မိုက်ကယ် အိန်ဂျလို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မိုက်ကယ်အန်ဂျလို ဗွိုနရိုးတီ (ခရစ် ၁၄၇၅-၁၅၆၄)[ပြင်​ဆင်​ရန်​]

Jacopino del Conte ၏လက်ရာ အသက် ၆၀ အရွယ် ဆရာကြီး မိုက်ကယ်အန်ဂျလို၏ ပုံတူ။

မိုက်ကယ်အန်ဂျလို ဘွိုနရိုးတီ (Michelangelo di Lodovico Buonarroti Simoni) ကား အီတာလျံလူမျိုး ဖြစ်၍ ပန်းချီ၊ ပုန်းပု၊ ဗိသုကာ၊ ကဗျာတို့တွင် လက်ရာပြောင်မြောက်သဖြင့် ကမ္ဘာ့အနုပညာသမိုင်းတွင် ထိပ်တန်းစာရင်းဝင် အနုပညာရှင်တစ်ဦးဖြစ်ပေသည်။ သူရေးဆွဲ ထုလုပ်ခဲ့သမျှသော ပန်းချီကားနှင့် ရုပ်တု ရုပ်လုံးများသည် ကောင်းမွန်၍ အသက်ဝင်လှရကား သာမန်လူတစ်ယောက်မှာ ယင်းကို တစ်ကယ့်လူဟူ၍ ထင်ယောင်မှားလောက်ပေသည်။ သို့သော် သူသည် ပန်းပုပညာနှင့် ရုပ်လုံးထုအတတ်တွင် ပိုမို ကျွမ်းကျင်၏။

အီတလီနိုင်ငံမှ စတင်ထွန်းကားသော ဉာဏ်သစ် အရေးတော်ပုံခေတ် (Renaissance) တွင် အထူးကျော်ကြားသူဖြစ်။ သုခုမပညာတွင် ကိုယ်ချွတ်ရုပ်လုံးကို တစ်ကယ့်လူနှင့် တူအောင် ထုလုပ်ရသည့် အတတ်ကဲ့သို့ ခက်ခဲသိမ်မွေ့သော အတတ်ကား မရှိတော့ပြီ။ မိုက်ကယ်အန်ဂျလို၏ ကိုယ်ချွတ်ရုပ်လုံးကြီးများမှာ မူကား အံ့ဖွယ်ကောင်းအောင် တစ်ကယ့်လူနှင့် တူပေသည်။ ယခုခေတ်တိုင်အောင်ပင် သူ၏ရုပ်လုံးများထက် ကောင်းသော ရုပ်လုံးဟူ၍ မရှိသလောက်ပင် ဖြစ်တော့သည်။ ရုပ်လုံးများ ထုလုပ်ရာတွင် သရုပ်ပေါ်သည်ထက် ပေါ်စေရန် သူသည် လူသေအလောင်းများကိုပင် ဓားနှင့် ဖြတ်တောက်၍ လေ့လာခဲ့လေသည်။

ရောမမြို့တွင်ရှိသော စစ္စတင်းဘုရားကျောင်းကြီး (Sistine Chapel) ၏ မျက်နှာကြက်ဆီသို့ မော့၍ကြည့်သည်ရှိသော် ဆရာကြီး မိုက်ကယ်အန်ဂျလို၏ အကောင်းဆုံးသော ပန်းချီလက်ရာကို တွေ့ရပေမည်။ ထိုပန်းချီကားမှာ အင်္ဂတေဆေးကားဖြစ်၍ စတုရန်းပေ ၁ဝယဝဝဝ ခန့်ရှိသော အင်္ဂတေမျက်နှာပြင်ပေါ်တွင် ရေးဆွဲထားလေသည်။ ထိုကားထဲတွင် လူရုပ်ပေါင်း ၃၄၃ ရုပ် ပါရှိသည့်အနက် အရုပ် ၂ဝဝဝ လောက်မှာ ၁ဝ ပေမှ ၁၈ ပေအထိ အမြင့်ရှိလေသည်။ ဆရာကြီးသည် ထိုကမ္ဘာကျော် ပန်းချီကား ချပ်ကြီးကို ၄ နှစ်တိတိ ရေးဆွဲခဲ့ရ၏။ ထိုသို့ ရေးဆွဲခဲ့ရာတွင် သူသည် ငြမ်းစင်တစ်ခုပေါ်တွင် ပက်လက်နေလျက် ရေးဆွဲခဲ့ရသည်က များလေသည်။

မိုက်ကယ်အန်ဂျလိုကို အီတလီပြည် တပ်စကန္နီမြို့ (Tuscany) ၌ ၁၄၇၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ ဖခင်မှာ ထိုနယ်၏ ဘုရင်ခံဖြစ်သည်။ သူသည် ဖလော်ရင့်မြို့ (Florence) ၌ ကြီးပြင်းလာခဲ့၏။ ငယ်ရွယ်စဉ်ကတည်းကပင် ပုံဆွဲဝါသနာပါခဲ့ရာ သူနေသောအိမ်၏ နံရံများပေါ်တွင် မီးသွေးခဲဖြင့် အရုပ်များကို ရေးဆွဲခဲ့လေသည်။ သားငယ်၏ ဝါသနာနှင့် ပညာအစွမ်းအစကို ရိပ်မိသိရှိသော ဖခင်ကြီးသည် မိုက်ကယ်အန်ဂျလိုအား ဂါလန်ဒါဂျို (Domenico Ghirlandaio) အမည်ရှိသော ပန်းချီဆရာကြီးတစ်ဦးထံ၌ အပ်နှံကာ ပန်းချီဆေးရေးပညာကို လေ့လာ ဆည်းပူးစေလေသည်။ ထိုနောက် တစ်နှစ်ခန့်ကြာသောအခါ မိုက်ကယ်အန်ဂျလိုသည် ရုပ်ထုပညာတွင် ပို၍ စိတ်ဝင်စားလာသဖြင့် ဗာတောလဒို၏ ရုပ်ထုအတတ်သင်ကျောင်းသို့ ပြောင်းရွှေ့ပြီးလျှင် ရုပ်လုံးထုခြင်းကို သင်ယူခဲ့လေသည်။

များမကြာမီပင် အနုပညာဝါသနာပါသော မဲဒီချီ (Lorenzo de' Medici) အမည်ရှိ သူဌေးကြီးတစ်ဦး တည်ထောင်ထားသော သုခုမရိပ်သာသို့ ရောက်သွားလေသည်။ ထိုအချိန်ကစ၍ မိုက်ကယ်အန်ဂျလိုမှာ အီတလီယဉ်ကျေးမှု ပြန်လည်ဆန်းသစ်သည့် ဉာဏ်သစ်အရေးတော်ပုံခေတ်တွင် ထင်ရှားသော အနုပညာသည်ကြီးတစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာခဲ့လေသည်။ အသက် ၂၄ နှစ်တွင် မိုက်ကယ်အန်ဂျလိုသည် မယ်တော်၏ရင်ခွင်ထက်၌ သေဆုံးနေသော ခရစ်ဘုရား၏ ရုပ်လုံးကိုထုလုပ်ခဲ့သည်။ ထိုနောက်တွင် ဒေးဗစ်အမည်ရှိ ကျောက်ရုပ်ကြီး (Statue of David) ကို ထုလုပ်ခဲ့လေသည်။ ထိုကျောက်ရုပ်ကြီးမှာ အမြင့် ၁၈ ပေရှိ၍ လေးလွန်းလှသဖြင့် ထိုကျောက်ရုပ်ကြီးကို အလုပ်ရုံမှ မြို့လယ်ရှိပန်းခြံသို့ ရောက်အောင် လူ ၄ဝ က လှိမ့်၍ ယူကြရလေသည်။

၁၅ဝ၅ ခုနှစ်တွင်ကား မိုက်ကယ်အန်ဂျလိုသည် ရောမမြို့သို့ ပြန်လည်ရောက်ရှိနေ၏။ သူ၏ကိစ္စမှာ ပုပ်ရဟန်းမင်း ဒုတိယဂျူးလယပ်အတွက် သင်္ချိုင်းဂူကြီးကို ဆောက်လုပ်ရန်ဖြစ်၏။ သို့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုများနှင့် အခြားသောအကြောင်းများကြောင့် အဆိုပါ အဆောက်အအုံကြီးမှာ မူလက ရည်ရွယ်ခဲ့သလောက် မကြီးကျယ်တော့ချေ။

အသက် ၆ဝ အရွယ်တွင် မိုက်ကယ်အန်ဂျလိုသည် စစ္စတင်းဘုရားကျောင်း၏ အင်္ဂတေဆေးကားများကို ပုပ်ရဟန်းမင်း တတိယပေါ၏အမိန့်အရ အပြီးသတ်ရေးဆွဲခဲ့သည်။ ထိုမှ တစ်ပါးလည်း ဆရာကြီးသည် အခြားသောထင်ရှားသည့် ရုပ်တု၊ ရုပ်လုံးနှင့် ပန်းချီကားအမြောက်အမြားကိုလည်း အမွေအနှစ်အဖြစ် ထားရှိခဲ့ပေသေးသည်။ အနိစ္စရောက်သည့်အချိန်တွင် ဆရာကြီးမှာ အသက် ၈၉ နှစ်ပင်ရှိပေပြီ။ သူသည် မကွယ်လွန်မီကလေးမှာပင် စိန်ပီတာ ဘုရားရှိခိုးကျောင်းကြီးကို ဆောက်လုပ်ခဲ့သေးသည်။ ဆရာကြီးသည် ထိုလုပ်ငန်းအတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မျှပင်လက်မခံခဲ့ချေ။ ဆရာကြီး၏ အလောင်းကို အီတလီပြည် ဖလော်ရင့်မြို့ရှိ ဆန်တာကရိုးချေး ဘုရားရှိခိုးကျောင်းထဲ၌ မြှုပ်နှံလိုက်ကြသည်။ ဆရာကြီး မိုက်ကယ်အန်ဂျလို ကွယ်လွန်ခဲ့သည်မှာ အနှစ် ၄ဝဝ နီးပါးခန့်ပင်ရှိပြီ ဖြစ်သော်လည်း ဆရာကြီး၏ နာမည်သည်ကား ကမ္ဘာတည်သမျှ တွင်ရစ်ပေတော့မည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)