မီလန်မြို့

ဝီကီပီးဒီးယား မှ
မီလန်မြို့လည်ခေါင်

အီတလီနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သော မီလန်မြို့ သည် အီတလီနိုင်ငံ မြောက်ပိုင်း လောက်ဗာဒီ လွင်ပြင်ဒေသရှိ အော်လိုးနားမြစ်ကမ်းပေါ်တွင် တည်ရှိ၏။ လောင်ဗာဒီခရိုင် မီလာနို နယ်၏ရုံးစိုက်မြို့ဖြစ်သည်။ လူဦးရေ ၁, ၂၉၅,၇ဝဝ မျှရှိလျက် ပိုးထည်လုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ပိုးတုထည်လုပ်ငန်း၊ စက်ကိရိယာ လုပ်ငန်းကြီးများဖြင့် အထူးပင် စည်ကားသော မြို့ ကြီးဖြစ်၏။ မီးရထား စက်ခေါင်းများ၊ မီးရထားတွဲများ၊ မော်တော် ယာဉ်နှင့် အခြားယာဉ်များ၊ လျှပ်စစ်ဓာတ်ဆိုင်ရာ ပစ္စည်းများနှင့် တစ်ကွ ကြက်ပေါင်စေးဖြင့် ပြုလုပ်သော ပစ္စည်းများ အကြီး အကျယ်ထုတ်လုပ်၏။

လေယာဉ်ပျံကွင်းကြီးတစ်ခုနှင့် ကမ္ဘာပေါ် တွင် အကြီးဆုံးဟု ဆိုသော ခမ်းနားသည့် မီးရထားဘူတာရုံတစ်ခု ရှိ၏။ ထိုမြို့တွင် အစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်း ရောင်းဝယ်ရေး အတတ်သင်ကျောင်းကြီးတစ်ခုအပြင်၊ နာမည်ကျော်စာကြည့်တိုက်ကြီး ၂ ခုလည်းရှိ၏။ မီလန်မြို့ရှိ စကေလာပြဇာတ်ရုံ ကြီးမှာ ဥရောပတိုက်တွင် ဒုတိယအကြီးဆုံး အော်ပရာဇာတ်ရုံဖြစ် ၏။ တူရိယာ ဂီတ အတတ်သင်ကျောင်း ကြီးမှာလည်း ဥရောပ တိုက်တွင် ရှေးအကျဆုံးနှင့် အလှပဆုံး အဆောက်အအုံတစ်ခု ဖြစ်လေသည်။

မီလန်မြို့သည် အနုပညာနှင့် စာပေထွန်းကားခဲ့သော မြို့ကြီး တစ်မြို့လည်း ဖြစ်၏။ ဗရဲရာနန်းတော် အဆောက်အအုံကြီးကား မီလန်အနုပညာနှင့် သိပ္ပံပညာရပ်ဆိုင်ရာ ပညာတံခွန်အဖွဲ့တည်ရာ ဌာနတစ်ခုဖြစ်၏။ ထိုနန်းတော်ရှိ ပန်းချီခန်းကြီးတွင်လည်း ကမ္ဘာကျော် ပန်းချီဆရာကြီးများဖြစ်သော ရက်ဖီအယ်၊ တစ်ရှန် အစရှိသော ပန်းချီကျော်များ၏ လက်ရာများကို ပြသထား၏။

မြို့၏အလယ်တွင်ရှိသော ပီယာဇာဒယ် ဒူအော်မို ဘုရားရှိခိုးကျောင်း ကြီးသည် ဥရောပတိုက်တွင် တတိယ အကြီးဆုံးဖြစ်၏။ ထိုဘုရာရှိခိုးကျောင်းကြီးသည် အလွန်ကျယ်ဝန်း၍ တစ်ကြိမ်တည်း လူပေါင်း လေးသောင်းမျှ ဝတ်ပြုနိုင်လေသည်။ ထိုကျောင်းကြီး၏ အုတ်မြစ်ချပွဲကို ၁၃၈၅ ခုနှစ်ကပင် ကျင်းပခဲ့သည် ဖြစ်သော်လည်း ၁၈၁၃ ခုနှစ်ရောက်မှပင် လုံးဝပြီးစီးလေသည်။ အလျားပေ ၄၉ဝ ရှည်၍၊ ပေ ၁၈ဝ ကျယ်ပြီးလျှင် ၃၅၄ ပေ မြင့်၏။ ပုံပန်းသဏ္ဌာန် မှာ ဂေါ့သစ်ပုံစံဖြစ်လျက် နံရံကပ်လိုဏ်မုခ်များတွင်လည်း ရုပ်တု ပေါင်းနှစ်ထောင်ကျော်မျှ ထုလုပ်ထားရှိ၏။

မီလန်မြို့ကြီးသည် ရှေးအထက်ကျော် ကာရီကပင်လျှင် မြောက်ပိုင်းဒေသများမှ ဝင်ရောက်လာကြသော တိုင်းတပါးသား တို့၏လမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် ကူးသန်းရောင်းဝယ် ရေး တံခါးမကြီးသဖွယ်ဖြစ်နေလျက် စီးပွားရေးတိုးတက်ဖွံ့ဖြိုးခဲ့၏။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက မီလန်မြို့သည် အီတလီနိုင်ငံ စက်မှု လက်မှုလုပ်ငန်း၏ အချက်အချာဌာနတစ်ခု ဖြစ်နေခဲ့သည်။ ဘီ၊စီ၊၂၂၂ ခုနှစ် ဂေါလလူမျိုးများလက်မှ ရောမလူမျိုးတို့က မီလန်မြို့ကို တိုက်ခိုက်သိမ်းယူ အုပ်ချုပ်ခဲ့ကြရာမှအစ၊ ထိုမြို့သည် အကြိမ် ကြိမ်အဖန်ဖန် တိုက်ခိုက်မီးရှို့ ဖျက်ဆီးခြင်းခံရသည့်အထဲမှ ပင်လျှင် တစ်နေ့တစ်ခြား တိုးတက်စည်ကားလာခဲ့လေသည်။

ထိုမြို့ ကြီးကို ဟန်းလူမျိုးများက တစ်ကြိမ်၊ ဂေါ့သလူမျိုးများက နှစ်ကြိမ်၊ ၁၁၆၂ ခုနှစ်တွင် ဖရ်ကဒရစ် ဗာဗာရောဆားက တစ်ကြိမ် မီးရှို့ ဖျက်ဆီးခဲ့ကြဖူးလေသည်။ ထိုနောက် အနှစ်တစ်ရာခန့်တိုင်အောင် ဆူပူမှုများ အဆက်မပြတ်ပေါ်ပေါက်ခဲ့၍ ၁၇၁၄ ခုနှစ်အထိ စပိန် နိုင်ငံက ထိုမြို့ကြီးကို သိမ်းပိုက်ထားခဲ့၏။ ထိုနောက် ဩစတြီး ယားနိုင်ငံ၏ လက်အောက်သို့ ကျရောက်သွားခဲ့၏။

ပထမနပိုလီယန်ဘုရင်က အီတလီနိုင်ငံ ထူထောင်ရာတွင် ထိုမြို့ကြီးကိုပင် မြို့တော်အဖြစ် သတ်မှတ်ခဲ့လေသည်။ ၁၈၁၅ ခုနှစ် နပိုလီယန်အရေး ရှုံးနိမ့်သွားသောအခါ၌ကား ဩစတြီးယား တို့ လက်သို့ကျရောက်ခဲ့ရပြန်၏။ ၁၈၅၉ ခုနှစ်တွင်မူ မီလန် မြို့ကြီးသည် လွတ်လပ်သော အီတလီနိုင်ငံ၏ မြို့ကြီးတစ်မြို့ အဖြစ်သို့ ရောက်ရှိခဲ့ လေသည်။ မီလန်မြို့သည် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက မဟာမိတ်တို့ အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်ခြင်းဒဏ်ကို ခံခဲ့ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)