မိုးမခပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အစ္စတန်ဘူမှ မိုးမခပင်

မိုးမခပင်[ပြင်​ဆင်​ရန်​]

မိုးမခပင်အမျိုးပေါင်း ၁၃ဝ မှ ၃ဝဝ အထိ ရှိတန်ရာ သည်ဟု ခန့်မှန်းရသည့်အလျောက် ချုံပင်မှစ၍ အပင်ကြီးအထိ အမျိုးမျိုးရှိလေသည်။ အချို့ မိုးမခပင်များသည် အမြင့် တစ်လက်မလောက်သာရှိ၍ အချို့ကား ပေပေါင်း တစ်ရာကျော် မြင့်ကြသည်။ ကမ္ဘာအနှံ့အပြား အေးသောဒေသနှင့် သမပိုင်း ဒေသများတွင် စိုစွတ်သည့်မြေများ၌ ပေါက်ကြသည်။ အမြစ် များသည် အလွန်ခိုင်မာ၍ မြေဝင်လည်းနက်၏။ အပင်များသည် အလွန်အကြီးမြန်သောကြောင့် ရေတိုက်စားခြင်းမှ ကာကွယ်ရန် အထူးသဖြင့် မြစ်ဘေးချောင်းဘေး စမ်းဘေး တာလမ်းဘေး တို့တွင် အမြောက်အမြား စိုက်ကြသည်။

မိုးမခပင်၏ ရုက္ခဗေဒအမည်မှာ ဆေးလစ် ဖြစ်ဆေး လစ်ကေစီအီး မျိုးရင်းတွင် ပါဝင်သည်။ အမျိုးပေါင်း များပြား သဖြင့် ရုက္ခဗေဒဆရာများပင် အရေအတွက်နှင့်အမျိုးကို ခွဲခြား ရာ၌ တစ်ဦးနှင့်တစ်ဦး အယူအဆချင်း မတူကြချေ။ ပင်စည်မှာ အပင်တစ်မျိုးနှင့်တစ်မျိုး မတူချေ။ အချို့ မိုးမခပင်၏ ပင်စည် မှာ တို၍ တုတ်ခိုင်၏။ အချို့မှာ ကရစ်ကက်ရိုက်သည့် ဗက်တံ လုပ်သော မိုးမခပင်၏ပင်စည်ကဲ့သို့ သေး၍ ဖြောင့်တန်း၏။ အရွက်များ၏ ပုံသဏ္ဌာန်မှာလည်း အမျိုးမျိုးရှိရာ အချို့အရွက် များသည် သေးသွယ်ရှည်လျား၍ တံစဉ်ပုံကဲ့သို့ ရှိ၏။ အချို့ အရွက်မှာ တို၍ ဝိုင်း၏။ သို့သော် အားလုံးသော မိုးမခပင်၏ အခေါက်မှာ တပြင်တည်းမရှိဘဲ အက်ကွဲ၍အကြောင်းများရှိ သည်။

မိုးမခသားသည် ပျော့ပြီးလျှင် ပေါ့လည်းပေါ့၏။ အရောင်မှာဖြူ၍ ရေတွင် အခြားသစ်သားများထက် ကြာရှည်ခံ ၏။ ကရစ်ကက်ဗက်တံများ၊ အိမ်ဆောက်ရန် တိုင်လုံးများ၊ လယ်ယာစိုက်ပျိုးရေး ကိရိယာများ စသည်တို့ကို ပြုလုပ်ရာ၌ အသုံးပြုသည်။ မီးသွေးဖုတ်သည့်အခါ အလွန်ကောင်းသော မီးသွေးကို ရရှိသည်။ ရုက္ခဗေဒအမည်အားဖြင့် ဆေးလစ်အယ် လဗာဟု ခေါ်သော မိုးမခပင် အဖြူမျိုးနှင့် ဆေးလစ် ဖရာဂျိုင်း လစ် ဟုခေါ်သည့် ဆတ်သော မိုးမခပင်မျိုးမှ အလွန်အဖိုးတန် သောသစ်များရသည်။ စက္ကူကို မိုးမခပင် အဖြူမျိုးမှရသော သစ်ပျော့ဖတ်ဖြင့် လုပ်သည်။

တရုတ်နိုင်ငံသည် အကိုင်းများ တွဲလွဲကျနေတတ်သော မိုးမခပင်တစ်မျိုး၏ မူလပေါက်ရာဒေသဖြစ်သည်။ ယင်းနိုင်ငံမှ ဥရောပတိုက်၊ အမေရိကတိုက်များသို့ ယူဆောင်စိုက်ကြသည်။ ယင်းသည် စီးပွားရေးအတွက် မည်သို့မျှအသုံးမဝင်လှ သော် လည်း အလှအပအတွက် များစွာစိုက်ပျိုးကြသည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ ဆေးလစ်ဗက်ဗီလိုနီက ဖြစ်သောကြောင့် အချို့က ဗက်ဗီလုံးနိုင်ငံတွင် မူလပေါက်သည်ဟု ထင်ကြသည်။

အဝါနှင့် ငွေရောင်ကြောင်မြီးပုံ ပန်းခိုင်များ တွဲလွဲပွင့်သည့် မိုးမခပင်တစ်မျိုးလည်း ရှိသေး၏။ ချုံပင်ကဲ့သို့ ပေါက်သော အိုဇာမိုးမခပင်များ၏ အသားသည် အလွန်ပျော့ပျောင်းသော ကြောင့် တောင်းများ ယက်လုပ်ရာ၌လည်းကောင်း၊ အိမ်တွင် အသုံးအဆောင်များ ပြုလုပ်ရာ၌လည်းကောင်း များစွာအသုံးပြု ကြသည်။ အခေါက်ကို သားရေနယ်ရာ၌လည်းကောင်း၊ ဆာ လီဆင် ခေါ် ဘယဆေးဖော်စပ်ရာ၌လည်းကောင်း အသုံးပြုကြ သည်။[၁]


မိုးမခပင်သည် အပင်ကြီးများထဲတွင် အလှဆုံးအပင်ဖြစ်ပေသည်။ ဂရုစိုက်ပြုစုစရာ မလိုအပ်ဘဲ မျက်စိအမြင်တွင် လှပစေသော ပေ၄၀ မှ ပေ၅၀ အထိ မြင့်မားသည့်အပင်ဖြစ်သည်။ မိုးမခပင်၏အမည်မှာ weeping willow tree ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Salix babylonica ဖြစ်သည်။ ကမ္ဘာ့မြောက်ခြမ်း အေးသည့်ဒေသများဇာတိဖြစ်သော willow tree ၏ မျိုးကွဲများထဲမှ တစ်ခုဖြစ်သည်။ မိုးမခပင်သည် ရေကန်၊ မြစ်၊ချောင်း ကမ်းပါးများတွင် ပေါက်ရောက်လေ့ရှိသော်လည်း မိုးခေါင်သောအပူပိုင်းဒေသများ၏ ရာသီဥတုကိုလည်း ခံနိုင်ရည်ရှိသည်။

မိုးမခပင်သည် အရိပ်ရအပင်ကြီးမျိုးဖြစ်သည်။ မိုးမခပင်၏ မူလဇာတိမှာ အာရှတိုက်ဖြစ်သော ဂျပန်နိုင်ငံ၊တရုတ်နိုင်ငံ မှသည် အနောက်နိုင်ငံများဖြစ်သော ဥရောပတိုက်နှင့် အမေရိကန်ပြည်ထောင်စုဖြစ်သည်။ မြောက်အာဖရိကနှင့် အီဂျစ်နိုင်ငံတို့၏ မြစ်ကမ်းပါးတို့တွင်လည်း တွေ့ရှိရသည်။ အစိမ်းနုရောင်ရှိသော အရွက်များသည် သေးငယ်ရှည်လျားသည်။ အရွက်မျက်နှာပြင်သည် ငွေရောင် သို့မဟုတ် အဖြူရောင်သန်းသည်။ ဆောင်ဦးပေါက်ရာသီတွင် အရွက်များသည် အဝါရောင်မှသည် အညိုရောင်သို့ပြောင်းကာ ဆောင်းရာသီတွင် အရွက်ကြွေသည်။နွေဦးရာသီတွင် အရွက်များပြည့်စုံစွာ လှပသော အရိပ်ရပင်ကြီးဖြစ်သည်။ မိုးမခပင်၏ အကိုင်းများသည် ကြွပ်ဆပ်သည်။ မိုးမခပင်သည် ကြီးထွားမြန်ပြီး တစ်နှစ်အတွက်း ၁၀ ပေထိ ကြီးထွားသည်။ မိုးမခပင်သည် လူသားတို့အတွက် အလွန်အသုံးဝင်သောအပင်ဖြစ်သည်။ မိုးမခပင်စည်အသားဖြင့် သေတ္တာနှင့် ပရိဘောဂများထုတ်လုပ်နိုင်သည်။ တူရိယာပစ္စည်းဖြစ်သော ပုလွေကို မိုးမခသားဖြင့် ပြုလုပ်ပြီး အားကစားပ စ္စည်းဖြစ်သော ဘက်တံများလည်း ပြုလုပ်သည်။ salicylic acid ထုတ်လုပ်သော မိုးမခပင်သည် ဆေးဘက်ဝင်အပင်လည်း ဖြစ်သည်။ အစာအိမ်နာအတွက် အသုံးပြုသည့် ဆေးဘက်ဝင်အပင်ဖြစ်သည်။

ဒဏ္ဍာရီများ၊ ခရစ်ယာန်ကျမ်းစာများတွင် မိုးမခပင် ပါဝင်ပြီး စာပေ၊ ကဗျာ၊ လင်္ကာများတွင်လည်း မိုးမခပင်အကြောင်း ရှေးနှစ်ပေါင်းများစွာကပင် ဖွဲ့ဆိုခဲ့ကြသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)