မိုးကောင်းမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိုးကောင်းမြို့
—  မြန်မာနိုင်ငံရှိ မြို့များ  —
မိုးကောင်းမြို့ is located in Burma
မိုးကောင်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
Coordinates: 25°18′N 96°56′E / 25.3°N 96.933°E / 25.3; 96.933
နိုင်ငံအမည် မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ပြည်နယ် Flag of Kachin State.svg ကချင်
ခရိုင် မိုးညှင်း
လတ္တီကျု (၂၅)ဒီဂရီ၊ (၁၈)မိနစ်
လောင်ဂျီကျု (၉၆)ဒီဂရီ၊ (၅၆)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ မိုးကောင်းမြို့
Time zone မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


မိုးကောင်းမြို့ [ပြင်​ဆင်​ရန်​]

မိုးကောင်းမြို့ကို ရှေးယခင်က “မိန်းကောင်း”ဟု ခေါ်ဆိုခဲ့ကြသည်။ “မိန်းကောင်း”(MingGawng)သည် ရှမ်းဘာသာစကား ဖြစ်သည်။ “မိန်း”သည် မြို့တော်ဟု အဓိပ္ပါယ်ရပြီး “ကောင်း”မှာ “အိုးစည်”ဟု အဓိပ္ပါယ်ရသဖြင့် “အိုးစည်မြို့တော်”ဟု အဓိပ္ပါယ်ရသည်။ မိန်းကောင်းမှ မိုးကောင်း တွင်လာခြင်း ဖြစ်သည်။ [၁]


မိုးကောင်းမြို့သည် မြန်မာနိုင်ငံအထက်ပိုင်း ကချင် ပြည်နယ်တွင် အကျုံးဝင်သော မြစ်ကြီးနားခရိုင်တွင် တည်ရှိ၍ နယ်ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ မိုးကောင်းမြို့သည် ရှေးတစ်ခေတ် က ရှမ်းစော်ဘွားများ ကြီးစိုးတန်ခိုးထွားခဲ့စဉ် ရှမ်းမြို့တော် ဖြစ်ခဲ့သောကြောင့် မြန်မာ့သမိုင်းတွင် မကြာခဏ ဖတ်ရှုရပေ သည်။ ဤသို့ ရှေးသမိုင်းဝင်ခဲ့သော မိုးကောင်းမြို့သည် ယခု အခါ နိုင်ငံတွင်မထင်ရှားတော့သော်လည်း တရုတ်လူမျိုးတို့ နှစ်သက်သော ကျောက်စိမ်းရတနာကို အများဆုံး ရောင်းဝယ်ရာ ဌာနဖြစ်သောကြောင့် မိုးကောင်းဆိုလျှင် ကျောက်စိမ်းထွက်ရာ အရပ်အဖြစ် လူသိများပေသည်။

မိုးကောင်းမြို့သည် မိုးကောင်းချောင်းငယ်၏ လက်ယာ ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မန္တလေး-မြစ်ကြီးနား မီး ရထားလမ်းသည် မိုးကောင်းမြို့ကို ဖြတ်သွားပေရာ မီးရထား လမ်းအားဖြင့် မန္တလေးမြို့မှ ၃ဝ၆ မိုင်ကွာဝေး၍ မြစ်ကြီးနား မြို့မှ ၁၇ မိုင် ကွာဝေးသည်။ မိုးကောင်းမြို့သည် မိုးကောင်း နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံး၊ အထက်တန်း ကျောင်း၊ ဈေး၊ တိုက်တာအဆောက်အအုံတို့ဖြင့် အတန်ပင် စည်ကားသောမြို့ဖြစ်သည်။ နေထိုင်သူများမှာ တရုတ်-မြန်မာ ကပြားနှင့် ရှမ်းအဆက်အနွယ်များဖြစ်ကြ၏။ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၂ယ၉၂ဝ ယောက် ရှိသည်။ မိုးကောင်းနယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၆ဝ ရှိ၍၊ လူဦးရေ ၉၃ယ၇၄၇ ယောက် ရှိလေသည်။

မိုးကောင်းမြို့သည် ကျောက်စိမ်းထွက်ရာ ဒေသတွင် ရှိသည့်အလျောက် မြို့တွင်းနေထိုင်သူများသည် ကျောက်စိမ်း တူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်ထည်များ ပြုလုပ် ခြင်း စသည်ဖြင့် ကျောက်စိမ်းလုပ်ငန်းကို ပြုလုပ်ကြသည်။

ကျောက်စိမ်းအပြင် ပယင်း ၂ မျိုးလည်းထွက်၏။ တောင်ယာ လယ်လုပ်ခြင်းလည်းပြုလုပ်သည်။ ဆန်စပါး၊ မြေပဲ၊ ငါးခြောက် စသည်တို့လည်း ထွက်လေသည်။ မိုးကောင်းမြို့တွင် ဆန်စက် များရှိသည်။ သွားလမ်းလာလမ်းမှာ အဓိကအားဖြင့် မီးရထား လမ်းကိုအသုံးပြုသည်။ ယခုအခါ မြစ်ကြီးနား၊ ဗန်းမော်မြို့များ သို့ ကားလမ်းပေါက်လေသည်။ မြစ်ကြီးနားသို့ ကားလမ်း အားဖြင့် မိုင် ၄ဝ ခန့် သွားရသည်။

မိုးကောင်းမြို့ရှိ တန်ခိုးကြီးဘုရားမှာ ရွှေဘုရားဖြစ်၍ နှစ်စဉ် ဘုရားပွဲတော်ကျင်းပသည်။ မိုးကောင်းနယ်တွင် အခြား ထင်ရှားသော ဘုရားများမှာ မိုးည|င်းမြို့ရှိ မြသိန်းတန်ဘုရားနှင့် ဘီလူးမြို့ရှိ ရွှေဘုံသာစေတီတို့ ဖြစ်သည်။

ပထမဆုံး မိုးကောင်းစော်ဘွားမှာ စံလုံဖဖြစ်၍ သက္ကရာဇ် ၅၇၇ (ခရစ် ၁၂၁၅) ခုနှစ်ခန့်တွင်စော်ဘွားအဖြစ်ကို ခံယူသည်။ စံလုံဖသည် နမ့်ကောင်းချောင်း (ယခုမိုးကောင်း ချောင်း)ကို ယခုမိုးကောင်းမြို့၏ အထက် မလှမ်းမကမ်းတွင် ကူးဖြတ်သောအခါ ချောင်း၏ အောက်ခင်းတွင် စည်းသဏ္ဌာန်ရှိ သော နီလာတစ်ခုကို တွေ့သည်ဆို၏။ ထိုအချင်းအရာကို ကောင်းသောနိမိတ်ဟုယူဆပြီးလျှင် ယင်းနေရာအနီး၌ မြို့တော် ကိုတည်ရှိစေသည်။ ယင်းနီလာကို စော်ဘွားအဆက်ဆက် သိမ်း ဆည်းထားခဲ့၏။ မြို့အမည်ကိုလည်း မိုင်းကောင်းဟုတွင်စေ၏။ မိုင်းသည် ရွာ၊ မြို့ဟုအဓိပ္ပာယ်ရပြီးလျှင် ကောင်းမှာ စည်ဟု အဓိပ္ပာယ်ရလေသည်။ ထိုအပြင် တရုတ်ဘုရင် ဥတည်ဘွားနှင့် ကိန္နရာဒေဝီ မိဖုရားတို့၏ မျက်မမြင် သမီးတော်မှာ ရှေးဘဝက ခင်ပွန်းဖြစ်ခဲ့သူ ကျားတစ်ကောင်နှင့် သင့်ရာမှ သား ၄ ယောက်ဖွားမြင်၏။ သားအကြီးဆုံးအား အဖိုးဖြစ်သူက မောင်းစည်တစ်လုံးပေးလိုက်ရာ ယခု မိုးကောင်းအရပ်သို့ ရောက်သောအခါ ထိုမောင်းမှာ အလိုအလျောက် မြည်သဖြင့် ထိုအရပ်တွင် မြို့တည်သည်ဟုလည်း ဆိုကြသေးသည်။ ကောင်း သည် မောင်း သို့မဟုတ် စည်ဟူ၍ အဓိပ္ပာယ်ရသည်။

မိုးကောင်းကို ရှမ်းစော်ဘွားများ အဆက်ဆက်အုပ်စိုး လာခဲ့ပြီးလျှင် အင်အားကောင်းသော စော်ဘွားများလက်ထက် တွင် မြန်မာပြည်မကို ထိပါးသည့်အခါ ထိပါး၏။ သက္ကရာဇ် ၉၁၇ (ခရစ် ၁၅၅၆) ခုနှစ်တွင် ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရား(ဘုရင့်နောင်)သည် အညာသို့ ချီတက်တိုက်ခိုက်ရာ မိုးကောင်းကိုလည်း သိမ်းယူတော်မူသည်။ ရှမ်းပြည်တစ်လွှား မိစ္ဆာဒိဋ္ဌိအယူ ယူကြသည်ကို ဗုဒ္ဓအယူဝါဒ၌ တည်စေ၏။ ကျမ်းတတ် သံဃာတော်များအတွက် ကျောင်းများ ဆောက်လုပ် ပေးပြီးလျှင် သီတင်းသုံးရန် တောင်းပန်၍ ထားတော်မူ၏။ ပိဋကတ်သုံးပုံကိုလည်း ပို့ထား၏။ ထိုမှတစ်ပါး ပဲ၊ မူး၊ ကျပ်၊ ပိသာ စသောအလေးချိန်တို့နှင့် ပြည်၊ ခွဲ၊ စိတ်၊ တင်းစသော အချင်အတွယ်တို့ကို နေပြည်တော်နှင့် တစ်ချက်တည်းထား တော်မူသည်။

နှစ်ပေါင်း ၂ဝ ကျော်လွန်သောအခါ စဝ်တစ်ဖဆိုသူ သည် မိုးကောင်းစော်ဘွားအဖြစ် ခံယူပြန်ကာ မြန်မာတို့က နောက်ဆုံးသိမ်းပိုက်သည့် အချိန်အထိ စဝ်တစ်ဖ၏ အဆက် အနွယ်များ အုပ်စိုးလျက်ရှိသည်။ မိုးကောင်းသည် ညောင်ရမ်းခေတ်နှောင်းပိုင်းတွင် တရုတ်တို့၏ ဩဇာခံ ဖြစ်ခဲ့သေးသည်။ သို့သော် သက္ကရာဇ် ၁၁၁၅ (ခရစ် ၁၇၅၃) ခုနှစ် အလောင်း မင်းတရား လက်ထက်တွင်အလောင်းမင်းတရားသည် ဗန်းမော်၊ မိုးည|င်းတို့နှင့်အတူ မိုးကောင်းကို အလိုပြည့်လေသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် မိုးကောင်းကို စော်ဘွားနယ်အဖြစ်မှဖျက်သိမ်းပြီး ဝန်စားသောမြို့အဖြစ်ဖွဲ့စည်းကာ မိုးကောင်းမြို့တွင် မြို့ဝန်ခန့်အပ်၍ အုပ်ချုပ်စေခဲ့သည်။ မိုးကောင်းသည်မြန်မာပြည်မြောက်ပိုင်းတွင်အကြီးဆုံးမြို့ဖြစ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မြို့ဝန်ဦးမန်းသည်အုပ်ချုပ်ရေးတင်းကြပ်မှုကြောင့် ပုန်ကုန်မှုဖြစ်ပွားခဲ့သည်။ ပုန်ကန်မှုမငြိမ်းအေးသေးမီမှာပင် အထက်မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့သမ်းပိုက်ခဲ့သဖြင့် အမတ်ချုပ်ကြီးဦးဖိုးစောခေါင်းဆောင်ကာ အင်္ဂလိပ်ကိုဆက်လက်တော်လှန်ခဲ့ကြသည်။ မိုးကောင်းတွင် တပ်စွဲထားသော အင်္ဂလိပ်တပ်များသည် မိုးကောင်းတွင်ရေဝပ်ကာမှက်၊ ခြင်၊ ယင်ပေါများလှသဖြင့် ၁၈၈၈တွင် မြစ်ကြီးနားသို့ပြောင်းရွှေ့သွားခဲ့သည်။ မန္တလေး-မိုးကောင်းရထားလမ်းကို မြစ်ကြီးနားအထိဖောက်လုပ်ပြီးနောက်မြစ်ကြီးနားတွင်အရေးပိုင်ရုံးစိုက်ခဲ့ချိန်မှစပြီး မိုးကောင်းမြို့အရှိန်အဝါကျဆင်းခဲ့ရသည်။ [၂]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. ဒေါ်ခင်သိန်း(မြန်မာစာပါမောက္ခ)မြစ်ကြီးနားတက္ကသိုလ် ၏ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)