မက်ခီယာဗယ်လီ

ဝီကီပီးဒီးယား မှ
မက်ခီယာဗယ်လီ

နီကိုလို ဒီ ဘာနာဒို မက်ခီယာဗယ်လီ (Nicolo Di Bernardo Machiavelli)ကို ၁၄၆၉ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီ နိုင်ငံ၊ ဖလောရင့်မြို့၌ မွေးဖွား ခဲ့ပြီး ဖခင်မှာ ဝတ်လုံတော်ရ ရှေ့နေကြီး တစ်ဦး ဖြစ်သည်။ သူသည် လက်တင် စာပေ ကျမ်းဂန်များနှင့် အီတလီ ဂန္ထဝင် စာပေများကို အထူးပြု လေ့လာခဲ့ကာ ၁၄၉၈ ခုနှစ်တွင် ဖလောရင့် သမ္မတနိုင်ငံ အစိုးရအဖွဲ့၌ အမတ်ချုပ်အဖြစ် လည်းကောင်း၊ ဒုတိယ နန်းရေးဝန်အဖြစ် လည်းကောင်း၊ တာဝန် ထမ်းဆောင်ခဲ့သည်။ (ထိုအချိန်က အီတလီနိုင်ငံမှာ မြို့ပြနိုင်ငံပေါင်း များစွာ မစည်းလုံးဘဲ တသီးတခြားစီ ဖြစ်နေသော အချိန်ဖြစ်သည်။ အဓိကကျသည့် မြို့ပြနိုင်ငံတို့မှာ မီလန်၊ရောမ၊နေပယ်လ် နှင့် ဖလောရင့် တို့ဖြစ်သည်။)

မင်းမှုထမ်း[ပြင်ဆင်ရန်]

ထိုနောက်ပိုင်းတွင် မက်ခီယာဗယ်လီသည် အရေးပါသော အစိုးရ ရာထူးများစွာ ခန့်အပ်ခြင်း ခံခဲ့ရသည့် အနက် ၁၅၀၇ ခုနှစ်တွင် ပြည်သူ့စစ်လက်နက်ကိုင်တပ်များ ဖွဲ့စည်းရေး တာဝန်ခံ အဖြစ် ဆောင်ရွက် ခဲ့ရခြင်းမှာ ထူးခြားသည်။ သူ၏ အားတက်သရော တောင်းဆိုချက်အရ ပြည်သူ့ စစ်တပ်ဖွဲ့များ ဖွဲ့စည်းရေးကို တာဝန်ပေးခြင်း ဖြစ်သည်။ သို့သော် သူစုစည်းခဲ့သော ပြည်သူ့ စစ်တပ်ဖွဲ့ များမှာ ၁၅၁၂ ခုနှစ်တွင် ရန်သူ စပိန်တို့နှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် အရေး နိမ့်ခဲ့သောကြောင့် ထိုနှစ်မှာပင် ရာထူးမှ ပြုတ်ကျခဲ့ရသည်။ မကြာမီ အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်သည်ဟု ဆိုကာ ဖမ်းဆီး ညှင်းပန်း ခံရသည်။ နောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်လာခဲ့သည်။

နိုင်ငံရေး တာဝန်ကို ၁၄ နှစ်ကြာမျှ ထမ်းဆောင်ခဲ့စဉ် အတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် သံတမန်ရေး နယ်ပယ်များတွင် အတွေ့အကြုံများစွာ ရရှိခဲ့ပြီးလျှင် အဆိုပါ အတွေ့အကြုံများပေါ်တွင် အခြေပြု၍ အငြိမ်းစာ ဘဝတွင် ကျမ်းများစွာပြုစုခဲ့သည်။ ထိုကျမ်းများအနက် ရာဇနိတိကျမ်း(The Prince)သည်အထင်ရှားဆုံးဖြစ်သည်။


ရာဇောဝါဒကျမ်း (The Prince)[ပြင်ဆင်ရန်]

“မင်းသား” ခေါ် The Prince ကျမ်းကို ၁၅၁၃ ခုနှစ်တွင် စတင် ရေးသားပြီး ၁၅၁၆ ခုနှစ်တွင် အပြီး သတ်ခဲ့ ကာ ထိုကျမ်းငယ်ကို ဖလော့ရင့်၏ အာဏာပိုင်ဖြစ်သူ လော်ရင်ဇိုဒေမက်ဒီစီ (Lorenzo De Medici) ထံ ရွှေနားတော်သွင်း ပေးပို့ခဲ့သည်။ မက်ခီယာဗယ်လီက မက်ဒီစီထံသို့ ပေးစာတွင် “အခွင့်အရေးကို မျှော်ကိုးသူတို့သည် မိမိပိုင်ဆိုင်သော အဖိုးတန် ပစ္စည်းများကို ဆက်သခြင်းဖြင့် အရှင်သခင်ထံမှ ဆုလာဘ်များ ရယူလေ့ ရှိကြသည်။ အကျွန်ုပ်သည်လည်း အရှင်ထံသို့ အကျွန်ုပ် တန်ဖိုးထားသော ဤကျမ်းငယ်ကို ဆက်သအပ်သည်” ဟု ကျိုးနွံစွာ ရေးသား ဖော်ပြခဲ့သည်။

“နိမ့်ကျသော အညတရ ကျေးတော်မျိုး ကျွန်တော်မျိုးတစ်ဦးက မင်းစိုးရာဇာများ အနေဖြင့် တိုင်းပြည်ကို မည်သို့မည်ပုံ အုပ်ချုပ်သင့်သည်ဟု တင်ပြ အစီရင်ခံဝံ့ သည်ဟူ၍ မမှတ်ယူပါလင့်။ ရှုမျှော်ခင်း ပန်းချီ ရေးဆွဲသူများသည် တောင်များ၊ ကုန်းမြင့်များကို သဘာဝကျကျ ရေးဆွဲလိုသောအခါ မြေပြန့်လွင်ပြင်သို့ ဆင်းသက်၍ ကြည့်ဘိသကဲ့သို့ တိုင်းသူပြည်သားများ၏ အနေအထားကို အပြည့်အဝ ဖွင့်ဆိုရန် အလို့ငှာ သာမန် တိုင်းသူပြည်သားတစ်ဦး၏ နေရာမှကြည့်ရပါလိမ့်မည်” ဟူ၍လည်း မက်ခီယာဗယ်လီက ရှင်းလင်း တင်လျှောက်ခဲ့သည်။

ထိုကျမ်းကို ဆက်သပြီးနောက် ဖလော့ရင့် မြို့ပြနိုင်ငံ၏ အာဏာပိုင်ဖြစ်သူ မက်ဒီစီ၏ အိမ်တော်သို့ ဖိတ်ကြားခြင်းခံခဲ့ ရသည်။ သူ့အား ပညာရှိသုခမိန် အရာထား၍ နေရာပေးခြင်း ဖြစ်သည်။ ထို့နောက် အရေးမကြီးလှသော ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းဆိုင်ရာ တာဝန်များပေး၍ မက်ခီယာဗယ်လီအား စမ်းသပ် အသုံးပြုပြန်သည်။ သူသည် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတာဝန်ဖြင့် ရောမမြို့သို့လည်း သွားရောက်ခဲ့ရ၍ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံကာ “ဖလော့ရင့်မြို့သမိုင်း” ပြုစုရန် ရဟန်းမင်းကြီးထံမှ ထောက်ပံ့ကြေး ရရှိခဲ့သည်။ မက်ခီယာ ဗယ်လီသည် ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက် ရဟန်းမင်းကြီးအား အကြံပေးခဲ့သော်လည်း ရဟန်းမင်းကြီးက လက်မခံသဖြင့် လက်လျှော့ ခဲ့ရသည်။ ဤတွင် နိုင်ငံရေးနယ်သို့ မက်ခီယာဗယ်လီ ပြန်ဝင်ရန် ကြိုးပမ်းခြင်းမှာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ရန် ကြံရွယ်ခြင်း ဖြစ်လိမ့်မည်ဟု မက်ဒီစီက သင်္ကာမကင်းဖြစ်ပြီး သူ့အား မည်သည့် တာဝန်မျှ မပေးတော့ဘဲ လျစ်လျူရှုထားလိုက်သည်။ ထိုနောက် မက်ခီယာဗယ်လီသည် နာမကျန်းဖြစ်လာကာ ဝမ်းဗိုက်အောင့်သော ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး ၁၅၂၇ ခုနှစ် ဇွန်လတွင် ကွယ်လွန်ခဲ့သည်။ သူ၏ မိသားစုမှာ ဆင်းရဲ ငြိုငြင်စွာ ကျန်ရစ်ခဲ့ ရသည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

မိသားစုရေးရာနှင့် ပက်သက်၍ကား မှတ်တမ်းမှတ်ရာ နည်းပါသည်။ သူသည် ၁၅၀၂ ခုနှစ်တွင် မာရီယက်တာ ကော်ဆီနီနှင့် လက်ထပ်ပြီး ကလေးခြောက်ယောက် ရရှိခဲ့သည်။ ဇနီးသည်က သူ့အပေါ် လွန်စွာ ချစ်ကြင်မြတ်နိုးမှု ရှိသည်။ ၁၅၀၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နေ့စွဲဖြင့် ဇနီးသည်က မက်ခီယာဗယ်လီထံ ပေးစာတွင် ခင်ပွန်းဖြစ်သူအား ချစ်စနိုး ကျီစယ်သော အရေးအသားများကို တွေ့ရသည်။

“ကျွန်မတို့ သားကလေးက ရှင်နဲ့ သိပ်တူတာပဲ။ အသားက နှင်းပွင့် ကလေးလို့ ဖြူလို့။ ခေါင်းမှာလည်း ဆံပင်တွေ သန်လိုက်တာ ကတ္တီပါနက်လို မည်းမှောင်နေတာပဲ။ ရှင့်လိုပဲပေါ့၊ သားကလေးဟာ ရှင်နဲ့တူတယ် ဆိုတော့ ချောတယ်လို့ ပြောရမှာပေါ့နော်” ဟု မာရီယက်တာက ရေးသားခဲ့သည်။ (စင်စစ်အားဖြင့်ကား မက်ခီယာဗယ်လီ သည်ဥပဓိရုပ်ကောင်းသူ မဟုတ်၊ အရပ်မနိမ့်မမြင့်၊ သေးသေးသွယ်သွယ်၊ မျက်လုံးတောက်တောက်၊ ဆံပင်နက်နက်၊ ဦးခေါင်းသေးသေး၊ နှာခေါင်း အနည်းငယ် ကောက်သည်။ နှုတ်ခမ်းကို အမြဲတမ်း တင်းတင်းစေ့ ထားလေးဟန် ရှိသည်။ စူးရှထက်မြက်သော သုတေသီ တစ်ဦး၊ အတွေးအခေါ်ရှင်တစ်ဦး၏ ပုံပန်းမျိုး ဖြစ်သော်လည်း သူတစ်ပါးတို့အား ဩဇာလွှမ်းမိုး သိမ်းသွင်းနိုင်သော အင်္ဂါရုပ်မျိုး မဟုတ်ချေ။)

မက်ခီယာဗယ်လီသည် နိုင်ငံရေးရာများနှင့်သာ နစ်မြုပ်နေ၍ မိသားစုကို အလေးပေးခဲ့ဟန်မရှိ။ စီးပွားဥစ္စာ စုဆောင်းမှုလည်း မရှိခဲ့။ ထို့ကြောင့် မိသားစုမှာ ဆင်းဆင်းရဲရဲဖြင့်ကျန်ရစ်ခဲ့ကြသည်။ သူသည် မိသားစုအတွက် နောက်ဆုံး လိုက်လျောချက်တစ်ခုကိုမှုပြုသွားခဲ့သည်။ ဘာသာရေးရာများကို ပစ်ပယ်ထားသူ ဖြစ်လင့်ကစား သေခါနီးအချိန်တွင် ဘုန်းတော်ကြီး မက်တီယို ထံမှောက်၌ အပြစ်ဖြေသွားခြင်း ဖြစ်သည်။ မက်ခီယာဗယ်လီ ကွယ်လွန်ပြီးနောက် သားဖြစ်သူ ပီယေရိုက ပီဆာမြို့ရှိ သားချင်းတစ်ဦးထံ ရေးသော စာတွင် သူ၏ ဖခင်သည် ဘုန်းတော်ကြီး မက်တီယိုအား သူ၏ အပြစ်ဖြေချက်ကို ကြားနာရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ “ကြားနားခွင့် ပြုသည်”ဟု သုံးနှုန်းထားခြင်းကို ထောက်၍ သူသည် မိသားစုအား ငဲ့ညာ၍ သူ့ဆန္ဒမပါဘဲ ထုံးတမ်းစဉ်လာ တစ်ခုကို နောက်ဆုံး လိုက်လျောခြင်း ဖြစ်သည်ဟု ယူဆရသည်။

မက်ခီယာဗယ်လီ ရှင်သန်ခဲ့သော ခေတ်အခြေအနေ[ပြင်ဆင်ရန်]

သူ အသက်ရှင်သန် လှုပ်ရှားခဲ့သော ခေတ်သည် အီတလီနိုင်ငံ စည်းလုံး ညီညွတ်မှုမရှိသေးဘဲ မြို့ပြနိုင်ငံများ အဖြစ် သူတစ်လူ ငါတမင်း အကွဲကွဲ အပြားပြား ဖြစ်နေသော ကာလ ဖြစ်သည်။

ထိုကာလသည် မြန်မာနိုင်ငံ၌ အင်းဝ (၁၃၆၄-၁၇၅၁) နှင့် ခေတ်ပြိုင် ဖြစ်သည်။ မိုးညှင်းစလုံ နှင့် ၎င်း၏သားဖြစ်သူ သိုဟန်ဘွားတို့ ဝင်ဖျက်သဖြင့် အင်းဝ ပျက်ခါနီး ကာလနှင့် တစ်ချိန်တည်းလောက် ဖြစ်သည်။ အီတလီနိုင်ငံ ဖလော့ရင့်မြို့၌ နိုင်ငံရေးပညာရှင် မက်ခီယာဗယ်လီ ပေါ်ပေါက်ချိန်သည် မြန်မာနိုင်ငံ အင်းဝခေတ်ဦး မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀၀) လက်ထက် နိုင်ငံရေးပညာရှင်ကြီး ဝန်ဇင်းမင်းရာဇာ ပေါ်ထွန်းချိန်နှင့် ယှဉ်လျှင် နှစ် ၁၀၀ ခန့် နောက်ကျသည်။ စာပေ ယဉ်ကျေးမှုကဏ္ဍတွင် အင်းဝခေတ်နှောင်း ဒုတိယ မင်းခေါင် (၁၄၈၀-၁၅၀၁) လက်ထက် ပေါ်ပေါက်ခဲ့သော ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသ စသောပုဂ္ဂိုလ်ထူးများသည် မက်ခီယာဗယ်လီနှင့် ခေတ်ပြိုင် ဖြစ်သည်။ မက်ခီယာဗယ်လီ၏နိုင်ငံရေး ပညာပေးကျမ်း “မင်းသား” သည် ၁၅၁၆ ခုနှစ်တွင် ပြုစုပြီးစီးခဲ့၍ ရှင်မဟာရဋ္ဌသာရ၏ “သံဝရ” ပျို့မှာ ၁၅၂၉ တွင် ပြုစု ပြီးစီးခဲ့သည်။

အီတလီနိုင်ငံ၌ မက်ခီယာဗယ်လီ ကြုံတွေ့ခဲ့ရသော နိုင်ငံရေး အခြေအနေသည် ခရစ်နှစ် ၁၅၂၆ တွင် အင်းဝ ပျက်သုဉ်းပြီးနောက် တိုင်းပြည်ကစဥ့်ကလျား ဖြစ်နေချိန်မျိုးနှင့် ဆင်တူသည်။ အင်းဝတွင် သိုဟန်ဘွား၊ ပြည်မြို့တွင် နရပတိ၊ ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ၊ တောင်ငူတွင် တပင်ရွှေထီးတို့ အသီးသီး တထီးတနန်း စိုးစံ နေကြချိန်ဖြစ်သည်။

မက်ခီယာဗယ်လီသည် သူ့နိုင်ငံအတွက် ရင်နာမိသည်။ ကြေကွဲမိသည်။ ထို့ကြောင့် သူ၏ ဇာတိဌာနေဖြစ်သော ဖလော့ရင့်မြို့နိုင်ငံကို အီတလီ၏ ဗဟိုချက်မ အင်အားကြီး ဒေသ ဖြစ်လာစေပြီး စည်းလုံးညီညွတ်သော သမ္မတနိုင်ငံတော်ကြီး ထူထောင်ချင်သည်။ သူ၏ မျိုးချစ်စိတ်သည် ဖလော့ရင့်ကို မူတည်သော မျိုးချစ်စိတ် ဖြစ်သည်။ ထို့ကြောင့် သူသည် ဖလော့ရင့်မြို့နိုင်ငံကို လတ်တလော အုပ်ချုပ်နေသော အကြီး အကဲအား မင်းသားကျမ်းကို ဆက်သ၍ သူဖြစ်စေချင်သော နိုင်ငံတော် တည်ဆောက်ရေး ပုံစံကို သညာပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျမ်းသည်

(က) ရန်အောင်ကြောင်း လမ်းညွှန်

(ခ) ရာဇပလ္လင် မြဲရေး လမ်းညွှန်များပင် ဖြစ်သည်။


မက်ခီယာဗယ်လီသည် ၁၆ ရာစု အစောပိုင်းကာလ အီတလီနိုင်ငံ၏ ပစ္စက္ခ အခြေအနေများပေါ် မူတည်၍ သူ၏ ကျမ်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။ ထိုကာလသည် အင်အားကြီးသော နိုင်ငံက အင်အားငယ်သော နိုင်ငံကို တရားလက်လွတ် ကျူးကျော်လွှမ်းမိုးလေ့ ရှိသည့် ကာလ ဖြစ်သည်။ ထို့ကြောင့် အင်အား တည်ဆောက်ရေးသည် နိုင်ငံတစ်ခုအတွက် မလွဲမသွေ လိုအပ်ချက် ဖြစ်နေသည်။ ဤတွင် မက်ခီယာဗယ်လီသည် “အရာရာကို အင်အားဖြင့် အောင်စရာ” ဟူသော လုပ်ထုံးကို ဖော်စပ်၍ သူ့အရှင်သခင်အား နည်းပေး လမ်းညွှန် ပြုခဲ့လေသည်။

မက်ခီယာဗယ်လီ အပေါ် အမြင်များ[ပြင်ဆင်ရန်]

“အိမ်ပြန်ခြံဝင်၊ နွားပါလျှင် ပြီးတမ်း”

(မြို့ကျောင်းဆရာဟောင်း ဦးစံထွား၏ လောကီထုပ္ပတ် လူတို့ဇာတ် တတိယစာအုပ် စာမျက်နှာ ၉၃-၉၅ မှစကားလုံး ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက္ခယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉- ၁၅၂၇) ကို အဓိပ္ပာယ် ဖွင့်ဆိုချက် ….အတွေးအမြင် စာစဉ် ၁၉၈၄ ခုနှစ်။)

ဆရာမောင်ဝံသ၏ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ အဘိဓာန် (၁၉၈၂)တွင် အဓိပ္ပာယ်ဖွင့်ချက်[ပြင်ဆင်ရန်]

ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက်ခီယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉-၁၅၂၇) ကို အစွဲပြု၍ မက်ခီယာဗယ်လီ၏ အယူအဆများကဲ့သို့ ခံယူကျင့်ကြံသူ နိုင်ငံရေးသမားများ အတွက် သုံးနှူန်းသော နာမဝိသေသန ဖြစ်သည်။ မက်ခီယာဗယ်လီသည် ၁၅၁၃ ခုနှစ်က ရေးသားစီရင်ခဲ့သော မင်းသားခေါ် (The Prince) ခေါ် ရာဇောဝါဒ လမ်းညွန်းကျမ်းတွင် စိုးမိုးအုပ်ချုပ်မင်းလုပ်မည့်သူများ အတွက်နိုင်ငံရေး တက်လမ်းရှာနည်း၊ နိုင်ငံရေးအာဏာ ခိုင်မြဲအောင်လုပ်နည်းနှင့် အတိုက်အခံများပေါ်တွင် အောင်မြင်နည်းများကို ဖော်ပြထားခဲ့သည်။ နိုင်ငံရေးအတွက် သင့်တော်သလို လုပ်ဆောင်ခြင်းသည် ကိုယ်ကျင့်တရား ကိုယ်ကျင့်သိက္ခာတို့ထက် ပို၍ အရေးကြီးသည်ဟု မက္ခယာဗေလီက ဆိုခဲ့သည်။ ကျင့်သုံးခဲ့သော နည်းလမ်း မှန်မမှန်ကို နောက်ဆုံးအကျိုးသက်ရောက်မှုက အတည်ပြုသည်။ (The ends justify the means) ဟူသည်မှာ မက်ခီယာဗေလီ၏ဩဝါဒပင် ဖြစ်သည်။ နိုင်ငံအာဏာကို ဘယ်နည်းနှင့် ရရ ရလျှင် ပြီးရော၊ တရားသည် ဟူသော အယူအဆ ဖြစ်သည်။

ထို့ကြောင့် မက်ခယာဗေလီ၏ မင်းသားကျမ်းမှ အခြေခံမူများကဲ့သို့ ကျင့်ကြံသူကို နိုင်ငံရေးသမားကို machiavellin politician ဟု သုံးနှူန်းရေးသားလေ့ရှိသည်။ မက်ခီယာဗေလီ ဝါဒ (machiavellism) ဟူ၍လည်း ရံဖန်ရံခါ သုံးနှူန်းကြသည်။

ဆရာမောင်ဝံသ၏ အမြင်[ပြင်ဆင်ရန်]

ယနေ့ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကံဆိုးသူ မက်ခီယာဗယ်လီဘက်မှ တစ်စုံတစ်ယောက်က ရှေ့နေလိုက်၍ ခုခံမည်ဆိုပါလျှင် သူ၏ အမှုသည် ၁၆ ရာစု အစောပိုင်းကာလ ဖလော့ရင့်မြို့၏ နိုင်ငံရေး ပညာရှင်တစ်ဦးသာ ဖြစ်ကြောင်း၊ သူသည် သူ့မြို့(သူ့နိုင်ငံ)၏ အကျိုးစီးပွားအတွက်သာလျှင် စဉ်းစားဆင်ခြင်၍ နိုင်ငံရေး လမ်းညွှန်ကျမ်း ပြုစုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀ ရာစုအစောပိုင်း ကာလတွင် ကမ္ဘာ ပေါ်၌ ပေါ်ပေါက်ခဲ့သော ဝါဒဆိုး၊ စနစ်ဆိုးများနှင့် ယင်းတို့၏ အကျိုးဆက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က အသက်ရှင် နေထိုင်ခဲ့သော မက်ခီယာဗယ်လီနှင့် မသက်ဆိုင်ပါကြောင်း၊ အဏုမြူဗုံးကို ထုတ်လုပ် အသုံးချခြင်းနှင့် အဏုမြူကို စိတ်ဖြာနိုင်အောင် စေ့ဆော်ခဲ့သော စွမ်းအင်နိယာမအား ဖော်ထုတ်ခဲ့သူ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကို ဆက်စပ်၍ စွပ်စွဲချက်တင်မှု မပြုအပ်သကဲ့သို့ မက်ခီယာ ဗယ်လီကိုလည်း နိုင်ငံရေးစနစ်ဆိုးများ၏ မူလအစ လက်သည်းတရာခံ တစ်ဦးအဖြစ် ကမ္ပည်းမထိုးသင့်ပါကြောင်း။ ထိုကြောင့် မက်ခီယာဗယ်လီအား “မသမာစဉ်းလဲသော နိုင်ငံရေးပညာကို ထူထောင်ခဲ့သူ” အဖြစ် တံဆိပ် ကပ်ထာခြင်းမှ ပယ်ဖျက်ပေးသင့်ပါကြောင်း ဟူ၍ ထုချေ လျှောက်လဲလိမ့်မည် ဖြစ်သည်။

၁၉၆၁ ခုနှစ်က အမေရိကန် ပင်ဂွင်းစာအုပ်တိုက်က အင်္ဂလိပ်လို ဘာသာပြန်ဆို သူတစ်ဦးဖြစ်သော ဂျော့ဘူးလ် က သူ၏ ကျမ်းဦးနိဒါန်းရှည်နှင့် မင်းသားကျမ်း ဘာသာပြန်ဆိုချက်ကို ထုတ်ဝေခဲ့တယ်။ သတင်းပညာ အဆင့်ထက် ကျော်လွန်သည်။ မင်းသားကျမ်းကို လေ့လာရာ၌ သတင်းစာပညာကို သုံးသပ် သကဲ့သို့ သုံသပ်လေ့လာခြင်း မပြုလျှင် နားလည်း သဘောပေါက် နိုင်မည် မဟုတ်ဟုပြော။ မက်ခီယာဗေလီ၏ “ရှင်သန်နေသော အတွေးအခေါ်များ” ဟူသော စာအုပ်ကို ပြုစုခဲ့သည့် ကောင့်ကာလိုစဖော်ဇာ ကမူ မက်ခီယာဗယ်လီသည် တစ်ခုတည်း သော အမှားကို ကျူးလွန်းခဲ့၏ ထိုအမှားကား အခြားမဟုတ်။ သူ့ခေတ်သူ့ကာ လ၏ အဇ္ဈတ္တသရုပ်ကို ဖွင့်ဆိုရာ၌ သိလွန်းအားကြီး၊ မှန်လွန်းအားကြီး နေခြင်း ပေတည်း ဟူ၍ သုံးသပ်သည်။

ရည်ညွှန်း[ပြင်ဆင်ရန်]

ကံဆိုးသူ မက်ခီယာဗယ်လီ - ဆရာဦးစိုးသိမ်း စာရေးဆရာ မောင်ဝံသ၊ ဒုတိယအတွေး၊ ၁၉၈၄ ခုနှစ်ထုတ် အတွေးအမြင် စာစဉ် အမှတ်-၂။