မာဒရစ်မြို့

ဝီကီပီးဒီးယား မှ
(မဒရစ်မြို့ မှ ပြန်ညွှန်းထားသည်)

မာဒရစ်မြို့သည် ဥရောပတိုက်အနောက်တောင် ဘက် အစွန်းတွင် တည်ရှိသော စပိန်နိုင်ငံ၏ မြို့တော်ဖြစ် ၏။ စပိန်ဘာသာဖြင့် မားသရိဟုခေါ်၏။ မာဒရစ်မြို့သည် စပိန်နိုင်ငံ၏ အလယ်ဗဟိုဒေသ မန်းသာနာရေးမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိ၍ ကုန်းပြင်မြင့်ပေါ်တွင် ဖြစ်၏။ ယင်းကုန်းပြင်မြင့်သည် ပင်လယ်ပြင် ထက် ပေ ၂၁၅ဝ မြင့်၏။ မာဒရစ်မြို့သည် စပိန်နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသောကြောင့် မြေထဲပင်လယ်၊ အတ္တလန္တိတ် သမုဒ္ဒရာဗစ္စကေးပင်လာအော်တို့နှင့် အကွာအဝေးချင်း ညီမျှပေသည်။

မာဒရစ်မြို့

၉ ရာစုနှစ်ဦးပိုင်းက မာဒရစ်သည် မူးဝါးလူမျိုးတို့၏ ပိုင်နယ်သိုလေသို၏ နယ်စပ်တွင်ကင်းစောင့် မြို့ဖြစ်၏။ ရှေးအခါက ကြီးကျယ်ခမ်းနားသော မြို့ကြီး မဟုတ်ခဲ့စေကာမူ ယခုအခါတွင် ခေတ်မီသော မြို့ကြီးတစ်မြို့ ဖြစ်နေပေပြီ။ မာဒရစ်မြို့တွင် နေထိုင်လျက် ရှိသော လူဦးရေ သည် ၁၉၆ဝ ပြည့်နှစ် ခန့်မှန်းခြေအရ ၂ဝဝဝဝဝဝ ခန့်ဖြစ် ၏။ မဒရစ်မြို့၏ ရာသီဥတုသည် မျှတခြင်းမရှိဘဲ အပူဓာတ် အအေးဓာတ် လွန်ကဲပေသည်။

မာဒရစ်မြို့၏ အချက်အချာတွင်ရှိသော ပွားတိုဒေဆော ခေါ် စတုဂံ လူထုပန်းခြံရပ်ကွက်သည် စီးပွားကုန်သွယ် ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းအဝဝ စုဝေးရာဖြစ်၏။ မြို့တွင်းရှိ လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့သည် ယင်း စတုဂံ ဥယျာဉ်မှ ဖြာထွက်လေသည်။ ကမ္ဘာတွင် လှပသော ရိပ်သာများအနက် တစ်ခု အပါအဝင်ဖြစ်သော ပရာဒိုရိပ်သာသည် ပွားတိုဒေဆော၏ အရှေ့ဘက်တွင် တည်ရှိ၏။

ပရာဒိုရိပ်သာ တစ်လျှောက်တွင် ရေပန်းများ၊ အထိမ်းအမှတ် ကျောက်တိုင်များနှင့် ရုပ်တုများရှိလျက် ဖြောင့်မတ်သော သစ်ပင်များကို လမ်းတစ်လျှောက်လုံး တစ်ဖက်တစ်ချက်တွင် စီတန်းစိုက်ပျိုးထားလေသည်။ ပွားတိုဒေဆော၏ အနောက် ဘက်တွင်မူ အမျိုးသား နန်းတော်ရှိ၏။

လက်နက်တိုက်တော်မှာ မာဒရစ်မြို့ရှိ ထင်ရှားသော အဆောက်အအုံများတွင် အပါအဝင်ဖြစ်၏။ ယင်းလက် နက်တိုက် အတွင်းဝယ် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြွယ် ဝသော ရှေးခေတ် လက်နက်ပစ္စည်းများ၊ စစ်ဝတ်တန်ဆာများ ရှိလျက် စပိန်နိုင်ငံ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် နိုင်ငံ ၏ ကျက်သရေဆောင် အဆောက် အအုံပင်ဖြစ်၏။ ထို့ပြင် တဝလည်း ပရာဒိုဟုခေါ်သော ပန်းချီနှင့် ပန်းပုဆိုင်ရာည အမျိုးသား ပြတိုက်သည် စပိန် နိုင်ငံ၏ အနုပညာကို ထင်ရှားစေသည့် ရတနာသိုက်ပင်ဖြစ်၏။ ယင်းပြတိုက်ထဲတွင် ဂိုးယာ၊ ဗေလက်ကတ်၊ မူရီ လျို၊ ရူးဗင်း၊ အယ်ဂရေးကို၊ ဗန်ဒိုက်၊ ရက်ဖီအယ်အစရှိသော အနုပညာရှင် ပန်းချီပန်းပု အကျော်အမော်များ၏ လက်စွမ်းပြ ပန်းချီပန်းပု လက်ရာများ ကို တွေ့နိုင်ပေသည်။


ရေတပ် ပိဋကတ်တိုက်နှင့် အခြားပိဋကတ် ပြတိုက်များလည်း ရှိပေသေးသည်။ ယင်းတို့ကြောင့် မာဒရစ်မြို့သည် ခရီးသည်များ၊ ပညာရှင်များအတွက် အနုပညာ ယဉ်ကျေးမှုနှင့် စပ်လျဉ်း၍ စိတ်ဝင်းစားဖွယ်ရာ ဒေသဖြစ်၏။ မာဒရစ် တက္ကသိုလ်သည် ဥရောပတိုက်၏ အကြီးဆုံးသော တက္ကသိုလ်များတွင် အပါအဝင်ဖြစ်သည်။ မာဒရစ်မြို့ရှိ အော်ပရာဇာတ်ရုံသည် လှပသောကြောင့် ကမ္ဘာတွင် ကျော်ကြားလေ၏။ ပလားဆား ဒေတိုးရိုးခေါ် နွားကစားပွဲရုံသည် ပရိသတ် ၁၃ဝဝဝ ခန့်ဆံ့ သည်။

မာဒရစ်မြို့သည် မီးရထားလမ်းဆုံရာ ဒေသဖြစ်၏။ သို့အားဖြင့် သယ်ယူပို့ဆောင်ရေးတွင် အချက်အချာ ဖြစ်သည်။ ပါရစ်မြို့၊ လစ္စဗွန်းမြို့နှင့် ကျွန်းဆွယ်ပေါ်ရှိ အခြားမြို့ကြီးများ သို့မီးရထားလမ်း ပေါက်၏။ မာဒရစ်မြို့တော်တွင် စက်မှု လက်မှု လုပ်ငန်းအဝဝသည် ခရစ် ၁၈၉ဝ ခုနှစ် နောက်ပိုင်း တွင် အထူးတလည် တိုးတက်လာ၏။ အရေးပါ အရာ ရောက်ဆုံးမှာ သားရေထည်လုပ်ငန်းဖြစ်၍၊ အခြားလုပ်ငန်း များမှာ ယင်တာင်၊ ထီး၊ ဓာတုဗေဒ ပစ္စည်းများ၊ အရောင် တင်ဆေး၊ ကြယ်သီးများ၊ ဖယောင်းတိုင်၊ အိမ်ထောင် ပရိဘောဂ၊ ကြွေထည်၊ ကြွေရည်သုတ်ထည်၊ မီးခြစ်၊ ကော်ဇော၊ ရထားတွဲ၊ ဆေးရွက်ကြီး၊ အရက်၊ ဖော့၊ အထည်အလိပ်များ အစရှိသည် ထုတ်လုပ်သော လုပ်ငန်းတို့ဖြစ်၍ သစ်စက်၊ ဂျုံစက်၊ ဆပ်ပြာစက်၊ အုတ်စက်၊ စက္ကူစက်၊ သားရေရုံ အစရှိသည် တို့လည်း ရှိပေသည်။ လက်ဝတ်ရတနာများလည်း ထွက်၏။ ပုံနှိပ် ထုတ်ဝေရေးလုပ်ငန်းလည်း အရေးပါပေသည်။

မာဒရစ်မြို့သည် သမိုင်းအားဖြင့် ထင်ရှားလှသည် မဟုတ်။ ရောမမြို့၊ ပါရစ်မြို့တို့နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ရောမနိုင်ငံတော် ခေတ်ကောင်းစဉ် အခါက ယခုမဒရစ်မြို့ တည်ရာတွင် လူနေအိမ်ခြေ ရှိမရှိပင် အသေအခြာ မသိရပေ။ ခရစ် ၉ဝဝ ပြည့် နှစ်လွန်နှစ်များတွင် မူးဝါးတို့၏ ကင်းစခန်း တစ်ခုကို ယခု မာဒရစ်မြို့တည်ရာတွင် တွေ့ရပေသည်။

နှစ်ပေါင်း ၁ဝဝဝ ကျော်ခန့်က မူးဝါးတို့လက်မှ စပိန်လူမျိုး တို့က သိမ်းယူလိုက်သော်လည်း ခရစ် ၁၅ဝဝ ပြည့်နှစ်အထိ မထင်ရှားသေးပေ။ ခရစ် ၁၆၉၁ ခုနှစ်တွင် ဒုတိယ ဖိလစ် ဘုရင်က မာဒရစ်မြို့ကို မင်းနေပြည်အဖြစ် ရွေးချယ်လိုက်၏။ ဤသို့ရွေးချယ်ခြင်းမှာ စပိန်နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသည်က တစ်ကြောင်း၊ ထို့ပြင် အနီးတစ်ဝိုက်တွင် တောလည်ထွက်ရန် ကောင်းသော တောစခန်းများလည်း ရှိသောကြောင့် ဖြစ်၏။ မာဒရစ်မြို့သည် နိုင်ငံ၏ အလယ် ဗဟိုတွင် တည်ရှိရုံမှတစ်ပါး အခြားကောင်းခြင်း အင်္ဂါမရှိပေ။

ဤသို့အားဖြင့် အကျိုးမရှိကြောင်းကို တွေ့ရှိရသောအခါ ဒုတိယဖိလစ်၏ သားတော်က မြို့တော်ကို ပြောင်းရွှေ့ရန် ကြံစည်ခဲ့သေး၏။ ထို့နောက်ပိုင်းတွင် မဒရစ်မြို့၏ တိုးတက် မှုသည် အလွန်နှေးကွေးခဲ့၏။

နပိုလီယန် စစ်ပွဲအတွင်းက မဒရစ်မြို့ကို ပြင်သစ်တို့ သိမ်းပိုက်ခဲ့၏။ ပြင်သစ်တို့ကို ဒျုဘွဲ့ရ ဝယ်လင်တင်က တိုက်ထုတ်ခဲ့၏။ စပိန်ပြည်တွင်းစစ် အတွင်း (၁၉၃၆-၃၉) က မာဒရစ်မြို့သည် အချိန်အတော်ကြာစွာ ဝန်းရံထားခြင်း ခံရ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားရာ စစ်တလင်းဖြစ်ခဲ့၏။ ၁၉၃၉ ခုနှစ်တွင် ဖရန်ကိုက မြို့တွင်းသို့ဝင်၍ အစိုးရဖွဲ့၏။ ယင်းအချိန်မှသည် ၁၉၅ဝ ပြည့်နှစ်လွန် နှစ်များတိုင်အောင် မြို့ကို ပြန်လည် တည်ဆောက်ခဲ့လေ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)