ်မှုသည် တစ်ရံတစ်ခါသာ ဖြစ်ပေါ်တတ်သဖြင့် မီးကို အလိုရှိသူသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း၍ နေရမည်ကဲ့သို့ ဖြစ်နေလေသည်။ ရှေးခေတ်လူတို့သည် မီးကို ရယူရန် ဂရုပြုခဲ့ကြမည် မဟုတ်ချေ။ ဖြစ်သလို နေထိုင်စားသောက်၍သာ အချိန်ကုန်ခဲ့ကြ ပေမည်။ အမှန်အားဖြင့် ရှေးခေတ်လူများနှင့် သားရဲတိရစ္ဆာန်များသည် မီးကို အသုံးမပြုကြရုံသာမက မီးကိုမြင်လျှင် ခြေကုန်ပြေးတတ်ကြ လေသည်။

လူနှင့် တိရစ္ဆာန်တို့တွင် အဓိက ခြားနားချက်တစ်ခုရှိ၏။ ယင်းမှာ လူတွင် ဖြစ်ပေါ်လာမှုကိစ္စ၌ အကြောင်းရင်းကို သိလိုစိတ် ရှိသည်။ ထိုသို့ သိလိုစိတ်ဖြင့် လူသည် မီးလောင်လျက်ရှိသော သစ်ကိုင်းကိုကောက်ယူပြီးလျှင် လောင်နေသည့်မီးကို သေချာကျနစွာ ကြည့်ခဲ့ပေမည်။ မီးသည် မည်သည့်ပစ္စည်းဖြစ်မည်၊ ထိုပစ္စည်းဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်မည် စသည်ဖြင့် အကြောင်းကြောင်းကို စဉ်းစား ကြည့်ခဲ့ပေမည်။ စုံစမ်းဖန်များလာသောအခါ မကြာမီအတွင်း၌ မီးကို အသုံးချနိုင်ကြောင်းကို တွေ့ခဲ့ပေမည်။ မီးရှိသည့် သစ်စ တစ်ခုကို ဝှေ့ရမ်း၍ ပြခြင်းဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်း သည့် သားရဲတိရစ္ဆာန်များပင် သူတို့၏ အနီးသို့ချဉ်းကပ်ဝံ့မည် မဟုတ်ကြောင်းကို သိခဲ့ပေမည်။ ထိုနောက် အခြားသစ်ခြောက်စများ ကို မီးပေါ်တွင် ထားခြင်းဖြင့် သစ်ခြောက်စများတွင် မီးကူးလာပြီး လျှင် မီးကိုလိုသလောက် တာရှည်စွာ ထားနိုင်ကြောင်းကိုလည်း သိလာခဲ့ပေမည်။

ဖယောင်းတိုင်မီးတောက်

ရှေးခေတ်လူတို့သည် တိုက်များ အိမ်များနှင့် မနေထိုင်ခဲ့ကြ သော်လည်း ရာသီဥတုဒဏ်ကိုခံနိုင်ရန် အကာအရံများရှိရာတွင် နေထိုင်တတ်ကြသည်။ ဥရောပတိုက်ရှိ ရှေးခေတ်လူများသည် ဂူများတွင် နေထိုင်ခဲ့ကြသဖြင့် ဂူပေါက်မှ သားရဲတိရစ္ဆာန်များသည် ညဉ့်အချိန်၌ လူကိုဥပဒ်ပေးနိုင်ကြပေသည်။ မီးကို လိုသလောက် တာရှည်စွာ ထားလာနိုင်သော အခါတွင် ညဉ့်အချိန်၌ ဂူဝတွင်မီးဖို ကာ ထားကြသဖြင့် စိတ်ချမ်းသာစွာ အိပ်နိုင်ကြ ပေသည်။ သားရဲ တိရစ္ဆာန်များသည် မီးကို အလွန်ကြောက်ကြ သဖြင့် မီးရှိသည့် ဂူအနီးသို့ပင် လာဝံ့ကြမည်မဟုတ်ချေ။

လူတို့သည် မီးကို တာရှည်စွာ ဖိုထားနိုင်သောကြောင့် အပူဓာတ်ရရှိကာ ရာသီဥတု၏ဒဏ်ကို ခံနိုင်လာကြသည်။ မီးကို ထိုမျှလောက် အသုံးချလာတတ်သော်လည်း မီးကို ဖြစ်ပေါ်စေနိုင် သည့် အကြောင်းကိုကား မသိကြသေးချေ။ ဤသို့ မီးသည် အအေး ဒဏ်နှင့် သားရဲတိရစ္ဆာန်များ၏ ဘေးမှကာကွယ်ပေးနိုင်မှန်းကို လူတို့သိပြီးနောက် မကြာမီ အတွင်း၌ပင် မီးဖြင့်ချက်ပြုတ်နိုင်ကြောင်းကို သိလာကြ ပြန်သည်။

ထိုသို့ သိကြခြင်းမှာ အမှတ်မဲ့သိလာခြင်းသာဖြစ်သည်။ မီးဖိုတွင် လူရှိနေခိုက် သားတစ် တစ်ခုသည် မီးဖိုထဲသို့အမှတ်မဲ့ ကျသွားကောင်းကျသွားပေလိမ့်မည်။ လွှင့်၍လည်း မပစ်ရက်သဖြင့် မီးထဲသို့ကျသွားသည့်သားတစ်ကို စားကြည့်ရာမှ အစိမ်းကိုစားရ သည်ထက် ပို၍ အရသာထူးသည်ကို သိလာပေမည်။ အရသာ ရှိမှန်းကို သိလာသောအခါကျမှ တောလယ်သွားရာ၌ ရခဲ့သော အသားများကို မီးကင်၍ စားကြခြင်းဖြစ်ဟန်တူလေသည်။

အသားများကို မီးကင်၍ စားတတ်လာကြသော်လည်း၊ မီးရနိုင်ရန်ကိုကား မပြုလုပ်နိုင်ကြသေးပေ။ မီးဖိုရှိရာမှမီးကိုကူးယူရုံ မှတစ်ပါး အခြားနည်းကို မသိကြသေးချေ။ ထိုနောက်မှ သိလိုမှု ကစေ့ဆော်ပေးသဖြင့် လူတစ်ဦးသည် မီးဖြစ်ပေါ်နိုင်သည့် အကြောင်းကို စဉ်းစားမိပေလိမ့်မည်။

ထိုသူသည် သူ၏ လက်ဖဝါးနှစ်ဖက်ကို ခပ်ပြင်းပြင်း ပွတ်လိုက်သော အခါ၌ ပူ၍လာသည်ကို သိခဲ့ရာမှ တုတ်ချောင်းနှစ်ချောင်းကို ပြင်းပြင်းပွတ်ပေးလျှင်လည်း ပူ၍ မီးဖြစ်လာနိုင်မည်ဟု ယူဆမိခဲ့ပေလိမ့်မည်။ တစ်ခါတစ်ရံ၌လည်း သစ်ကိုင်းခြောက် အချင်းချင်း လေတိုက်သဖြင့် ပွတ်တိုက်မိကြ ရာမှ မီးဖြစ်ပေါ် လာသည်ကိုလည်း သတိထားမိကောင်း ထားမိပေလိမ့်မည်။ မည် သည့်နည်းနှင့်ပင်ဖြစ်စေ ထိုသိလိုစိတ်ရှိသူသည် ခြောက်သွေ့သော တုတ်နှစ်ချောင်းကို ပြင်းထန်စွာ ပွတ်ပေးခြင်းဖြင့် ဖြစ်စေ၊ ခြောက် သွေ့သော တုတ်ချောင်းကို ပြောကြောင်းတစ်ခုတွင် လျင်မြန်စွာ ပွတ်ဆွဲပေးခြင်းဖြင့် ဖြစ်စေ မီးဖြစ်လာနိုင်ကြောင်းကို တွေ့ခဲ့ပေလိမ့် မည်။

သွေ့ခြောက်သည့် တုတ်နှစ်ချောင်းကို ပြင်းပြင်း ပွတ်ပေး လျှင် မီးရနိုင်ကြောင်းကို သိလာကြရာမှ ရာစုနှစ်ပေါင်း အတန် ကြာ ပြီးသောအခါတွင် မီးခတ်ကျောက်နှင့် သံမဏိကို ခတ်ပေးခြင်းဖြင့် မီးရနိုင်ကြောင်းကို သိလာကြလေသည်။ ခတ်လိုက်သဖြင့် ဖြစ်ပေါ် လာသော မီးပွားကလေးများကို လောင်စာနှင့် ထိပေးလိုက်သော အခါတွင် လောင်စာတွင် မီးစွဲပြီးလျှင် လိုသလို သုံးစွဲနိုင်ခဲ့ကြ ပေသည်။ သို့ရာတွင် မီးခတ်ကျောက်နှင့် သံမဏိမှ ဖြစ်ပေါ်သော မီးကို တွေ့ခဲ့ကြ သည်မှာ မကြာလှသေးချေ။

မီးခတ်ကျောက် အကြောင်းကို မသိကြမီ ရှေးခေတ်လူများ သည် တုတ်ငယ်တစ်ချောင်းကို ကျောက်၏ အပေါက်တွင်ထည့်ကာ စိတ်ရှည်ရှည်နှင့် ပြင်းထန်စွာ ပွတ်ပေးသောအခါတွင် အပေါက် တွင်းရှိ တုတ်စွန်းတွင် မီးစွဲလာသည်ကို တွေ့ကြရလေသည်။ ထိုကဲ့သို့ ပြုလုပ်ရန်မှာ မလွယ်ကူသော်လည်း မီးမရှိလျှင် မဖြစ်ကြောင်း သိလာကြသဖြင့် ထိုနည်းဖြင့်သာ အဆင်းရဲခံကာ မီးကို ပွတ်ယူခဲ့ကြရလေသည်။ ရှေးခေတ် ချက်ပြုတ်နည်းမှာ အသားများကို ည|ပ်တွင် ထည့်ကာ မီးခဲပေါ်၌ ကင်ပေးခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် ထိုအစာကိုပင် အရသာထူးကဲလှပြီဟု မှတ်ထင်ကြပြီးလျှင် မီး ဖြစ်ပေါ်ရေးအတွက် အပတ်တကုတ် ပြုလုပ်ခဲ့ကြသည်။ တုတ်တုတ် ချင်းပွတ်ပေးရာ၌ ထိုတုတ်များသည် သွေ့ခြောက်၍ မီးလောင်လွယ် သော တုတ်များဖြစ်ရန်ကိုလည်း သတိပြုခဲ့ကြ သည်။

၁၈၂၇ ခုနှစ်လောက်တွင်မှ မီးခြစ်ကို အင်္ဂလိပ်လူမျိုးတစ်ဦး ဖြစ်သည့် ဂျွန်ဝေါကားဆိုသူက တီထွင်နိုင်ခဲ့ပေသည်။ ထိုမီးခြစ်မျိုး သည် ရှေးခေတ် မီးခတ်ကျောက်မျိုးထက် လွယ်ကူသည်ဟု ပြော နိုင်သော်လည်း အကြမ်းစားမျှသာ ဖြစ်သည်။ ထိုပြင် ထိုမီးခြစ် မျိုးကို ပြုလုပ်သူများအား အဆိပ်သင့်စေတတ်သဖြင့် ဥပဒ်ကင်း သည်ဟု မဆိုနိုင်ပေ။

ထိုနောက်မှ ဘေးကင်းသော မီးခြစ်ပြုလုပ် နည်းကို သိလာခဲ့ ကြသည်။ ထိုနည်းမှာ မီးခြစ်ဗူးပြုလုပ်ခြင်းပင် ဖြစ်သည်။ မီးခြစ်ဗူးပြုလုပ်ရာတွင် မီးခြစ်အိမ်နှင့် မီးခြစ်ဆံများပါ ဝင်သဖြင့် အလွန်လက်ဝင်သော လုပ်ငန်းဖြစ်ပေသည်။ သို့ရာတွင် ထိုအချိန်၌ စက်များကို တီထွင်နိုင်ကြပြီဖြစ်၍ မီးခြစ်ဆံနှင့် မီးခြစ် အိမ်များကို စက်များဖြင့် ပြုလုပ်ပေးကြလေသည်။

မီးရရန်အတွက် တုတ်နှစ်ချောင်းကို ပြင်းထန်စွာ ပွတ်တိုက်ခဲ့ရသည့် ရှေးခေတ်လူ များသာ မီးခြစ်ဖြစ်လာသည့်ခေတ်တွင် ရှိပါက မည်မျှအံ့ဩကြ မည်ကို မစဉ်းစားနိုင်အောင်ပင် ဖြစ်ပေသည်။ မီးခြစ်လုပ်စက်များကိုလည်း မီးကသာ လည်စေသဖြင့် မီးဖြစ်ပေါ်လာရေးအတွက် မီးကပင် ပြုလုပ်၍ပေးသည်ဟု ဆိုနိုင် ပေသည်။ မီးဖြစ်ပေါ်ရေးကို မနေမနားသိလိုစိတ် ကံစည်လို စိတ်များ လူ၌မရှိခဲ့လျှင် ယခုတိုင် လူရိုင်းဘဝမှ တိုးတက်ဦးမည်မဟုတ်ချေ။ မီးမရှိလျှင် ယခုကဲ့သို့လည်း နေထိုင်ဝတ်စား၍ သွားလာနိုင်ကြမည် မဟုတ်ပေ။

ရှေးခေတ်လူများသည် မီးကဲ့သို့ အရေးကြီးပြီးလျှင် တန်ခိုး ရှိသည့် ပစ္စည်းတစ်ခုကို တွေ့ကြသောအခါ ဝပ်တွား၍ ရှိခိုးတတ် ကြသည်။ မီးနတ်နှင့် သက်ဆိုင်သော ပုံပြင်အမြောက်အမြားပင် ရှိ၏။ မီးသည် ဤမျှအရေးကြီး၍ တန်ခိုးကြီးမှန်းကို ရှေးလူများသိ ခဲ့ကြသော်လည်း ယခုခေတ်တွင် ပေါ်ပေါက်လျက်ရှိသော မီးရထား၊ မီးသင်္ဘော၊ မော်တော်ကားတို့ကို မီးဖြင့် သွားလာစေမည်ကိုကား အိပ်မက်မျှ မက်ခဲ့ကြမည် မဟုတ်ပေ။

ဤမျှ မီးနှင့်ရင်းနှီး၍ နေထိုင်လျက် ရှိကြပြီးဖြစ်သော် လည်း မီးသည် မည်သည့်အရာဖြစ်သည်ဆိုသည့် အချက်ကို လူတိုင်းမသိကြချေ။ မီးဆိုသော်လည်း မီးအမျိုးမျိုးရှိ၏။ ပုံပမာ ကျောက်မီးသွေးသည် မီးလောင်ရန်မလွယ်ချေ။ လောင်သောအခါ၌ လည်းတဖြည်းဖြည်းနှင့် လောင်ပြီးလျှင် မီးလျှံမကြီးလှချေ။ သို့သော် ရုပ်ရှင်ရိုက်ကော်ပြားများသည် မီးနှင့်ထိသည်နှင့်တပြိုင်နက် မီးလျှံ ကြီးဖြင့် ထတောက်တတ်သည်။ ထိုမီးကို လောင်လွယ်သော မီးဟု ခေါ်သည်။ ယမ်းနှင့် ဓာတ်ဆီကဲ့သို့သော ပစ္စည်းမျိုးတို့ကား ကော် ပြားထက်ပင် မီးလောင်မြန်သေး၏။

မီးပွားကလေးထိရုံမျှဖြင့် လောင်တတ်သည်။ ထိုမီးမျိုးကို ပေါက်ကွဲစေတတ်သော မီးဟုခေါ် သည်။ မီးအမျိုးမျိုး ရှိသော်လည်း မီးဆိုသည့်သဘောမှာ ပစ္စည်း တစ်ခုခုသည် လေ၌ပါဝင်သည့် အောက်ဆီဂျင်ဓာတ်ငွေ့နှင့်ဓာတ် ပေါင်းစပ်မိသောအခါမှ မီးလောင်၍ အပူကို ဖြစ်ပေါ်စေသည်။ အောက်ဆီဂျင်ဓာတ်ငွေ့မရှိသော မည်သည့် နေရာမျိုးတွင်မှ မီးဖြစ် ပေါ်နိုင်မည် မဟုတ်ချေ။ လျှပ်စစ်ဓာတ်မီးသီး အတွင်းရှိ မီးစာ မီးမလောင်ခြင်းမှာ မီးသီးအတွင်း၌ လေမရှိခြင်းကြောင့် သို့မဟုတ် အောက်ဆီဂျင်ဓာတ်ငွေ့မရှိခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာမြေကြီး အတွင်း၌ အပူဓာတ်သည် အလွန်အားကြီး သော်လည်း လေမရှိသော ကြောင့် မီးလောင်၍ မနေချေ။ နေလုံး ကြီး မီးလောင်၍ မသွားခြင်းမှာလည်း နေပေါ်၌ လေမရှိခြင်း ကြောင့် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)