မလေး ကျွန်းဆွယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပသျှူးကျွန်းဆွယ်[ပြင်​ဆင်​ရန်​]

မြန်မာတို့က ပသျှူးကျွန်းဆွယ်ဟု အသိများသော မလေးကျွန်းဆွယ်ရှိ မာလာယုပြည်ထောင်စုသည် ၁၉၅၇ ခုနှစ်တွင် ဗြိတိသျှဓနသဟာယအဖွဲ့ဝင် အချုပ်အချာ အာဏာပိုင်နိုင်ငံဖြစ်လာသည်။ ၁၉၆၃ ခုနှစ်တွင် မာလာယုပြည်ထောင်စု၊ စင်ကာပူ၊ ဆာရာဝပ်နှင့် ဆားဗား(ယခင်ဗြိတိသျှမြောက်ဗော်နီယို) တို့ကို စုပေါင်းလျက် မလေးရှားပြည်ထောင်စုနိုင်ငံဟု ဖွဲ့စည်းလိုက်လေသည်။

မလ္လာယုကျွန်းဆွယ်[ပြင်​ဆင်​ရန်​]

မာလာယု ကျွန်းဆွယ်ကို မြန်မာတို့ ယခင်က ပသျှူးကျွန်းဆွယ်ဟူ အခေါ်များသည်။ မာလာယုကျွန်းဆွယ်သည် အာရှတိုက်၏ အရှေ့တောင်ဖက်အဖျားဖြစ်သည်။ မာလာယုကျွန်းဆွယ်ဟူ၍ တွင်သော ဒေသသည်ကား မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့မှခပ်သွယ်သွယ်လျားလျား ဆက်လာကာ အရှေ့တောင်ဖက်သို့ ကွေ့ဝင်ပြီးလျှင် အဖျားတုတ်သွားသောဒေသတစ်လျှောက်ဖြစ်၏။ သွယ်လျားသောအပိုင်းသည် ယိုးဒယားနိုင်ငံတွင်ပါဝင်သည်။ တုတ်သော အဖျားပိုင်းသည် မလေးရှားပြည်ထောင်စုဖြစ်၏။ ထိပ်ဖျားတွင် စင်္ကာပူကျွန်းတည်ရှိသည်။ မလက္ကာရေ လက်ကြားသည် မာလာယုကျွန်းဆွယ်၏ အနောက်ဖက်ကမ်းခြေကို ဆူမတြားကျွန်းမှ ခြားထားသည်။ ကျွန်းဆွယ်၏ အရှေ့ဖက်တွင် တောင်တရုတ်ပင်လယ် ရှိ၏။ မာလာယု ကျွန်းဆွယ်၏ ကမ်းရိုးတန်း တစ်လျှောက်သည် မိုင် ၁ဝဝဝ ကျော်ရှည်သည်။ မာလာ ယု ကျွန်းဆွယ်သည် မြောက်မှတောင် သို့ အလျားမိုင် ၉ဝဝ ခန့် ရှိသည်။ အကျည်းဆုံးနေရာတွင် ၄၅ မိုင် မျှသာရှိ၍၊အကျယ်ဆုံး နေရာတွင် မိုင် ၂ဝဝ ရှိ၏။ မာလာယု ကျွန်းဆွယ်တစ်လျှောက် သွယ်တန်းနေသော တောင်စဉ် တောင်တန်းသည် ကျွန်းဆွယ်၏ ကျောရိုးသဖွယ်ရှိကာ အချို့တောင်တို့သည် မြောက်မှ တောင်သို့ အလျားလိုက် တည်ရှိ၏။ အမြင့်ပေ ၆,ဝဝဝ ကျော်သော တောင်ထွတ်များစွာရှိကာ အမြင့်ဆုံးများမှာ ၇,၁၈၅ ပေ မြင့်သော ဂူနုန်(တောင်) တဟန်နှင့် ၇,၁၅၉ ပေမြင့်သော ဂူနုန်ကာဗောတို့ ဖြစ်၏။ ရာပေါင်း များစွာသော မြစ်များသည် တောင်များမှ မြစ်ဖျားခံကာ ဘင်္ဂလားအော်ထဲသို့ လည်းကောင်း၊ ယိုးဒယား ပင်လယ် ကွေ့ထဲသို့ လည်းကောင်း၊ မလက္ကာ ရေလက်ကြားထဲသို့ လည်းကောင်း စီးဝင်သည်။ သို့သော် အရေးပါအရာရောက်ဆုံး မြစ်များမှာ အနောက်ဖက်သို့ စီးဆင်းသော ပီရက်နှင့်အရှေ့ဖက်သို့ စီးဆင်းသော ပဟန်မြစ်များ ဖြစ်၏။ မာလာယုကျွန်းဆွယ် ကမ်းရိုးတန်း၏ အနောက်ဖက်တွင် အဆက်မပြတ် ဆိုသလို ပေါက်ရောက်နေသော လမုတောနှင့် လတာပြင်ကို တွေ့နိုင်ပေသည်။ အချို့နေရာများတွင် ကမ်းဘေး၌ အုန်းပင်နှင့်ထင်းရှူးပင်များပေါက်လျက်ရိသော ပင်လယ်အော်များကို တွေ့ ရ၏။ ကမ်းရိုးတန်း၏ အရှေ့ဖက်တွင်မူ သဲများ အဆက်မပြတ် ပြန့်ဖြူးစွာရှိကာ လှိုင်းများ ပုတ်ခတ်လျက် စိမ်းလန်းသော သစ်ပင်များ ပေါက်ရောက်သောကြောင့် သဘာဝရှုခင်း လှပရာ၌ အပူပိုင်းဒေသတွင် မနှိုင်းသာသော ဒေသတစ်ခုပင် ဖြစ်၏ ။ မာလာယုကျွန်းဆွယ်၏ အနောက်ဖက်ရှိ ကဒါနယ် အလွန် တွင်ရှိသော လန်ကာဝီကျွန်း၊ ယင်း၏ တောင်ဖက်လှမ်းလှမ်းရှိ ပီနန်ကျွန်းဆွယ်ပိုင် ရေပြင်တွင် ပါဝင်သော ရှုခင်းလှပရာ၌ အပူပိုင်းဒေသတွင် မနှိုင်းသာသော ဒေသတစ်ခုပင်ဖြစ်၏။ မာလာယုကျွန်းဆွယ်ပိုင် ရေပြင်တွင်ပါဝင်သော ကျွန်းများမှာ ကျွန်းဆွယ်၏ အနောက်ဖက်ရှိ ကေဒါနယ် အလွန်တွင်ရှိသော လန်ကာဝီကျွန်း၊ ယင်း၏တောင်ဖက်လှမ်းလှမ်းရှိ ပီနန်ကျွန်း တို့အပြင် အရှေ့ဖက်ကမ်းရိုးအလွန်ရှိ တိုင်အိုမန်နှင့် အခြား ကျွန်းဆွယ်ကလေးများဖြစ်၏။ မာလာယုကျွန်းဆွယ်ရှိ ရာသီဥတုမှာ တစ်နှစ်ပတ်လုံး ပူအိုက်၏။ ကမ်းရိုးတန်းရှိ မြေပြန့်တွင် နှစ်စဉ် မိုးရေချိန် လက်မ ၁ဝဝ ခန့် ရွာသွန်း၍ တောင်တန်းဒေသဖက်တွင် ယင်းထက် တစ်ဆပိုသည်။ ကျွန်းဆွယ်၏ ၅ ပုံ ၄ ပုံတွင် ထူထပ်သော သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိ၏။ ယင်းသစ်တော်တို့မှ အက်ဗနီသစ်၊ ကျွန်း သစ်၊ စန္ဒကူး၊ ပရုတ်နှင့် အခြားတန်ဖိုရှိသော သစ်များရရှိ၍ ယင်းတို့သည် မာလာယုကျွန်းဆွယ်တွင် အရေးပါ အရာရောက် သော သဘာဝပစ္စည်းများဖြစ်ကြ၏။ ရော်ဘာခေါ် ကော်ဖတ်မှာ အဓိက ထွက်ကုန်ပစ္စည်းဖြစ်၏။ အခြား သစ်စေးနှင့် သစ်ဆီများလည်း ထွက်၏။ မာလာယုကျွန်းဆွယ်တွင် သံဖြူ၊ သံရိုင်း၊ ကျောက်မီးသွေးနှင့် တန်စတင်အစရှိသော သယံဇာပစ္စည်းများ ထွက်၍ သံဖြူမှာ အရေး ပါအရာရောက်ဆုံးဖြစ်၏။


မလ္လာယုကျွန်းဆွယ်၏ များသော အပိုင်းဖြစ်သည့် တောင်ဖက် အဖျားပိုင်းတွင် မလ္လာယု ပြည်ထောင်စုနိုင်ငံ တည်ရှိသည်။ ဂျိုဟိုး၊ ကေဒါ၊ ကေလန်တန်၊ နက်ဂရီ ဆင်ဗီလန်၊ ပဟန် ၊ ပီရတ် ၊ ပါလစ် ၊ ဆေလန်ဂေါ်၊ တြင်ဂနုမည်သော ပြည်နယ်များကိုစု၍ ဖွဲ့စည်းထားသော မလ္လာယု ပြည်ထောင်စုနိုင်ငံသည် ဗြိတိသျှဓန သဟာယအဖွဲ့ဝင် လွတ်လပ်သည့် နိုင်ငံတစ်ခု ဖြစ်၏။ မလ က္ကာနယ်နှင့် ပီနန်တို့လည်း မလ္လာယု ပြည်ထောင်စု နိုင်ငံတွင် ပါဝင်သည်။ မလ္လာယု ပြည်ထောင်စုသည် အကျယ်အဝန်း အားဖြင့် စတုရန်း မိုင်၅ဝ,၆ဝဝ မျှ ရှိ၏။ မြို့တော်မှာ ကွာလာလွမ်ပူမြို့ဖြစ်၍ တြင်ဂနု ပြည်နယ်တွင် တည်ရှိသည်။ အခြား မြို့ကြီးများမှာ ပြည်နယ်များ၏ရုံးစိုက်မြို့များ ဖြစ်သော ဂျော့တောင်း၊ မလက္ကာ၊ အီပိုး၊ ဆေရင်ဗန်၊ ကွာလာလစ်ပစ်၊ ဂျိုဟိုးဗာရု၊ အာလောစတား၊ ကိုတဗာရု၊ ကန်ဂေါ၊ ကွာလာ၊ တြင်ဂနုမြို့များဖြစ်၏။ အားလုံးခြုံ၍ ကြည့်လိုက်လျှင် မလ္လာယုကျွန်းဆွယ်တွင် မလေးလူမျိုး ဦးရေက တရုတ်လူမျိုး ဦးရေထက်ပိုပေသည်။ သို့သော် ပီနန်၊ ဆေလန်ဂေါ်၊ ပီရတ် ၊ နက်ဂရီ ဆင်ဗီလန်နှင့် ဂျိုဟိုး ပြည်နယ်များတွင်မူ တရုတ်လူမျိုး ဦးရေက မလေးလူမျိုးဦးရေထက် ပိုလေသည်။ ကေဒါ၊ ကေလန်တန်နှင့် တြင်ဂနု ပြည်နယ် ၃ ခုတွင်ရှိသော လူဦး ရေမှာ မလ္လာယုကျွန်းဆွယ်ရှိ လူဦးရေ၏ တစ်ဝက်ဖြစ်၏။ မလ္လာယု ပြည်နယ်တွင် အိန္ဒိယ လူမျိုး အမြောက်အမြားနှင့် ဥရောပတိုက်သား အနည်းငယ်ရှိသည်။ မလ္လာယု ကျွန်းဆွယ်၏ စုစုပေါင်း လူဦးရေမှာ ၄,၉၁၆,၉၉၃ ယောက်ဖြစ်သည်။ မလ္လာယု ပြည်ထောင်စုတွင် အရေးးပါ အရာရောက်သော သဘာဝပစ္စည်းတို့မှာ (ရော်ဘာ)နှင့် သံဖြူတို့ဖြစ်၏။ ဧကပေါင်း ၃,ဝဝဝ,ဝဝဝ မျှမှာ ကော်ဖတ်ခြံများဖြစ်၏။ ဧက ၁,ဝဝဝ,ဝဝဝ မျှကို လယ်ယာစိုက်ပျိုးသည်။ ထိုပြင် အုန်းပင်များစိုက်ပျိုး၍ အုန်းဆီထုတ်သည်။ နာနတ်ပင်များကို အကြီးအကျယ် စိုက်ပျိုး၍ လက်ဖက်ပင် ၊ ကွမ်းသီးပင် ၊ ကာဖီ၊ ပီလောပီနံဥ၊ ဆေးရွက်နှင့်ဟင်းခတ်အမွှေးအကြိုင်များဖြစ်သော ငရုတ်၊ ချင်း၊ နနွင်းအစရှိသည်တို့ကိုလည်း အသင့်အတင့် စိုက်ပျိုးသည်။ ကန်စွန်းဥ၊ မြေပဲပင် ၊ပြောင်းတို့ကိုလည်း အများအပြား စိုက်၍ ငှက်ပျောမှာ သီးစားပင်တွင် ရှေ့တန်းမှပါဝင်သည်။ မြန်မာတို့ အလွန် ကြိုက်နှစ်သက်သောဒူးရင်းသီးနှင့် မင်းကွတ်သီး ပေါက်ရောက်ရာ ဒေသလည်းဖြစ်၏။ စတုရန်းမိုင် ၁၂ဝဝဝ မျှသော ကြိုးဝိုင်းသစ်တောများမှ ပြည်တွင်းသုံးအတွက်နှင့် ပြည်ပသို့ ရောင်းချရန်အတွက် သစ်များကို ရရှိသည်။ လယ်ယာစိုက်ပျိုးရေးတွင် ကျွဲကို အထူးသဖြင့် အသုံးပြုသည်။

နွား၊ ဆိတ်၊ ဝက်အများအပြားနှင့် သိုးအသင့်အတင့် ရှိ၏။ မလ္လာယုပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် သံဖြူရိုင်း အများဆုံးထွက်ရာ ဒေသဖြစ်၏။ ပီရတ်၊ ဆေလန်ဂေါ်၊ ပဟန်၊ နက်ဂရီဆင်ဗီလန်တို့တွင် အများဆုံး ထွက်လေသည်။ ဆေလန်ဂေါ် ပြည်နယ် ဗတူအရန်တွင် ကျောက်မီးသွေး အနည်းငယ်မျှထွက်သည်။

ပဟန်ပြည်နယ်မှ ရွှေထွက်၍ ပီရတ်နှင့် ဆေလန်ဂေါ်တွင် လည်း အနည်းငယ် ထွက်သည်။ ထိုပြင် ပီရတ်၊ ဂျိုဟိုး၊ ကေလန်တန်နှင့်တြင်ဂနုမှ သံရိုင်း၊ ပီရတ်မှ တန်စတန်ရိုင်း၊ ကေဒါ၊ တြင်းဂနှင့် ပဟန်မှ ဝူးဖရမ်မိုက်များထွက်သည်။ ဗောက်ဆိုက်နှင့် မန်ဂနိတို့မှာလည်း စီးပွားရေးတွင် အရေးပါသော တွင်းထွက်ပစ္စည်းများဖြစ်၏။ မလ္လာယုနိုင်ငံ တွင် တူးဖော်ရရှိသော သံရိုင်း အများကို ပီနန်တွင်ကျို၍ ကျန်သံရိုင်းတို့ကို စက‡ာပူတွင် ကျိုသည်။ ပီနန်မြို့နှင့် စက‡ာပူမြို့တို့တွင် ကော်ဖတ်ပြားများ လုပ်သော စက်ရုံများ ရှိ၏။ ကလံနှင့်ကွာလာလွမ်ပူမြို့များတွင် စက်ဘီးတာယာများ ပြုလုပ်သည်။ မလ္လာယုနိုင်ငံ နေရာ အများအပြားတွင် ရော်ဘာဖိနပ်အလုပ်ရုံများနှင့်အုန်းဆီစက်၊ ဆပ်ပြာစက်၊ သစ်စက် အမြောက်အမြား ရှိလေသည်။

လမ်းပန်း ဆက်သွယ်ရေးအားဖြင့်လည်း မလ္လာယု ပြည်ထောင်စုသည် လွယ်ကူမှု ရှိသည်။ မော်တော်ကားလမ်း မိုင်ပေါင်း၆ ဝဝဝ၊ မီးရထားလမ်း မိုင်ပေါင်း ၆၈ဝ ရှိသည့်အပြင် ပြည်တွင်းပြည်သို့ လေကြောင်းခရီးလည်း ပေါက်ရောက်လေသည်။

မလ္လာယုကျွန်းဆွယ်သည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရန် သွားရာလမ်းကြောင်းတွင် တည်ရှိသည့် အတွက် ကြောင့် နှစ်ရာပေါင်း များစွာကတည်းက အရေးပါသော အချက်အခြာ ဒေသဖြစ်ခဲ့၏။ ရှေးအခါက ကျွန်းဆွယ်၏ အတွင်းဖက်၌ နေထိုင်သူနည်းပါးလှ၏။ ကရာကျွန်းဆက်နှင့် မလက္ကာ ရေလက်ကြား ကမ်းရိုးတန်းတစ်လျှောက် တွင်သာ နေထိုင်ကြ၏။ ခရစ် ၁၄ဝဝပြည့်နှစ်တွင် မလေးလူမျိုးတို့သည် မလက္ကာ ဆိပ်ကမ်းမြို့ကို တည်ထောင်ခဲ့၏။ မလက္ကာ ဆိပ်ကမ်းမြို့သည် ဘင်္ဂလားအော်နှင့် တောင်ပိုင်းတရုတ် ပင်လယ်တို့ အကြားတွင် သွားရာ လမ်းကြောင်းကို ချုပ်ကိုင်ခဲ့သောကြောင့် ကုန်သွယ်ရေးတွင် အရေးပါ၍ တန်ခိုးထွားခဲ့ပေသည်။ ၁၅၁၁ ခုနှစ်တွင် မလက္ကာမြို့ကို ပေါ်တူဂီ လူမျိုးတို့က သိမ်းပိုက်လိုက်သည်။ ပေါ်တူဂီ လူမျိုးတို့သည် မလက္ကာကို မိမိတို့စီးပွားရေးအတွက်သာ အရေးထားလျက် မလ္လာယုကျွန်းဆွယ်ရှိ အတွင်းပိုင်း အခြားဒေသများကို လျစ်လျူရှုခဲ့ပေသည်။ ၁၆၄၁ ခုနှစ်၌ ဒပ်ချလူမျိုးတို့ သိမ်းပိုက်ပြီး နောက်ပိုင်းတွင် မလက္ကာသည် အရေးမပါတော့ဘဲ ရှိ၏။ ၁၈ ရာစုနှစ် နောက်ပိုင်းလောက်တွင်မှ ဗြိတိသျှတို့သည် မလ္လာကျွန်းဆွယ်ကို စိတ်ဝင်စားလာပြီးနောက် ရောက်ရှိလာကြသည်။ ခရစ် ၁၇၈၆ ခုနှစ်တွင် ဗြိတိသျှတို့သည် ပီနန်ကျွန်းကိုဝယ်ယူပြီးလျှင် ၁၈ဝဝ ပြည့်နှစ်တွင် မလ္လာယုပြည်မရှိ ပရောဗင့်ဝက်စလီခေါ် နယ်မြေကို လွှမ်းမိုးကြီးစိုးခွင့် ရခဲ့၏။ ဥရောပတိုက်၌နပိုလီယန် စစ်ပွဲများဖြစ်ပွားခဲ့စဉ်က နပိုလီယန်က ဒပ်ချ နိုင်ငံကို ဝင်စီးသောအခါ ဗြိတိသျှတို့က အရှေ့အိန္ဒိယရှိ ဒပ်ချကျွန်းစုများကိုသိမ်းပိုက်လိုက်၏။ ဒပ်ချလူမျိုးတို့က ဒပ်ချကျွန်းစုများကို ပြန်လည်ရရှိချိန်၌ ယင်းကျွန်းစုကို အုပ်ချုပ်ခဲ့သော ဘုရင်ခံ ဆာစတမ်းဖို့ရက်ဖဲက ဗြိတိသျှတို့အဖို့ မလ္လာယုကျွန်းဆွယ်သည် မည်မျှ အရေးပါကြောင်းတင်ပြခဲ့၏။ ခရစ် ၁၈၁၉ ခုနှစ်တွင် ဂျိုဟိုးပြည်နယ် စူလတန် ဘုရင်ထံမှ စင်္ကာပူကျွန်းကို ဗြိတိသျှ တို့ဝယ်ယူရန် ဆာစတမ်းဖို့ရက်ဖဲကပင် စီစဉ်ပေးခဲ့သည်။ ဒပ်ချတို့က ကန့်ကွက်ခဲ့သော်လည်း၊ ၁၈၂၄ ခုနှစ်တွင် ရေလက်ကြားတွင် လွတ်လပ်စွာ ကူးသန်းသွားလာခွင့် စသည့် အခွင့်အရေးများနှင့် အလဲအလှယ်ပြုကာ မလက္ကာကိုဒပ်ချတို့ထံမှ ရယူခဲ့ပြန်လေသည်။ ဗြိတိသျှ တို့သည် မလ္လာယုကျွန်းဆွယ်တွင် ပီနန် - ဝက်စလီ ၊ စင်္ကာပူနှင့် မလက္ကာ မည်သော ၃ ဌာနတွင် ဦးစွာ ခြေကုပ်လျက် နောင်သော်ကား စထရိတ်စက်တယ်မင့် အမည်ဖြင့် ကိုလိုနီထူထောင်ခဲ့လေသည်။ထိုနောက် အနှစ် ၅ဝ မျှ ဗြိတိသျှ တို့သည် စင်္ကာပူကို အာရုံစိုက်၍ ပြုစုပျိုးထောင်သည်။ ပြည်မတွင် ်ရှိ မွတ်စလင်ပြည်နယ် ၉ နယ်၌ ပြည်တွင် အုပ်ချုပ်ရေးတွင် ဝင် ်စွက်ခြင်းကို နည်းနိုင်သမျှ နည်းစေသည်။ ၁၈၆၉ ခုနှစ်၌ ဆူးအက် တူးမြောင်းကို ဖွင့်လှစ်သော အခါ ဥရောပနှင့် အာရှတိုက် အရှေ့တောင်ပိုင်းရှိ နိုင်ငံများသည် ရောင်းရေးဝယ်တာ ဖွံ့ဖြိုးလာပြီးလျှင် မလ္လာယုကျွန်းဆွယ်တွင်လည်း သံဖြူလုပ်ငန်းနှင့် ကုန်သွယ်ရေးသည် အရေးပါလာ၏။ သံဖြူ တွင်းများသည် ကျွန်းဆွယ်၏ အတွင်ပိုင်းတွင်ရှိရကား ဗြိတိသျှတို့ သည် သက်ဆိုင်ရာနယ်ပယ်ဒေသတွင်း၌ နိုင်ငံရေးအားဖြင့် ဩဇာ လွှမ်းမိုးရန် လိုကြောင်း သိမြင်သဖြင့် ပီရတ်၊ ဆေလန်ဂေါ်၊ နက်ဂရီဆင်ဗီလန်နှင့် ပဟန်ပြည်နယ်များမှ အုပ်ချုပ်သူတို့နှင့် အုပ်ထိန်းကွာယ်ရေး စာချုပ်ရေးထိုးကြ၏။ ၁၈၉၅ ခုနှစ်တွင် အဆိုပါ ပြည်နယ် ၄ ခုကို ပေါင်း၍ စုပေါင်းပြည်နယ်များဟု အဓိပ္ပါယ်ရသောဖက်ဒရိတ်တက် မလေးစတိတ်ဟု ဖွဲ့စည်းခဲ့ရာ ကွာလာလွမ်ပူမှာ မြို့တော်ဖြစ်လာ၏။


ပြည်နယ် ရုံးစိုက်မြို့များတွင်ရှိသော ဗြိတိသျှ ကိုယ်စားလှယ်တော် ်တို့သည် သက်ဆိုင်ရာအစိုးရ၏ ဝါဒများကိုကွပ်ကဲလျက် စီးပွားရေး အခွင့်အလမ်းများကိုလည်း ကာကွယ်ပေးခဲ့၏။ မလ္လာယု ပြည်နယ်များမှ စူလတန် ဘုရင်တို့သည် မိမိတို့နယ်သူ နယ်သားများ၏ အယူဝါဒရေးနှင့် လူမှုရေးကိစ္စများတွင်လည်း ဩဇာအပြည့် ရှိသည်မဟုတ်ပေ။ မလေးလူမျိုးတို့သည် လယ်ယာ စိုက်ပျိုးခြင်းနှင့် ငါးဖမ်းခြင်းများဖြင့်သာ အသက်မွေးလျက် မိမိ ိတို့တွင် ပိုလျှံသမျှကို သံဖြူတွင်းများ၌ လာရောက်လုပ်ကိုင်ကြသော တရုတ်နှင့်အခြားအလုပ်ကြမ်းသမားတို့ကို ရောင်းချ၏။ ကြာသော် ပြည်နယ်အများတွင် တရုတ်နှင့် အိန္ဒိယ အမျိုးသား အလုပ်သမား တို့၏ဦးရေမှာ မလေးတို့ထက်ပင် ပိုလာခဲ့လေသည်။ ကျန်ပြည်နယ်များဖြစ်သော ဂျိုဟိုး၊ ကေလန်တန်၊ တြင်ဂနု၊ ကေဒါနှင့် ပါလစ်တို့မှာ မစုပေါင်းသော ပြည်နယ်များဟု အဓိပ္ပါယ်ရသော အန်ဖက်ဒရိတ်တက် မလေးစတိတ်ဟူ၍ တွင်၏။ ဤဒေသများသည် စီးပွားရေးကောင်းသော ရပ်ကွက်များ မဟုတ် ဘဲ တိုင်းရင်း မလေးလူမျိုး လူဦးရေ ပိုများသည်။ စူလတန် ဘုရင် ်များသည် လုံးဝ လွတ်လပ်မှု ရှိသည်ဟုဆိုရငြားလည်း ဗြိတိသျှ အရာရှိများသည် သူတို့၏ အခွင့်အရေးများကို ကာကွယ်မှုအတွက် အစိုးရကိစ္စများတွင် ဝင်ရောက်စွက်ဖက်သည်။ ကော်ဖတ်စိုက်ပျိုးခြင်း လုပ်ငန်းကို မလ္လာယု ကျွန်းဆွယ်တွင် ၁၈၉ဝ ပြည့်နှစ်ခန့်ကမှစတင် ပြုလုပ်သည်။ ဤသို့ ပြုရခြင်းမှာ စီးပွားရေး အားဖြင့် ကာဖီပင်ကို မစိုက်ပျိုးသာသောကြောင့် ရော်ဘာကို အစား ထိုးခြင်းဖြစ်၏။ ဗြိတိသျှတို့သည်။ အစသော်မလေး လူမျိုးတို့ကို စိုက်ခင်းများတွင် ငှားရမ်း အသုံးပြုခဲ့သော်လည်း အိန္ဒိယပြည် ်တောင်ပိုင်းမှ အိန္ဒိယ အမျိုးသား အလုပ်သမားများကို ခေါ်ယူ အသုံးပြုခြင်းက ပို၍ အကျိုးရှိကြောင်း သိလာခဲ့လေသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တို့သည် ယိုးဒယားနိုင်ငံမှနေ၍ မလ္လာယု ကျွန်းဆွယ်အတွင်း ချဉ်းနင်း ဝင်ရောက်လျက်၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့၏။ ဗြိတိသျှ၊ ဩစတြေးလီယန်နှင့် အိန္ဒိယတပ်များက ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်ခဲ့သော်လည်း အရေးနိမ့်ခဲ့၍၊ ဂျပန်တပ်များသည် လျင်မြန်စွာ ရှေ့သို့တိုး၍ ချီတက်လာခဲ့ရာ၊ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ တွင်မဟာမိတ်တပ်များအားလုံးကို စင်္ကာပူသို့ ဆုတ်ခွာစုရုံးနေခဲ့ ကြရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စင်္ကာပူ၌ လက်နက်ချအညံ့ခံခဲ့ရ၏။ ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ဂျပန်တို့လက်နက်ချခဲ့ပြီးနောက် ဗြိတိသျှတပ်များက မလ္လာယုကျွန်းဆွယ်ကို ပြန်လည် သိမ်းပိုက်ခဲ့၏။ ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် မလ္လာယုပြည်နယ်များနှင့် ဗြိတိသျှပိုင် ပီနန်နှင့် မလက္ကာတို့ကို စုပေါင်းလျက် မလ္လာ ယုပြည်နယ်စု ဟူ၍ ဖွဲ့စည်းရန် စီမံကိန်းတစ်ရပ် ထုတ်ပြန်ခဲ့၏။ ထိုစီမံကိန်းနှင့်စပ်လျဉ်း၍ မလေး လူမျိုးတို့က မလ္လာယုကျွန်းဆွယ် တွင် အမြဲတမ်းနေထိုင်လျက်ရှိသော အိန္ဒိယနှင့် တရုတ်လူမျိုးတို့ကို တန်းတူ နိုင်ငံသားအဖြစ် ထားရှိသဖြင့် မိမိတို့ တိုင်းရင်းသားများ သည် လူနည်းစုဖြစ်သွားရသည်ဟု ကန့်ကွက်ခဲ့၍၊ စူလတန်များက လည်း မိမိတို့၏ အခွင့်အာဏာ များစွာ ဆုံးရှုံးသည်ဟု ကန့်ကွက် ခဲ့သည်။ ဤသို့ဖြင့် စီမံကိန်းသစ်တစ်ခု ရေးဆွဲကာ ယခင် ကြံရွယ်ထားသော ပြည်နယ်များနှင့်ပင် မလ္လာယု ပြည်ထောင်စု ကို ၁၉၄၈ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့၏။ ထိုအစီအမံအရ စူလတန်များသည် အခွင့်အာဏာ ပိုမိုရရှိခဲ့၍၊ ဗြိတိန်ကကာကွယ် ရေးနှင့် ပြည်ပရေးရာတို့ကို ကြိုးကိုင်ထားခဲ့သည်။ ၁၉၄၈ ခုနှစ်၌ တည်ထောင်သော မလ္လာယုပြည်ထောင်စုတွင် ပြည်ထောင်စုသား ဖြစ်မြောက်ရေးအတွက် ပိုမိုတင်းကြပ်သော စည်းကမ်းချက်များကို သတ်မှတ် ထားခဲ့၏။ ပြည်ထောင်စုကို ဗြိတိသျှအစိုးရက ခန့်ထားသော မဟာမင်းကြီးသည် ဥပဒေ ပြုကောင်စီနှင့် အမှုဆောင် ကောင်စီများ၏ အကူအညီဖြင့် အုပ် ချုပ်လေသည်။ ပြည်ထောင်စုရှိ တရုတ်ကွန်မြူနစ်တို့သည် အုပ်ချုပ်ရေး အသစ်ကို သဘောမကျမကျေနပ်ကြဘဲ ဆူပူလှုပ်ရှား ခဲ့ကြ၏။ ရဲဖက်က သူတို့အား အရေးယူကာ လိုက်လံ ဖမ်းဆီး သောအခါ တောခိုပြီးလျှင်ဂျပန်တို့အား တိုက်ခိုက်ခဲ့သည့်နည်းတူ ဗြိတိသျှနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော တရုတ်လူမျိုးတို့ကို တိုက်ခိုက်သည်။


ဗြိတိသျှတို့သည် ကွန်မြူနစ် မဟုတ်သော တရုတ် လူမျိုးတို့အား နိုင်ငံရေးတွင်ရော အလုပ်သမား ရေးရာတွင်ပါ ကိုယ်ထိလက်ရောက် ပါဝင် ဆောင်ရွက်ရန် အားပေး၏။ တရုတ်ကွန်မြူနစ်တို့က ငွေရေး ကြေးရေးနှင့် စားနပ်ရိက္ခာအတွက် အကူအညီအဓမ္မ တောင်းခံခြင်း မပြုနိုင်စေရန် ယင်းတို့ကို လုံခြုံသော ရပ်ကွက်တွင် နေရာချထားပေး၏။ စစ်ဖက်နှင့် ရဲဖက်မှ အရေးယူ ဆောင်ရွက်ခဲ့ သောကြောင့် တရုတ်ကွန်မြူနစ်တို့သည် ပြောက်ကျားတပ်သား ၃,ဝဝဝ မျှသာရှိသည်အထိလျော့သွားသည်။ ယင်းတို့သည် ယိုးဒယားနယ်စပ်အနီးတွင် ခိုအောင်း၏။ ကိုရီးယား စစ်ပွဲအတွင်း က ကော်ဖတ်နှင့် သံဖြူဈေးကောင်းလာ၍ မလ္လာယုသည် စီးပွား ရေး နာလန်ထူလာသဖြင့် သူပုန်တို့ကို နှိမ်နင်းနိုင်လာ၏။ ကွန်မြူနစ်တို့ ဆူပူသောင်းကျန်းမှုကြောင့် ၁ဝ နှစ်ကျော် တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့ရလင့်ကစား ပြည်ထောင်စုသည် ကိုယ်ပိုင် အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးစခန်းသို့ လျင်မြန်စွာ ချီတက်ခဲ့၏။ ၁၉၅၇ ခုနှစ် ဩဂုတ်လတွင်မလ္လာယုပြည်ထောင်စုသည် ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် အချုပ်အချာ အာဏာပိုင်သော နိုင်ငံအဖြစ်သို့ ရောက်ရှိလာလေသည်။ ၁၉၆၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှ အစပြု၍ ၊ မလ္လာယု ပြည်ထောင်စု၊ စင်္ကာပူ၊ ဆရာဝပ်နှင့် ဆားဗား (ယခင်ဗြိတိသျှ မြောက်ဗော်နီယိုနယ်) တို့ကို စုပေါင်း၍ မလေးရှား ပြည်ထောင်စု နိုင်ငံဟူ၍ ဖွဲ့စည်း တည်ထောင်လိုက်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)