မာရသွန်ပြေးပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၁၈၉၆ အိုလံပစ် မာရသွန်။

[ပြင်​ဆင်​ရန်​] မာရသွန်ပြေးပွဲ

ယခုခေတ် အိုလင်းပစ် အားကစားပြိုင်ပွဲ များ၌ မာရသွန်ပြေးပွဲဟူ၍ ပြေးပွဲတစ်မျိုး ပါရှိလေသည်။ ထိုပြေးပွဲ၏ မူလအရင်းအမြစ် စတင်ဖြစ်ပေါ်ရာမှာ ဂရိနိုင်ငံရှိ မာရသွန် လွင်ပြင်ဖြစ်သည်။ ထိုလွင်ပြင်သည် အက်တီကာ နယ်၏ အရှေ့ဘက်ကမ်းခြေတွင် တည်ရှိ၍ အက်သင်းမြို့မှ အရှေ့မြောက်ဘက်တွင် ၂၅ မိုင် ကွာဝေးလေသည်။

ထိုပြေးပွဲ၏ မူလအကြောင်းရင်း ဖြစ်ပေါ်ချိန်သည် ဘီစီ ၄၉ဝ ခန့်အချိန်ကာလဖြစ်သည်။ ထိုအချိန်တွင် ပါးရှင်းဘုရင် ဒရိုင်းယပ် (ဘီစီ ၅၅၈ ခန့်- ၄၈၅) ၏ အင်အားကြီးမားလှသော စစ်သည်တို့သည် အက်သင်းမြို့နိုင်ငံ နှင့်တကွ ဂရိပြည်နယ်များကို တိုက်ခိုက်သိမ်းပိုက်ရန် ရေ ကြောင်းဖြင့် ချီတက်လာကြပြီးနောက် မာရသွန်လွင်ပြင် တစ်ဝိုက်တွင် စခန်းချနေကြ၏။ အင်အားချင်း မမျှလှသဖြင့် အက်သင်းတို့က စပါးတန်းတို့ထံ အကူတောင်းသော်လည်း အချိန်မီ မရနိုင်သဖြင့် အက်သင်းတို့မှာ မျှော်လင့်ချက်မရှိ သလောက် ဖြစ်နေလေသည်။

သို့သော် မီလတီယဒီးအမည်ရှိ စစ်ဗိုလ်ချုပ်ကြီး၏ ကြံရည်ဖန်ရည် စွမ်းရည်သတ္တိကြောင့် အက်သင်း ၁ သောင်း ခန့်တို့သည် ပါးရှင်းစစ်သည် ၂ သောင်းခန်းတို့ကို ထိုမာရသွန် လွင်ပြင်တွင်ပင် တိုက်ခိုက်ချေမှုန်းနိုင်လိုက် သဖြင့် ပါးရှင် ၆ ထောင်ကျော် ကျဆုံး၏။ အက်သင်းတို့ဘက်မှာမူ ၂ ရာခန့်မျှ သာ ကျဆုံးလေ၍၊ ကျဆုံးသော အက်သင်းစစ်သားများကို ထိုမာရသွန်လွင်ပြင်ရှိ တောင်ပူစာကလေး တစ်ခုပေါ်တွင် မြှုပ်နှံထားခဲ့လေသည်။ ၁၈၉ဝ ပြည့်နှစ်တွင် ထိုမြှ|ုပ်နှံထားခဲ့ သော မြေပုံများကို ဖော်ထုတ်ခဲ့ရာ အရိုးများနှင့်တကွ ယင်းတို့ အား မြှုပ်နှံစဉ်က ထည့်လိုက်သည့် လက်နက်များနှင့်အတူ ပန်းအိုးများကို တွေ့ရသည်။

ထိုမာရသွန် တိုက်ပွဲသည် ကမ္ဘာ့သမိုင်း လမ်းကြောင်း ကို ပြောင်းလဲစေခဲ့သော တိုက်ပွဲတစ်ခုဖြစ်ခဲ့၏။ မိမိတို့ထက် နှစ်ဆမက အင်အားများလှ၍ လေးမြားလက်နက်သုံးသော ပါးရှင်းများကို လှံတံကို သုံးသော အက်သင်းတို့က တင်းတိုး ဝင်တိုက်ခိုက်ကြသဖြင့် လေးမြားတို့မှာ အသုံးမကျ ဖြစ်ရပြီး လျှင် ပါးရှင်းတို့အတုံးအရှုံး ကျဆုံးကြရသည်။

ပါးရှင်းရေတပ်ကြီး ဆုတ်ခွာသွားပြီးနောက်တွင် ယင်းတို့သည် အက်သင်းမြို့ကို ပင်လယ်ဘက်မှ လှည့်၍ တိုက်ခိုက်ခဲ့သော်၊ မာရသွန် လွင်ပြင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်း မသိသဖြင့်၊ အက်သင်းမြို့က အညံ့ ခံလိုက်မည်ကို မီလတီယဒီးသည် စိုးရိမ်နေခဲ့၏။ ထို့ကြောင့် ထိုတိုက်ပွဲတွင် အက်သင်းတို့အောင်မြင်ကြောင်းကို အက်သင်း မြို့သို့သတင်းပို့ရန် ခြေအမြန်ဆုံး အပြေးသမားတစ်ဦးဖြစ်သူ ဖိုင်ဒစ်ပီဒီးအား ဗိုလ်ချုပ်ကြီးက ရွေးချယ်၍ စေလွှတ်ခဲ့လေ သည်။ ထိုသူသည် မာရသွန်လွင်ပြင်မှ အက်သင်းမြို့အရောက် ၂၆ မိုင်နှင့် ၃၈၅ ကိုက်မျှ ခရီးကို မရပ်မနား အားသွန် ပြေးလွှား လာခဲ့ရာ အက်သင်းမြို့သို့အရောက်တွင် အောင်မြင် ကြောင်း သတင်းကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် အမော ဆို့လျက် သေဆုံးသွားရှာလေသည်။ ထို့ကြောင့် ဖိုင်ဒစ်ပီဒီးအား ဂုဏ်ပြုသောအားဖြင့် ၁၈၉၆ ခုနှစ်မှစ၍ အိုလင်းပစ်ပြေးပွဲများ တွင် ထိုခရီးမိုင်အတိုင်း မရပ်မနား ပြေးရသော ပြေးပွဲတစ်ခုကို ထည့်သွင်းပြီးလျှင် မာရသွန်ပြေးပွဲဟု အမည်ပေးထားခဲ့လေ သည်။ [၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်