မလေးရှား လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၃၇၀

ဝီကီပီးဒီးယား မှ
မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၃၇၀
ပျောက်ဆုံးနေသော လေယာဉ် 9M-MRO ကို ၂၀၁၁ ခုနှစ်တွင် ချားလ်ဒီဂေါလ် လေဆိပ်တွင် တွေ့ရပုံ
ပျောက်ဆုံးခြင်း ဖြစ်စဉ်အကျဉ်း
နေ့စွဲ၂၀၁၄၊ မတ်လ ၈ ရက်
အကျဉ်းချုပ်ပျောက်ဆုံးခြင်း
ဖြစ်ပျက်ရာနေရာမသိ
ခရီးသည်၂၂၇
လေယာဉ်အမှုထမ်း၁၂၁၂
လေယာဉ်အမျိုးအစားဘိုးအင်း ၇၇၇-၂၀၀ER
လေကြောင်းလိုင်းမလေးရှား လေကြောင်းလိုင်း
လေယာဉ်မှတ်ပုံတင်အမှတ်9M-MRO
လေယာဉ်ဦးတည်ပျံသန်းရာပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်

မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် ၃၇၀ (MH370/MAS370) မှာ ကွာလာလမ်ပူမြို့ မှ ပေကျင်းမြို့သို့ ပုံမှန်ပျံသန်းသော ခရီးသည်တင် လေယာဉ် ခရီးစဉ် ဖြစ်ပြီး စတင်ပျံသန်းပြီး တစ်နာရီ မပြည့်မီ ၂၀၁၄၊ မတ်လ ၈ ရက် မလေးရှားစံတော်ချိန် မနက် ၁ နာရီ ၂၀ မိနစ်တွင် တွင် လေကြောင်းထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည်။ မနက် ၇ နာရီ ၂၄ မိနစ်တွင် မလေးရှား လေကြောင်းလိုင်းမှ လေယာဉ်ပျောက်ဆုံးနေကြောင်း ကြေညာခဲ့သည်။ ဘိုးအင်း ၇၇၇-၂၀၀ER လေယာဉ်သည် မလေးရှား လေယာဉ်အမှုထမ်း ၁၂ ဦး နှင့် နိုင်ငံပေါင်း ၁၄နိုင်ငံမှ ခရီးသည် ၂၂၇ ဦးကို တင်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံပေါင်းစုံမှ စုပေါင်းရှာဖွေမှုမှာ သမိုင်းတွင် အကြီးမားဆုံး နှင့် အကုန်အကျ အများဆုံး ဖြစ်ခဲ့ပြီး ထိုင်းပင်လယ်ကွေ့ နှင့် တောင်တရုတ်ပင်လယ်ပြင်မှ စတင်ခဲ့သည်။ ရက်အနည်းငယ် အကြာတွင် ရှာဖွေမှုကို မလက်ကာ ရေလက်ကြား နှင့် ကပ္ပလီပင်လယ်သို့ တိုးချဲ့ခဲ့သည်။ မတ်လ ၁၅ ရက်တွင် စစ်ဖက်သုံး ရေဒါမှ အချက်အလက် နှင့် လေယာဉ်နှင့် အင်မားဆက် ဂြိုဟ်တု အကြား ရေဒီယိုလှိုင်း ထုတ်လွှင့်မှုတို့ကို အခြေခံ၍ စုံစမ်းစစ်ဆေးသူများက လေယာဉ်သည် သူ၏ ဦးတည်ရာ လမ်းကြောင်းမှ သွေဖည်ပြီး အနောက်ဘက်သို့ ဦးတည်ကာ မလေးကျွန်းဆွယ်ကို ဖြတ်သန်း၍ အနောက်ဘက် နှင့် မြောက်ဘက် လမ်းကြောင်းများ အတိုင်း ၇ နာရီကြာမျှ ပျံသန်းသွားခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။ ထိုအခါ တောင်တရုတ်ပင်လယ်ပြင်တွင် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့သည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ရှာဖွေရေး ပြောင်းလဲရာတွင် ဩစတြေးလျ ရေကြောင်း အန္တရာယ်ကင်းရှင်းရေး အာဏာပိုင် အဖွဲ့မှ ရှာဖွေမှုကို ဦးဆောင်ခဲ့သည်။ မတ်လ ၂၄ရက်နေ့တွင် ဗြိတိသျှ လေကြောင်း မတော်တဆမှု စုံစမ်းရေး အဖွဲ့နှင့် အင်မားဆက်တို့မှ သီးသန့် ခွဲခြမ်းစိတ်ဖြာမှု အရ လေယာဉ်သည် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျောက်ဆုံးသွားကြောင်း မလေးရှာ အစိုးရမှ အတည်ပြုခဲ့သည်။ ဧပြီလ၏ ပထမ ၂ ပတ်တွင် လေယာဉ် နှင့် သင်္ဘောများတွင် လေယာဉ် ဘလက်ဘောက်စ်မှ တည်နေရာ ထုတ်လွှင့်မှုကို ဖမ်းယူနိုင်မည့် ကိရိယာများကို တပ်ဆင်ကာ ထောက်လှမ်းခဲ့သည်။ ဧပြီလ ၆ ရက်နှင့် ၈ ရက် အတွင်းတွင် အတည်မပြုနိုင်သော အချက်ပြထုတ်လွှင့်မှု ၄ ခုကို ဖမ်းယူ ရရှိခဲ့ပြီးနောက်တွင် ဘက်ထရီကုန်ခမ်း သွားသဖြင့် ဆက်လက် ထုတ်လွှင့်မှု မပြုတော့ဟု ယုံကြည်ရသည်။ မေလ ၂၈ ရက်တိုင်အောင် စက်ရုပ် ရေငုပ်သင်္ဘောများကို အသုံးပြု၍ ထိုနေရာတွင် ဆက်လက် ရှာဖွေခဲ့သော်လည်း ပျက်စီးမှု အစိတ်အပိုင်းများကို မတွေ့ရှိခဲ့ပေ။

အတည်ပြုနိုင်သော လေယာဉ်ပျက်စီးမှု အပိုင်းအစနှင့် လေယာဉ်ပျက်ကျသည့် နေရာ ကို မတွေ့ရှိခဲ့သဖြင့် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တရားဝင်မဟုတ်သော သီအိုရီများ ထွက်ပေါ်လာခဲ့သည်။ လေယာဉ်နှင့် ဂြိုဟ်တိုတို့၏ ဆက်သွယ်မှုကို ခွဲခြမ်းစိတ်ဖြာမှု အရ လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ အတွင်း ပျက်ကျသွားကြောင်း ကောက်ချက်ချခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ဩစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက်ဘက် မိုင် ၁၂၀၀ (၂၀၀၀ ကီလိုမီတာ) အကွာတွင် ၂၃,၀၀၀ စတုရန်းမိုင် (၆၀,၀၀၀ စတုရန်းမိုင်) ခန့် ကျယ်ဝန်းသော ရှာဖွေမည့် နေရာ အသစ်ကို ကြေညာခဲ့ပြီး ၂၀၁၄ ခုနှစ် ဩဂုတ်လ မှ စတင်ကာ ၁၂ လ ကြာမျှ ကြာမြင့်၍ ဩစတြေးလျ ဒေါ်လာ သန်း ၆၀ ( အမေရိကန် ဒေါ်လာ ၅၆သန်း) မျှ ကုန်ကျမည့် ရှာဖွေမှု အသစ်ကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း ပျောက်ဆုံးလေယာဉ်၏ မည်သည့်အစိတ်အပိုင်းကိုမျှ မတွေ့ရှိခဲ့ရပေ။ ထိုရှာဖွေမှုအား ဩစတြေးလျက ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် ဆိုင်းငံ့ခဲ့သည်။ လိုက်ပါသွားသော မိသားစုဝင်များမှ ဖိအားပေးမှုများကြောင့် မလေးရှားအစိုးရဟောင်းသည် ထိုလေယာဉ်အား ပြန်လည်ရှာဖွေရန်အတွက် အမေရိကန် ရေအောက်ရှာဖွေရေးကုမ္ပဏီ Ocean Infinity နှင့် သဘောတူညီချက်ရယူခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. "ပျောက်ဆုံးလေယာဉ် MH370 အား ရှာဖွေမှုကို လာမည့် ရက်ပိုင်းအတွင်း အဆုံးသတ်မည် ဟု ရှာဖွေရေး ကုမ္ပဏီ ပြောကြား"၊ Eleven Media Group၊ May 30, 2018။