မဟာဗောဓိစေတီတော်(ပုဂံ)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မဟာဗောဓိစေတီတော်(MahaBodhiZedi)[ပြင်​ဆင်​ရန်​]

မဟာဗောဓိစေတီတော်ကို ခရစ် ၁၂၁၅-ခုနှစ်တွင် နားတောင်းများမင်း (ခေါ်) ဇေယျသိင်္ခမင်း (ခေါ်) ထီးလိုမင်းလိုမင်းကြီး တည်ထားကိုးကွယိခဲ့သည်။ မဟာဗောဓိစေတီတော်မှာ ပုဂံမြို့ရိုးအတွင်း ဗူးဘုရား၏ အရှေ့တောင်ဘက်တွင် ကိန်းဝတ်တော်မူလျက်ရှိသည်။

မဟာဗောဓိစေတီတော်သည် ပုဂံတစ်ဝိုက်ရှိ အခြားဂူဘုရားများနှင့်မတူ တစ်မူထူးခြားလျက်ရှိသည်။ အောက်အခြေခံတွင် ကုလားကျောင်းပုံသဏ္ဌာန် မနိမ့်မမြင့်ခံပြီး ပစ်ရမစ်သဏ္ဌာန် အထက်သို့ ရှူးတက်နေသည်။ မူလလက်ရာမှာ ထီးတော်မပါဘဲ ကွမ်းတောင်ထိပ်တွင် စွန်ကုတ်များဖြင့် ဖရုံတုံးသဏ္ဌာန် ထုပိကာတည်မျိုးတည်းသာ ရှိခဲ့သော်လည်း နှောင်းလူတို့သည် ယိုယွင်းပျက်စီးသည်တို့ကို ပြုပြင်ရင်း ကွမ်းတောင်ထိပ် စေတီငယ်နှင့် ထီးတော်တို့ကို ထပ်မံတည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။

နားတောင်းများမင်း၏ နန်းစံ လေးနှစ်မြောက်တွင် မင်းကြီးအား မဇ္ဈမဒေသမှ ဓာတ်တော်မွေတော်များနှင့် မဟာဗောဓိပင် အရပ်၌ တည်ထားကိုးကွယ်သော စေတီတော်ပုံ ထုလုပ်ထားသည့် ပုံတော်စေတီတော် တစ်ဆူကို ဆက်သခဲ့သည်။ မင်းကြီးသည် လွန်စွာနှစ်သက် အားရတော်မူ၍ ထိုပုံတော်အတိုင်း ဓာတ်တော်မွေတော်များကို ဌာပနာ၍ စေတီတစ်ဆူ တည်ပြီး မဟာဗောဓိဟု သမုတ်ခဲ့ကြောင်း ယုံကြည်ကြလျက်ရှိသည်။ စေတီတော်ပတ်ဝန်းကျင်၌ ဗုဒ္ဓဂယာ မဟာဗောဒိအရပ်၌ တည်သော သတ္တဌာနကဲ့သို့ သတ္တဌာန စေတီ ခြောက်ဆူ ဝန်းရံ၍ တည်ထားတော်မူသည်။

ထို့ကြောင့် ပုဂံ မဟာဗောဓိစေတီကို ဖူးမျှော်ကြရသူတိုင်း အိန္ဒိယနိုင်ငံ၊ ဗီဟာရ်ပြည်နယ် ဂယာအနီးရှိ မြတ်စွာဘုရား သစ္စာလေးပါး သ်မြင်တော်မူပြီး ဗုဒ္ဓအဖြစ်ရောက်တော်မူရာ နေရာဌာနဖြစ်သည့် ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကို ဖူးနေရသည်ဟုပင် အောက်မေ့တတ်ကြသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ပ-တွဲ) ၂၀၀၃-ခု၊ ဇန်နဝါရီလထုတ်