မန်းတင်

ဝီကီပီးဒီးယား မှ

မန်းတင် (၁၉၁၆ - ၁၉၉၇)[ပြင်ဆင်ရန်]

မန်းတင်
အမည်ရင်းဦးထွန်းတင်
မွေးဖွား(1916-11-11)၁၁ နိုဝင်ဘာ၊ ၁၉၁၆
မန္တလေးမြို့
ကွယ်လွန်၁၉ ဧပြီ၊ ၁၉၉၇(1997-04-19)
ရန်ကုန်မြို့
ကလောင်အမည်မောင်ပြုံးချို ဖိုးလုံး ပေါက်စ
အိမ်ထောင်ဖက်ဒေါ်သန်းတင်

လက်မှတ်

ကိုယ်ရေး ဖြစ်စဉ်[ပြင်ဆင်ရန်]

၁၉၁၆ - ခု၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးမြို့၌ အဖကုန်သည် ဦးကံကြီး၊ အမိဒေါ်ဖွားကြီးတို့က မွေးဖွားသည်။ အမည်ရင်း ဦးထွန်းတင်ဖြစ်သည်။ ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းများတွင် စတင်ပညာသင်ခဲ့သည်။ ၁၉၂၇ - ၁၂-နှစ်သားအရွယ်တွင် မိဘများကွယ်လွန်သဖြင့် ဖခင်ဘက်မှ ဆွေမျိုးများ၏ ထောက်ပံ့စောင့်ရှောက်မှုဖြင့် အင်္ဂလိပ်၊ မြန်မာစာသင်ကျောင်းများတွင် ဆက်လက်ပညာသင်ခဲ့သည်။

၁၉၃၅ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှ စာစတင်ရေးခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ၁၀-တန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ဆက်တက်ခဲ့သည်။ (၁၉၃၈ - ၃၉) တက္ကသိုလ်ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ ၁၉၃၈ - ၃၉ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့၍ ခေတ္တကျောင်းထုတ်ခံရသည်။

၁၉၄၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရပြီး ရန်ကုန်တက္ကသိုလ်တွင် အချိန်ပိုင်း နည်းပြဆရာ လုပ်နေစဉ် ဒုတိယကမ္ဘာစစ် ဖြစ်ပွား၍ မိသားစုနှင့်အတူ မြောင်းမြသို့တိမ်းရှောင်ခဲ့သည်။ မော်လမြိုင်မြို့နယ်ပိုင် ဦးဘသန်း၏ သမီးဖြစ်သူ ဒေါ်သန်းတင်နှင့် အိမ်ထောင်ကျသည်။

၁၉၄၂ ခုနှစ် မြောင်းမြ မြို့ရှိ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ထုတ်ဝေသော မြစ်ဝကျွန်းပေါ် သတင်းစဉ်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ထို့နောက် ရန်ကုန်စစ်ရုံးချုပ်၌ စစ်သားစုဆောင်းရေးနှင့် သတင်းဖြန့်ချိရေး တာဝန်ကို ထမ်းဆောင် ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းသောအခါ အုပ်ချုပ်ရေးဘက်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် သာယာဝတီခရိုင်၌ အလုပ်သင် မြို့ပိုင် အဖြစ် အမှုထမ်းရင်း ဖက်ဆစ်တော်လှန်ရေး၌ မင်းလှမြို့နယ်မှ ပါဝင်ခဲ့သည်။

၁၉၄၅ ခုနှစ် ဗြိတိသျှ အုပ်ချုပ်ရေးတွင် သာရဝေါ၊ စစ်ကွင်း၊ သာယာဝတီ၊ လက်ပံတန်း နယ်တို့၌ မြို့ပိုင်အဖြစ် တာဝန်ထမ်းဆောင်စဉ် သာယာဝတီမှထုတ်ဝေသော မြန်မာ့တက်လမ်းသတင်းစာကို တာဝန်ယူပြီး တည်းဖြတ်ခဲ့သည်။ ဆရာမန်းတင်သည် အောက်ပါတာဝန်များကို ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရခါနီးတွင် ရခိုင်တိုင်းသို့ သက်သာချောင်ချိရေးအရာရှိအဖြစ် ခေတ္တသွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။

  • ငြိမ်းချမ်းရေး ဝန်ထမ်းမှူး (၁၉၅ဝ)၊
  • သမဝါယမမဂ္ဂဇင်း အယ်ဒီတာ (၁၉၅၁)၊
  • မတ္တရာနယ်ပိုင် (၁၉၅၁ - ၅၂)၊
  • ကျောက်ဆည် မြို့မ ဝန်ထောက်နှင့် ငွေတိုက်အရာရှိ (၁၉၅၂)၊
  • ဒုတိယအတွင်းဝန် (လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဝန်ကြီး ဌာန) (၁၉၅၆ - ၅၈)၊
  • သာယာဝတီ ခရိုင်ဝန် (၁၉၅၈ - ၅၉)၊
  • ဒုတိယ အတွင်းဝန် (လယ်ယာနှင့် သစ်တော) (၁၉၆ဝ)၊
  • အမှုဆောင် အရာရှိချုပ် (မြေယာ ကျေးလက် ကြီးပွား တိုးတက်ရေး ကော်ပိုရေးရှင်း) (၁၉၆၁ - ၆၄)၊
  • အတွင်းဝန် (ပြန်ကြားရေး) (၁၉၆၄ - ၆၉)၊
  • ဧရာဝတီ တိုင်းမင်းကြီး (၁၉၆၉ - ရ၂)၊
  • ပြည်နယ် ဦးစီးမှူး (အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ ရှမ်းပြည်နယ်) (၁၉၇၂ - ရ၄)၊
  • ဦးဆောင်ညွှန်ကြားရေးမှူး (သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်း) (၁၉၇၄ - ရ၅)၊
  • ပါကစ္စတန်နှင့် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၁၉၇၅ - ရ၈)၊ ၁၉၇၈ ခုနှစ်တွင် သံအမတ်ကြီး ရာထူးမှ အငြိမ်းစား ယူခဲ့သည်။


၁၉၇၉ ခုနှစ်တွင် စာပေဗိမာန် အုပ်ချုပ်ရေး အဖွဲ့ဝင်၊ အမျိုးသား စာပေစိစစ်ရေး အဖွဲ့ဝင်၊ စွယ်စုံကျမ်း စိစစ်ရေး ဥက္ကဋ္ဌ၊ စာပေလုပ်သားဥက္ကဋ္ဌတို့ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် တာဝန်မှ အနားယူခဲ့သည်။


နိုင်ငံခြားခရီးများ အနေနှင့် (၁၉၅၂) တွင် ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်ပြည်၊ ၁၉၅၆ တွင် အိန္ဒိယနိုင်ငံ၊ ၁၉၅၈ တွင် အမေရိကန်နိုင်ငံကနေဒါနိုင်ငံ၊ ၁၉၆၄ တွင် ဂျပန်၊ ၁၉၆၆ တွင် အမေရိကန်နိုင်ငံများသို့ လေ့လာရေး သွားရောက်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၉၇ ခုနှစ်၊ ဧပြီလ ၁၉ ရက် နံနက် ၉ နာရီ ၂၄ မိနစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ သမီးဖြစ်သူမှာ မစန္ဒာ ဖြစ်သည်။ ၁၉၄၅-မှ ၁၉၉၄ ခုနှစ်အထိ လုံးချင်းဝတ္ထု ၂၆ အုပ်ထုတ်ဝေခဲ့သည်။ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်။ ၀ဏ္ဏကျော်ထင်ဘွဲ့ နှင့် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ် ရရှိခဲ့သည်။ ကလောင်ခွဲများမှာ မောင်ပြုံးချို၊ ဖိုးလုံး၊ ပေါက်စ ဖြစ်သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ထိုသုံးနှစ် - ၁၉၄၆ ခုနှစ်
  2. ပြုံးတမဲ့မဲ့ - ၁၉၄၇ ခုနှစ်
  3. အနိုင်မခံ - ၁၉၄၈ ခုနှစ်
  4. ဖရိုဆို (ဘာသာပြန်) - ၁၉၄၉ ခုနှစ်
  5. ဇင်းဒါး အကျဉ်းသား (ဘာသာပြန်)(ပ-တွဲ၊ ဒု-တွဲ၊ သီးခြားစီ) - ၁၉၅ဝ ပြည့်နှစ်
  6. ဇင်းဒါး အကျဉ်းသား (ဘာသာပြန်)(ပ-တွဲ၊ ဒု-တွဲ၊ စုပေါင်း) - ၁၉၆၆-ခုနှစ်၊ ၁၉၈၄-ခုနှစ်
  7. တောင်လေသွေးတော့ (ဘာသာပြန်) - ၁၉၅၂ ခုနှစ်၊ ၁၉၆၅-ခုနှစ်
  8. မော်စကိုမှ ရန်ကုန်သို့ (စာပေဗိမာန်ဆုရ) - ၁၉၅၆ ခုနှစ်
  9. ကိုဖိုးလုံး - ၁၉၅၆ ခုနှစ်
  10. လယ်ယာမြေ - ၁၉၅၇ ခုနှစ်၊ ၁၉၅၈-ခုနှစ်
  11. ကောက်သိမ်းချိန် (ဘာသာပြန်) - ၁၉၅၉ ခုနှစ်
  12. မြို့ပိုင် မောင်ပြုံးချို - ၁၉၆၃- ခုနှစ်၊ ၁၉၆၉-ခုနှစ်
  13. နယ်ပိုင်မောင်ပြုံးချို - ၁၉၆၃ ခုနှစ်၊ ၁၉၆၉-ခုနှစ်
  14. အမြင်သစ် (ဘာသာပြန်) - ၁၉၆၅ ခုနှစ်
  15. ဂျူးလိယက်ဆီဇာ (ဘာသာပြန်) (အမျိုးသား စာပေဆု) - ၁၉၆၆ ခုနှစ်
  16. ပထမအရွယ် - ၁၉၇ဝ ပြည့်နှစ်
  17. ဘဝဟူသည် တိုက်ပွဲ (ဘာသာပြန်) - ၁၉၇၄ ခုနှစ်
  18. မောင်ပြုံးချို၏ ဘဝအထွေထွေ - ၁၉၇၅ ခုနှစ်
  19. မောင်ပြုံးချို၏ ဆောင်းပါးအထွေထွေ - ၁၉၇၅ ခုနှစ်
  20. မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ - ၁၉၇၆ ခုနှစ်
  21. ဒုတိယအရွယ် - ၁၉၈၆ ခုနှစ်၊ ၁၉၉ဝ ပြည့်နှစ်
  22. ပြည်သူ့ကြားမှ ပြည်သူ့ဝန်ထမ်း တဦး (A People's Servant Among the People) (အင်္ဂလိပ် - မြန်မာ တွဲလျက်) - ၁၉၉၄ ခုနှစ်
  23. မီးလျှံနှင့် ရေသီတာ (ဘာသာပြန်) - ၁၉၇၆ ခုနှစ်
  24. မြ - ၁၉၅ဝ ပြည့်နှစ်
  25. သံကြီးတမန်ကြီး - ၁၉၈၅ ခုနှစ်
  26. သံအမတ်ကြီး (ဘာသာပြန် နှစ်တွဲ) - ၁၉၉ဝ ပြည့်နှစ်

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ်က "မန်းတင် (၁၉၁၆ - ၁၉၉၇)"