မိုပါဆွန်း၊ ဂီးဒါး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိုပါဆွန်း

ဂီးဒါမိုပါဆွန်း(Guy de Maupassant) (အမည်ရင်း-Henri René Albert Guy de Maupassant) (5 August 1850 – 6 July 1893) သည် ပြင်သစ်လူမျိုး ကမ္ဘာကျော် စာရေးဆရာဖြစ်သည်။ ဝတ္ထုရှည်များနှင့် ဝတ္ထုတိုများ အများအပြားရေးသားခဲ့သည်။ ဝတ္ထုတိုများ ရေးသားရာတွင် အထူးပြောင်မြောက်သည်။ ကာလပေါ် ဝတ္ထုတိုများကို ရေးသားရာတွင် ရှေ့ဆောင်ဖြစ်၍ ယခုတိုင် သူ၏ အရေး အသားတို့ကို နှောင်းလူတို့ အတုယူကြရ၏။ ကမ္ဘာကျော် ဝတ္ထုများကို ပေါင်းဖွဲ့ထုတ်ဝေသော စာအုပ်မှန်လျှင် မိုပါဆွန်း၏ ဝတ္ထုတစ်ပုဒ် ပါစမြဲပင်ဖြစ်၏။ မိုပါဆွန်း၏ ဝတ္ထုများကို အင်္ဂလိပ်ဘာသာမှ တစ်ဆင့် မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုထားသည်လည်း ရှိ၍ မှီး၍ရေးသားသည်လည်း ရှိသည်။ မိုပါဆွန်း၏ 'ဗယ်လာမီ' ခေါ် ဝတ္ထုရှည်ကို ဘာသာ ပြန်ထားခြင်းဖြစ်ဖြစ်သော စာရေးဆရာ တင့်တယ်၏ 'ပျို့တို့အချစ်တော်' ဘာသာပြန် ဝတ္ထုသည် ၁၉၅၉ ခုနှစ် စာပေဗိမာန်ဘာသာပြန်ဆု ခြီးမြှင့်ခြင်းခံရသည်။ မိုပါဆွန်း၏ ဝတ္ထုကို မှီငြမ်းရေးသားသော ဒဂုန်တာရာ ၏ လရောင် ရွှန်းမြသော ညတစ်ည ဝတ္ထုသည်လည်း အထူးထင်ရှားသည်။

မိုပါဆွန်း၏အမည် အပြည့်အစုံမှာ အန်းရီရာနေ အာလဗဲဂီးဒါ မိုပါဆွန်းဖြစ်၏။ မိုပါဆွန်းသည် ခရစ် ၁၈၅ဝ ပြည့်နှစ်ဩဂုတ်လ ၅ ရက်နေ့တွင် နော်မန်ဒီနယ်၌ မွေးဖွားသည်။ ငယ်စဉ်က အက်ဗတိုးရှိ စာသင်ကျောင်းတွင် ပညာသင်ယူ၍ ရူအန်းတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ကျောင်းမှ ထွက်သောအခါ ပါရစ်မြို့၌ ရေတပ်ဌာနတွင် စာရေးအဖြစ် ၁ဝ နှစ်မျှ အမှုထမ်းသည်။ မိုပါဆွန်းသည် ကစားခုန်စားတွင် ဝါသနာထုံသည်ဟု ဆို၏။ မိုပါဆွန်းအား စာရေးဆရာ ဖြစ်အောင် သွန်သင် နည်းပြပေးသူမှာ နာမည်ကျော် စာရေးဆရာ ဖလိုဗဲယားဖြစ်သည်။ ဖလိုဗဲယားသည် မိုပါဆွန်း၏ မိခင်နှင့် ရင်းနှီးခင်မင်သော မိတ်ဆွေတစ်ဦး ဖြစ်ရုံမက၊ မိုပါဆွန်း ဗတ္တိဇံမင်္ဂလာခံယူစဉ်က ကြီးမှူးသူ ခေါင်းကိုင်ဖခင်လည်းဖြစ်၏။ မိုပါဆွန်းသည် ဖလိုဗဲယား၏ နေအိမ်တွင် အနေများသည်ဖြစ်ရာ နာမည်ကျော် စာရေးဆရာကြီးများ ဖြစ်ကြသော အေမီးဇိုလာ၊ တူရဂေနျက်စသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရခဲ့၏။ သို့ဖြစ်၍ အားကစားဖက် တွင် ဝါသနာ ပါသော မိုပါဆွန်းသည် စာပေဖက်သို့ ညွှတ်လာသည်။ ဖလိုဗဲယားသည် ၇ နှစ်တိုင်တိုင်ကြပ်မတ်၍ မိုပါဆွန်းအား စာပေအရေးအသားများကို အလေ့အကျင့်ပေးကာ နည်းပေးပြသခဲ့လေသည်။

ဦးစွာ၌ မိုပါဆွန်းသည် ကဗျာကို လက်တည့်စမ်းကြည့်ခဲ့၏။ ခရစ် ၁၈၈၁ ပြည့်နှစ်တွင် ဒက်ဗတ်ဟု ခေါ်သော သူ၏ကဗျာစုစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ သို့သော် မိုပါဆွန်းသည် ကဗျာဖြင့် ဟန်ပုံမရသောကြောင့် ဝတ္ထုတိုဖက်သို့ လှည့်ခဲ့ပြန်၏။ ထိုနှစ်တွင်ပင် သူ၏ပထမဆုံးဝတ္ထုတို 'ဗေဒါဆွိ'(အဆီတုံး)သည် ထင်ရှားသော စာရေးဆရာ တို့၏ လက်ရာများပါသော 'ဝတ္ထုပဒေသာ' စာအုပ်တွင် ပါလာလေရာ လူအများသဘောကျနှစ်ခြိုက်ခဲ့လေသည်။ ထိုပွဲဦးထွက်ဝတ္ထုတိုသည်ပင် မိုပါဆွန်း၏ လက်ရာမြောက်ဝတ္ထုတိုတစ်ပုဒ်လည်းဖြစ်၏။ ထိုအချိန်မှစ၍ မိုပါဆွန်းသည် နာမည်ရလာကာ ဝတ္ထုတို၊ ဝတ္ထုရှည်များကို ဆက်လက်ရေးသား လေတော့သည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း မိုပါဆွန်းသည် ဝတ္ထုတိုများတွင် ပိုမိုပြောင်မြောက်၏။ သူ အပြောင်မြောက်ဆုံး လက်ရာများမှာ အဆန်းမဖက်ဘဲ ရှင်းလင်းပြတ်သား တိကျသော အသုံးအနှုန်းများဖြင့် ဖော်ပြထားသည်ချည်း ဖြစ်၏။ သူမြင်တွေ့သမျှကို သဘာဝအတိုင်း ဖော်ပြလေ့ရှိ၏။ ထိုကြောင့် သဘာဝ ဆရာကြီးဟုပင် ဆိုထိုက်ပေသည်။ အထူးသဖြင့် လူတို့၏ သဘာဝကို သဘာဝကျကျပင် ဖော်ပြတတ်၏။ သူသရုပ်ဖော်သော ဇာတ်ကောင်များမှာ တောသားပင်ဖြစ်စေ၊ နိုင်ငံရေးသမားပင် ဖြစ်စေ၊ ဂုဏ်ကြီးရှင် အမျိုးသမီးပင်ဖြစ်စေ၊ လူမိုက်ပင်ဖြစ်စေ သူကိုယ်တိုင် သိကျွမ်းဘူးသူများကိုသာ ဖော်ပြလေ့ရှိသည်။ မိုပါဆွန်းသည် မျက်စိရှင်သန်သလောက် ကလောင်လည်း ထက်မြက်၏ ဤသို့ဝတ္ထုပါ ဇာတ်ကောင်များကို သရုပ်ဖော် ကောင်းသူ မိုပါဆွန်း၏ ဘဝမှာ ချမ်းမြေ့ လှသည်မဟုတ်။ စိတ်သောကများ၍ မှိုင်တွေနေရတတ်သူဖြစ်၏။ သူ၏ စာပေများသည်ပြောင်မြောက်သည်ဟု ဆိုရငြားလည်း အပျော်ဖတ်ရန်အတွက်ကား မသင့်လျော်ချေ။ မိုပါဆွန်းသည် အကောင်ဖက်ထက် အဆိုးဖက်ကို ပို၍ မြင်၏။ လောကကြီး၏ ယုတ်မာပုံ၊ မကောင်းပုံ၊ အဆင်မပြေပုံ စသည်များကို ဖော်ပြ လေ့ရှိ၏။ သူ၏ အချို့သောစာအုပ်များမှာ ဆိုးယုတ်သူများ အကြောင်းကို ဖော်ပြထားသည်ဖြစ်ရာ အစိုးရကပင်ထုတ်ဝေခြင်းမပြုရန် တားမြစ်ပိတ်ပင်ရ၏။ သူ၏ အကောင်းဆုံးစာများကို ဖတ်လျှင်ပင် ဖတ်သူသည် စိတ်မသက်သာဘဲ ညှိုးငယ်ကာ၊ လောကကြီးသည် အလုံးစုံဆိုးရွားယုတ်မာသည်ဟု ထင်လာမိတတ်၏။ သို့ရာတွင် ယင်းအကြောင်းအရာများသည် သရုပ်ပါလှသဖြင့် ဖတ်သူတို့အား စွဲစွဲလမ်းလမ်း ဖြစ်စေသည်။

မိုပါဆွန်း၏ များလှစွာသော ဝတ္ထုတိုများအနက် ထင်ရှားသည်တို့ကား 'အဆီးတုံး'၊' စိန်လည်ဆွဲ'၊'ကြိုးတစ်ပင်'၊'ပျော်ရွှင်မှု'အစရှိသည်တို့ဖြစ်၏။ 'အဆီတုံး' မည်သော ဝတ္ထုတိုတွင် ပြင်သစ် ပရပ်ရှား စစ်ပွဲအတွင်းက ဖြစ်ရပ်တစ်ခုအကြောင်းကို သရုပ်ဖော်ထား၏။ ၁၈၈၁ ခုနှစ်တွင် 'မမ်ဆယ်တဲလီယား၏ အိမ်' ခေါ် ဝတ္ထုတို ပဒေသာကို ထုတ်ဝေသော အခါ စာပေဝေဖန်သူတို့ကမိုပါဆွန်းအား ဝတ္ထုတိုများရေးရာ၌ ကျွမ်းကျင်သော စာရေးဆရာအဖြစ် ချီးကျူးကြရ၏။ သူ၏ ပထမဆုံး ဝတ္ထုရှည်ဖြစ်သော 'ဘဝ' ဝတ္ထုကို ၁၈၈၃ ခုနှစ်တွင် ထုတ်ဝေသည်။ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်၍၊ မိုပါဆွန်းသည် တိကျစွာ မြင်စွမ်းသည့်အဖြစ်ကို ထင်ရှား စေခဲ့သည်။ သို့သော် ယင်းဝတ္ထုတွင် စိတ်လှုပ်ရှားမှုလည်း မပါ၊ သင်ခန်းစားလည်း အကျုံးမဝင်ဘဲ အမှန်ကို ထုတ်ဖော် ထားသည်ဖြစ်၍ ထိထိမိမိ ရှိလှပေသည်။ 'ဗယ်လာမီ' ဝတ္ထုကို ၁၈၈၅ ခုနှစ်တွင် ထုတ်ဝေသည်။ ထင်ရှားသော ဝတ္ထုကို ၁၈၈၅ ခုနှစ်တွင် ထုတ်ဝေသည်။ ထင်ရှားသော ဝတ္ထုတစ်ပုဒ်ဖြစ်၏။ ' ပီယဲနှင့်ဇန်' မည်သော ဝတ္ထုရှည်၏ နိဒါန်းတွင် မိုပါဆွန်းသည် ဝတ္ထုနှင့်စပ်လျဉ်းသော သူ၏ သဘောတရားများကိုထုတ်ဖော် ရေးသားထားလေသည်။

မိုပါဆွန်း၏ ဝတ္ထုကောင်းများသည် ၁၈၈ဝ ပြည့်နှစ်နှင့်နှင့် ၁၈၈၆ ခုနှစ်များအတွင်း၌ ထွက်ပေါ်ခဲ့၏။ ထိုနောက်တွင်ကား မိုပါဆွန်း၏ ကျန်းမာရေး ချွတ်ယွင်းလာသည်။ ၁၈၉၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ပါရစ်မြို့ရှိ စိတ္တဇဆေးရုံတစ်ခုတွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)