မဟော်ဂနီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မဟော်ဂနီသစ်သား

မဟောဂနီပင်သည် အမြဲစိမ်း အပင်ကြီးမျိုးဖြစ်၍ အနောက်အိန္ဒိယကျွန်းစုနှင့် အမေရိကတိုက် အပူပိုင်းဒေသများတွင် ပေါက်ရောက်သည်။ သာမန်အားဖြင့် ပေ ၁ဝဝ ခန့်ထိ မြင့်သော်လည်း ကြီးထွားရာ၌ အလွန်နှေးကွေးသည်။ ပင်စည်လုံးပတ်မှာ တစ်ခါတစ်ရံ ၁၂ ပေထိရှိ၍ တုတ်ခိုင်ကြီးမားသည်။ မြေပြင်မှသည် ပထမဆုံး ထွက်သည့် အကိုင်းကြီးထိ ပေ ၆ဝ ကျော်ကျော်မြင့်သည်။

မဟောဂနီ၏ ရုက္ခဗေဒအမည်မှာ ဆွိုက်တင်းနီးယား(Swietenia macrophylla) မဟောဂနီဖြစ်၍ မယ်လီယေစီအီး မျိုးရင်းတွင်ပါဝင်သည်။ ယင်းအသီးမှရသော အစေ့များကို ပုတီးကုံးများ သီကုံးကြသည်။ မဟောဂနီဟူသော အမည်ကို အခြား မျိုးရင်းဝင် အပင်များနှင့် မဟောဂနီကဲ့သို့ အကွက်အကြောနှင့် အရောင်ချင်းဆင်တူသည့် သစ်ပင်များတွင်လည်း အသုံးပြုထားကြသည်။ ပုံပမာ - ရုက္ခဗေဒအမည်အားဖြင့် ခယာဆင်နီဂေါလင်ဆစ်ဟု ခေါ်သော အာဖရိက မဟောဂနီသည် အာဖရိကမှ အမြောက်အမြား ထွက်သော်လည်း အမျိုးညံ့၍ အသားရောင် မကောင်းချေ။ ဩစတြေလျယားတိုက်တွင် ပေါက်ရောက်သော ယူကလစ်ပင် (ငှက်ခြောက်ပင်) တစ်မျိုးနှင့် မြောက်အမေရိကတိုက်တွင် ပေါက်သော ဆာကိုကာပတ်ခေါ် အပင်မျိုးကိုလည်း မဟောဂနီဟု ခေါ်ကြသည်။

မဟောဂနီသည် ဥရောပတိုက်သို့မည်သည့်အချိန်က ရောက်ရှိလာသည်ကို မည်သူမျှ မသိကြချေ။ ၁၅၉၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဆာဝေါ်လတာရောလီဆိုသူ ပုဂ္ဂိုလ်ကြီးသည် အနောက်အိန္ဒိယ ကျွန်းစုသို့ သင်္ဘောဖြင့် ဆိုက်ရောက်လာရာတွင် သူနှင့်အတူ ပါသွားသော သင်္ဘောဗိသုကာသည် မဟောဂနီ သစ်သားကို ဂျမေးကားကျွန်း ၌ တွေ့ရှိသဖြင့် သင်္ဘောပြင်ရာတွင် အသုံးပြုခဲ့ဖူးသည်။ ထိုစဉ်က ယင်း၏ တန်ဖိုးကို မသိကြချေ။ ၁၈ ရာစု နှစ်ကျမှသာ အင်္ဂလိပ် အိမ်ထောင်ပရိဘောဂ ပြုလုပ်သူများသည် မဟောဂနီသားကို စတင် အသုံးပြုလာကြရာ အလွန်ကောင်းကြောင်း သိသာလာသဖြင့် တဖြည်းဖြည်း ထင်ရှား၍ လူသုံးများလာသည်။ ၁၇၅၃ ခုနှစ် တစ်နှစ်တည်းတွင် မဟောဂနီသား ကုဗပေပေါင်း ၅ သိန်းကျော်ကျော်ကို အင်္ဂလန်ပြည်သို့တင်ပို့ခဲ့ရလေသည်။ ယခုအခါ မဟာဂနီသစ်မျိုးမှာ အလွန်ရှားပါး သွားပေပြီ။ တောကြီး မျက်မည်းထဲ၌ တစ်ဧကလောက်မှ တစ်ပင်နှစ်ပင်သာ တွေ့ရတော့သည်။ ခုတ်လှဲရာ၌ အမြစ်မှနေ၍ ၁၂ ပေအမြင့်ရှိသော စစ်ကြီးများမှာ တက်ခုတ်ရသဖြင့် အလွန် ဘေးအန္တရာယ်များသော အသက်မွေးဝမ်းကျောင်းတစ်ရပ် ဖြစ်ပေသည်။ ခုတ်လှဲပြီးသော သစ်လုံးများကို နွားများဖြင့်သော်လည်းကောင်း၊ သစ်ဆွဲစက်များဖြင့်သော် လည်းကောင်း အလွန်ကြမ်းတမ်းသော လမ်းတစ်လျှောက် မြစ်ဆိပ်သို့အရောက် ဆွဲလာရသည်။ မြစ်ဆိပ်တွင်လည်း ရေတက်စောင့်၍ လိုရာသင်္ဘောဆိပ်မြို့သို့ ယူဆောင်သွားရလေသည်။ ဤမျှ ရှားပါး၍ ခက်ခက်ခဲခဲ ယူဆောင်လာရသော မဟောဂနီသားသည် တန်ဖိုးများလှသောကြောင့် အိမ်ထောင်ပရိဘောဂများ ပြုလုပ်ရာတွင် ယင်းကိုချည်း သက်သက်မသုံးနိုင်ကြချေ။ ပါးလွှာသော အချပ် များဖြစ်အောင် ခွဲစိတ်၍ အခြားသစ်အပေါစားများပေါ်ထပ်၍ ထပ်သစ်အဖြစ် အသုံးပြုကြလေသည်။

မဟောဂနီသားသည် ကျစ်လျစ်မာကြော၍ နှစ်ပေါင်းများစွာ လှပသော အရွက်အကြောများ ရှိသောကြောင့် အိမ်ထောင် ပရိဘောဂများနှင့် အခြားအိမ်တွင်းသုံး ပစ္စည်းများ ပြုလုပ်ရာ၌ များစွာ တန်ဖိုးထားကာ အသုံးပြုကြ လေသည်။ နဂိုအသားရောင်မှာ လှပသော နီညိုရောင်ဖြစ်သောကြောင့် အရောင်ဆီတင်ရန်ပင် များစွာ မလိုလှချေ။ ရေစိုခံနိုင်သည့်ပြင် ကျုံ့မဝင်တတ်သောကြောင့် မဟောဂနီသားကို လှေငယ်များ ဆောက်လုပ်ရာ၌လည်း အသုံးပြုကြလေသည်။[၁] မဟော်ဂနီအသီးကို သွေးတိုးကျဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)