မာတင်လူသာကင်း ဂျူနီယာ
From Wikipedia
မာတင်လူသာကင်း (Martin Luther King Jr) ( January 15,1929-April 4,1968) သည် အာဖရိကန်-အမေရိကန် သင်းအုပ် ဆရာတစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေးလှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန်လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်း အား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။
ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမူ့များတွင် ပါ၀င်ဆောင်ရွက်လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မှောက်မူ့တွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန်ခေါင်းဆောင်မူ့ ညီလာခံ နှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မူ့ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။
၁၉၆၃ ခုနှစ်တွင် ကင်းသည် ဘာမင်ဟန်သို့ချီတက်ကာ I Have a Dream ဟူသော မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေးအမြင်များအား နိုးကြားစေခဲ့ကာ သူကိုယ်တိုင်သည်လည်း အမေရိကန်သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။
သူ၏ အကြမ်းမဖက်ရေးလှုပ်ရှားမူ့များကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ ဆုကိုရရှိခဲ့သည်။ သူသေမည့်၁၉၆၈ ခုနှစ်ထဲတွင် သူ၏ ဆင်းရဲမွဲတေမူ့လျော့ချခြင်း နှင့် ဗီယက်နမ် စစ်ပွဲအား ဆန့်ကျင်သည့် အချက်အား ဘာသာရေး ရှု့ထောင့် မှနေ၍ ပြန်လည်သုံးသပ်ခဲ့သည်။
ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက် လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။
Contents |
[ပြင်ဆင်ရန်] ငယ်စဉ်ဘဝ
မာတင်လူသာကင်းအား ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တွင် ၁၉၂၉၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင်မွေးဖွားခဲ့သည်။ သူ၏ မိဘများမှာ မာတင်လူသာကင်း စီနီယာနှင့် အယ်လဘာတာဝီလျံကင်းတို့ဖြစ်ကြသည်။ သူ၏ ဖခင်မှာ သားနှစ်ယောက် အား မိုက်ကယ်ကင်းနှင့် မိုက်ကယ်ကင်း ဂျူနီယာဟု အမည်ပေးခဲ့သော်လည်း ၁၉၃၄ ခုနှစ်တွင် ဂျာမနီသို့သွားရောက် လည်ပတ်ပြီးသည်တွင် ခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ပုဂ္ဂိုလ်ကြီးအားဂုဏ်ပြုသည့် အနေဖြင့် သားနှစ်ယောက်လုံးအား မာတင်ဟု နာမည်ပြောင်းခဲ့သည်။ မာတင်ဆိုသည့်နာမည်မှာ ထိုခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ဂျာမနီပရိုတက်စတင့် ဂိုဏ်းဝင် မာတင်လူသာ ၏ အမည်ဖြစ်သည်။
အတ္တလန်တာ မြို့တွင် ကြီးပြင်းခဲ့စဉ်ကာလအတွင်း မာတင်လူသာကင်းသည် ဘွတ်ကာတီဝါရှင်တန် အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ သူသည် ကိုးတန်း နှင့် ဆယ့်နှစ် တန်းအဆင့်များအား အဆင့်ကျော်အောင်မြင်နိုင်ခဲ့ပြီး ၁၅ နှစ်သားအရွယ်တွင် အတ္တလန်တာရှိ မိုးဟောက်စ် လူမည်းကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့သည်။ မိုးဟောက်စ် ကျောင်းမှ လူမူ့ရေးဒဿန (sociology) ဘာသာဖြင့် ဘွဲ့ရခဲ့ပြီးနောက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ချက်စတာမြို့ရှိ ခရိုဇာ သီအိုလိုဂျီကယ် ဆီမင်နရီ ကျောင်းတွင် ပညာဆက်သင်ခဲ့သည်။ ထိုကျောင်းမှ ဘာသာရေးဆိုင်ရာ ဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် ၁၉၅၅ ခုနှစ်တွင် ဘာသာရေးအတွေးအခေါ် ဖြင့် ဒေါက်တာဘွဲ့ကို ရယူခဲ့သည်။
ကင်းသည် ကော်ရက်တာစကော့ဆိုသူအမျိုးသမီးနှင့် ၁၉၅၃ ဂျွန်၊ ၁၈ ရက်နေ့တွင်လက်ထပ်ခဲ့သည်။ ကင်းနှင့် စကော့တို့သည် သားသမီး လေးယောက်ထွန်းကားခဲ့သည်။ ၁၉၅၄ ခုနှစ် ကင်း အသက် ၂၅ နှစ်အရွယ်တွင် အယ်လဘားမား ပြည်နယ်၊ မောင့်ဂိုမာရီမြို့တွင် သင်းအုပ်ဆရာတော်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့လေသည်။
[ပြင်ဆင်ရန်] မောင့်ဂိုမာရီ ဘတ်စ်လိုင်းအား သပိတ်မှောက်မူ့
၁၉၅၅ ခုနှစ် မတ်လတွင် အသက် ၁၅ နှစ်အရွယ်ကျောင်းသူလေး တစ်ယောက်သည် သူ၏ အနီးရှိ လူဖြူအမျိုးသား တစ်ယောက် အား ထိုင်ခုံပေးရန် ငြင်းဆန်ခဲ့သောကြောင့် ဥပဒေအရ အရေးယူခံခဲ့ရလေသည်။ ဘာမင်ဂမ် အာဖရိကန်-အမေရိကန် ကော်မတီ ၀င်ဖြစ်သော ကင်းက ထိုကိစ္စကို အရေးယူဖြေရှင်းချင်သော်လည်း၊ အက်ဂါနစ်ဆန်(Edgar Nixon) နှင့်ကလစ်ဖို့ဂျား Clifford Durr တို့က ပိုမိုကောင်းမွန်သော အချက်ကြုံမှဖြေရှင်းရန် တားမြစ်ခဲ့ကြသည်။ ၁၉၅၅ ဒီဇင်ဘာ ၁ ရက်နေ့တွင် လူမည်းအမျိုးသမီး တစ်ယောက်ဖြစ်သော ရိုဆာပတ်(Rosa Parks) သည် လူဖြူအမျိုးသားတစ်ယောက်အား ထိုင်ခုံပေးရန်ငြင်းဆန်မူ့ဖြင့် အဖမ်းခံခဲ့ရလေသည်။ ထိုကိစ္စအား လူမည်းများက မကျေနပ်သောကြောင့် ဘတ်စ်ကားလိုင်းအား သပိတ်မှောက်ခဲ့ရာ နစ်ဆန်က အဓိက အကြံဉာဏ်နှင့် အစီအစဉ်များ ချမှတ်၍ ကင်း ကဦးဆောင်ခဲ့သည်။ ရက်ပေါင်း ၃၈၅ ရက်မျှ သပိတ်မှောက် ခဲ့ပြီး လူမည်းများက တရားရုံးချုပ်အထိ လျှောက်လဲခဲ့ကြသည်။ ဆန္ဒပြကာလအတွင်း တင်းမာမူ့များဖြစ်လာခဲ့ပြီး ကင်း၏ အိမ်သည်လည်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ထိုလှုပ်ရှားမူ့အတွင်းတွင် ကင်း သည်လည်းဖမ်းဆီးခံခဲ့ရသည်။ နောက်ဆုံးတွင် မောင်ဂိုမာရီသည် ဘတ်စ်ကားလိုင်းသည် နီဂရိုး အစည်းအရုံးကို အလျှော့ပေးခဲ့ရပြီး အမေရိကန်တရားရုံးချုပ် ကလည်း မောင်ဂိုမာရီရှိ လူထု့ဘတ်စ်ကားများပေါ်တွင် လူဖြူ၊ လူမည်းခွဲခြားခြင်းကို ပယ်ဖျက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။ မောင်ဂိုမာရီ အရေးတော်ပုံတွင် အောင်ပွဲစတင်ရရှိလိုက်သောကြောင့် ကင်း၏ဒဿနကို မှတ်ကျောက်တင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုနှစ်ကာလများအတွင်းတွင် ကင်း၏ စည်းရုံးလှု့ံဆော်မူ့ဖြင့် ထိုင်သပိတ်များ မှောက်ကြပြီး လူမည်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။
[ပြင်ဆင်ရန်] တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မူ့ ညီလာခံ
ကင်း၊ Ralph Abernathy နှင့် အခြား လူမူ့အခွင့်အရေး လှုပ်ရှားသူများသည် ၁၉၅၇ ခုနှစ်တွင် တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မူ့ ညီလာခံ(Southern Christian Leadership Conference,SCLC) ကိုတည်ထောင်ခဲ့သည်။ ထိုအုပ်စုသည် လူမည်းဘုရားကျောင်း များ၏ သာသနာရေးအာဏာကို စုစည်းအသုံးပြုကာ မြို့ပြလူမူ့အခွင့်အရေး လှုပ်ရှားဆန္ဒပြသူများအတွက် အကြမ်းမဖက်ရေး လမ်းစဉ်ကို အသုံးပြုရန် ဖန်တီးလှုံ့ဆော်ခဲ့ကြသည်။ ကင်းသည် သူသေဆုံးသည်အထိ SCLC အဖွဲ့အား ဦးဆောင်မူ့ပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သူ၏ စာအုပ်ဖြစ်သော Strive Toward Freedom အား Harlem ကုန်တိုက်စတိုးတွင် လက်မှတ်ရေးထိုးပေးခိုက် စိတ်မနှံ့သူ လူမည်း အမျိုးသမီးတစ်ဦးမှ ဓားဖြင့်ထိုးခဲ့ရာ နှလုံးနှင့် အနီးဆုံးနေရာကို ထိသွားခဲ့ဖူးသည်။ အလွန်ကံကောင်း သောကြောင့် ကင်းသည် သေဘေးမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။
ဂန္ဒီ၏ အကြမ်းမဖက်ရေး လှုပ်ရှားမူ့များသည် ကင်းအပေါ်တွင် များစွာလွှမ်းမိုးခဲ့ပြီး၊ ထိုနည်းလမ်းများသည် အယ်လဘားမား ပြည်နယ်ရှိ လူ့အခွင့်အရေး လှုပ်ရှားမူ့များအား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ SCLC မှစုစည်း ပေးသော ဆန္ဒပြသူများအား ကင်းသည် အကြမ်းမဖက်ရေးဝါဒများကို ဟောပြောပို့ချပေးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သူသည် The Measure of A Man ဆိုသည့်စာအုပ်ကို ရေးသားခဲ့ပြီး ထိုစာအုပ်အား What is Man ဟူသော စာအုပ်မှရေးသားခဲ့ခြင်းဖြစ် သည်။ ယင်းစာအုပ်The Measure of A Man တွင်လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ လူမူ့ရေး၊ စီးပွားရေး အဆောက်အဦးများ၏ အခက်အခဲရုန်းကန်ရမူ့များကို ခြယ်မှုန်းရေးသားခဲ့သည်။
ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို(FBI) မှလည်း ကင်းအား ၁၉၆၃ ခုနှစ်မှစတင်ကာ တယ်လီဖုန်းကြားဖြတ် နားထောင်ကာ စုံစမ်းခဲ့သည်။ ညွှန်ကြားရေးမှုးချုပ် ဂျေအဂ္ဂါဟူးဗားသည် လူ့အခွင့်အရေး လှုပ်ရှားမူ့များတွင် ကွန်မြူနစ်များက စိမ့်ဝင်ထိုးဖေါက် လာမည်ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် စုံစမ်းမူ့များလုပ်ခဲ့သော်လည်း မည်သည့်အထောက်အထားမှ မရှိခဲ့သဖြင့် တယ်လီဖုန်းလိုင်းတစ်ခုမှ မတော်တဆဖမ်းယူခဲ့သော ကင်း၏ ပုဂ္ဂလိက အကြောင်းအား တိပ်ဖြင့်ဖမ်းကာ ကင်းအား ထင်ရှားသော ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရန် ဖိအားပေး ခြိမ်းခြောက်ခဲ့သည်။
ကင်းသည် လူမည်းများအား စုစည်းကာ ဦးဆောင်မူ့ပေးနိုင်ခဲ့ပြီး လူမည်းများမဲပေးခွင့်၊ လူဖြူလူမည်း တန်းတူအခွင့်အရေး ရရှိမူ့၊ အလုပ်သမား အခွင့်အရေးနှင့် အခြားအခြေခံ လူ့အခွင့်အရေးများအား တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်များထဲမှ အများအပြားမှာ အောင်မြင်မူ့များရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စု ဥပဒေများထဲတွင် ၁၉၆၄ လူမှုအခွင့်အရေး ဥပဒေနှင့် ၁၉၆၅ မဲပေးခွင့်ဥပဒေများအဖြစ် ထည့်သွင်းအသက်ဝင်စေခဲ့သည်။
ကင်းနှင့် SCLC တို့သည် အကြမ်းမဖက်ရေး ဆန္ဒပြမူ့ စည်းမျဉ်းများအား ချမှတ်နိုင်ခဲ့ပြီး ကြီးမားသောအောင်မြင်မူ့များလည်း ရရှိခဲ့သည်။ အောင်မြင်ရသော အကြောင်းရင်းများတွင် ဆန္ဒပြမူ့ နည်းလမ်းများနှင့် ဆန္ဒပြရမည့် နေရာများအား မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်သည်။ အာဏာပိုင်များမှ မကြာခဏဆိုသလိုပင် ပုံမှန်နှိပ်ကွပ်မူ့များနှင့်လည်း ဆန္ဒပြသူများ ကြုံခဲ့ရသည်။ တစ်ခါတစ်ရံတွင် ထိုနှိမ်နင်းမူ့များသည် အကြမ်းဖက်ပွဲများဆီသို့ ဦးတည်သွားတတ်လေသည်။
[ပြင်ဆင်ရန်] အယ်ဘာနီ လှုပ်ရှားမူ့
[ပြင်ဆင်ရန်] ဘာမင်ဟန် တိုက်ပွဲ
ဘာမင်ဟမ် ဆန္ဒပြပွဲသည် အာဖရိကန်-အမေရိကန် များ၏ လူမှု့အခွင့်အရေးများ ပိုမိုရရှိစေရန်အတွက် SCLC ၏ မဟာဗျူဟာ မြောက်သော စီစဉ်မှု့တစ်ရပ်လည်းဖြစ်သည်။ ထိုဆန္ဒပြပွဲသည် နှစ်လမျှကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မူ့ရရှိခဲ့သည်။ ထိုစဉ်က အရေးအခင်းအား ပြည်သူ့လုံခြုံရေး ဌာန မင်းကြီး သီအိုဖီးလ်စ်(ဘူးလ်) ကွန်နာ က ကိုင်တွယ်ခဲ့သည်။ ဆန္ဒပြသူအများအပြားအားလည်း ထောင်သွင်း အကျဉ်းချခဲ့ကြသည်။ ထိုအထဲတွင် ယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်များပင် ပါ၀င်လေသည်။ ရဲများသည် ဆန္ဒပြသူများအား တုတ်ဖြင့်ရိုက်ခြင်း၊ သံချပ်ကာ ကားဖြင့် ၀င်တိုက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ထိုအဖြစ်အပျက်များအား မြင်တွေ့ရသော လူဖြူများပင်လျင် လူမှု့အခွင့်အရေး လှုပ်ရှားမူ့အတွင်း ပါ၀င်လာကြသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ အကျပ်အတည်း တစ်ရပ်အား မာတင်လူသာကင်းသည် ဖန်တီးနိုင်ခဲ့လေသည်။ ထိုအကျပ် အတည်းမှ တဆင့် လိုချင်သော ဆန္ဒများအား အကြမ်းမဖက်ရေး နည်းလမ်းကို အသုံးပြုကာ တောင်းယူခဲ့ကြသည်။ ဆန္ဒပြပွဲ ကြီး ပြီးဆုံးသွားပြီးနောက် ကွန်နာသည် အလုပ်ပြုတ်သွားပြီး ကင်းမှာ ပိုမိုနာမည်ကျော်ကြားလာလေသည်။ အကျိုးဆက်အား ဖြင့် အများပြည်သူဆိုင်ရာနေရာ အများစုသည် လူမည်းများအတွက်လည်း အကျုံးဝင်လာလေသည်။
[ပြင်ဆင်ရန်] လုပ်ကြံခံရခြင်း
ကင်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရသော လော်ရိန်း တည်းခိုခန်းအာ ယခုအခါ နိုင်ငံတော်လူမှု့အခွင့်အရေး ပြတိုက်အဖြစ်ပြောင်း လဲထားသည်။
၁၉၆၈ ခုနှစ်နွေဦးတွင် သာမာန်အလုပ်သမား ပြဿနာလေးတစ်ခုအား ဖြေရှင်းရန် မင်းဖစ်မြို့သို့ ကင်းရောက်ရှိခဲ့သည်။ မင်းဖစ်မြို့တွင် တံမြက်လှည်း၊ မြောင်းဖေါ်၊ အညစ်အကြေး ဆေးကြောသန့်ရှင်းရသည့် အလုပ်သမား ၁၃၀၀ ခန့်ရှိသည်။ ထိုအလုပ်သမားအားလုံးမှာ လူမည်းများဖြစ်ကြပြီး လုပ်ခလစာ အလွန်နည်းပါးသည့် အတွက် လစာတိုးပေးရန် သပိတ်မှောက် ကြသည်။ ပထမဆုံး ဆန္ဒပြချီတက်ပွဲမှာပင် လူမည်းများက အကြမ်းဖက်တိုက်ခိုက်မူ့များ ပြုလုပ်ခဲ့သဖြင့် ကင်းစိတ်ပျက်သွား ခဲ့သည်။ သူ၏ အကြမ်းမဖက်ရေး ၀ါဒမှာ သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားသည်ဟု ခံစားမိကာ မင်းဖစ်မြို့မှ ကင်းလှည့် ပြန်ခဲ့သည်။ သို့သော် လုပ်ဖေါ်ကိုင်ဖက်များက ၀ိုင်း၍ တိုက်တွန်းကြသည့်အတွက် နောက်ဆုံတွင် မင်းဖစ်သို့ ပြန်သွားရန် သဘောတူခဲ့သည်။
လူမည်းတစ်ယောက်ပိုင်ဆိုင်သည့် လော်ရိန်းအမည်ရှိတည်းခိုခန်းတွင် တည်းခိုခဲ့သည်။ ဧပြီလ ၄ ရက်နေ့ညနေတွင် သူတည်းခိုသည့် အခန်း နံပါတ် ၃၀၆ မှနေ၍ အပြင်ဘက်ထွက်လာကာ လေညင်းခံရန်အတွက် လသာဆောင်တွင်ထွက်ရပ်သည်။ ထိုအချိန်တွင် လမ်းတစ်ဖက် မျက်နှာခြင်းဆိုင်အိမ်အပေါ်ထပ်မှ နေ၍ လူသတ်သမားက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်လိုက်သည်။ ကျည်ဆံသည် ကင်း၏ လည်ပင်းကိုဖေါက်ထွက်သွားသည်။ သေနတ်ပစ်ခံရပြီး တစ်နာရီအကြာ ည ရ နာရီ ၅ မိနစ်တွင် စိန့်ဂျိုးဆက် ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ၃၉ နှစ်သာ ရှိသေးသည်။
မာတင်လူသာကင်းအား လုပ်ကြံသတ်ဖြတ်သူမှာ လူဖြူကြီးစိုးရေး ၀ါဒီ အစွန်းရောက်တစ်ဦး ဖြစ်သည့် ဂျိမ်းစ်အားလ်ရေး ဆိုသူ ဖြစ်သည်။ သူ့ကို ဖမ်းဆီးမိပြီးနောက် ထောင်ဒဏ် ၉၉ နှစ်ချမှတ်ခဲ့သည်။[၁]
[ပြင်ဆင်ရန်] အကိုးအကား
- ↑ အင်္ဂလိပ်ဝီကီ နှင့် ၂၀ ရာစုအကြီးကျယ်ဆုံးပုဂ္ဂိုလ်များ၊ ရာပြည့်စာတည်းအဖွဲ့၊
| ဤဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |