ဘွန်ဇိုင်းပင်

ဝီကီပီးဒီးယား မှ
Bonsai at the National Bonsai & Penjing Museum at the United States National Arboretum

ဘွန်ဇိုင်းပင် (သို့) သက်ကြီးပုပင်များ ကိုမျက်မှောက်ကာလတွင် ကမ္ဘာတစ်လွှားမှ သစ်ပင်ပန်းပင်ဝါသနာရှင်များသည် ဘွန်ဇိုင်းပင် (Bonsai) စိုက်ပျိုးခြင်းကိုအာရုံစိုက်လာကြသည်။ ဘွန်ဇိုင်းပင် (ခေါ်) သက်ကြီးပုပင်များ (သို့) သစ်ကျုံ့ပင်များကို စိုက်ပျိုးရာတွင် ကျယ်ဝန်းသောမြေနေရာမလိုအပ်ဘဲ သေးငယ်သောပန်းအိုလေးထဲများတွင် အလွယ်တကူ အဆင်ပြေစွာစိုက်ပျိုးနိုင်သည်။ ပန်းပင်နှစ်သက်မြတ်နိုးသူ ဝါသနာရှင်များအနေဖြင့် မိမိကရိကထခံပြီး နေ့စဉ်ပြုလုပ်စောင့်ရှောက်ဖန်တီးပုံသွင်းထားသော ဘွန်ဇိုင်းပင်ကလေးများကို ဂုဏ်ယူစွာဖြင့် ပီတိဖြာကြည်နူးနိုင်သောကြောင့် ဘွန်ဇိုင်းစိုက်ပျိုးခြင်းသည် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး အပန်းပြေနိုင်သော ဝါသနာဘာဂီတစ်ရပ်လည်းဖြစ်သည်။ ဘွန်ဇိုင်းဆိုသည်မှာ ဂျပန် ဝေါဟာရဖြစ်ပြီး (Bon) ဆိုသည်မှာ ဇောက်တိမ်သောအိုးပြားပြားဟုလည်းကောင်း၊ (Sai) ဆိုသည်မှာ ရှင်သန်နေသောအပင်ကလေးဟု အဓိပ္ပာယ်ရသည်။ တိမ်သောအိုးပြားပြားတွင်အသက်ရှင်နေသောအပင်ငယ်လေးဟုအဓိပ္ပာယ်ရသည်။ ဘွန်ဇိုင်းဆိုသည်မှာ ဂရုတစိုက်ပြုစုစောင့်ရှောက်စိုက်ပျိုးရသောအတတ်ပညာဖြစ်သည်။ အချို့ကပန်းအိုးဖြင့် စိုက်ပျိုးထားသောဘွန်ဇိုင်းပင်ကလေးများကို စွဲစွဲလမ်းလမ်း အမြတ်တနိုးတန်ဖိုးထားပြီး ဂရုတစိုက် ကရိကထခံပြီးပြုစုစောင့်ရှောက်ဖန်တီးပုံသွင်းရသော အတတ်ပညာဟုအနက်အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

ဘွန်ဇိုင်း ရာဇဝင်[ပြင်ဆင်ရန်]

တရုတ်ပြည်မှ ဂျပန်နိုင်ငံသို့စတင်ပျံ့နှံ့လာရောက်ခြင်းဖြစ်သည်။ သို့ရာတွင် မည်သည့်အချိန်ကဘွန်ဇိုင်းရိုးရာဓလေ့ ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်ကို တိတိကျကျမသိရှိရပေ။

သမိုင်းကြောင်းအရ ပန်းအိုးဖြင့် သစ်ပင်စိုက်ပျိုးခြင်းအစပထမဖြစ်ကြောင်းအဆိုရှိခဲ့သည်။ အိုးထဲတွင်သစ်ပင်စိုက်ပျိုးမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀၀ခန့်အကြာအေဒီ ၆ရာစုနှစ်ခန့်တွင် ဘွန်ဇိုင်းပင်ကလေးများစိုက်ပျိုးမှုသည် တရုတ်ပြည်တွင်အစပြုပေါ်ပေါက်ခဲ့သည်။ လူတို့သည် ကျောက်တောင်ကျောက်သားမျက်မှာပြင်များပေါ်တွင် သဘာဝအတိုင်းပေါက်နေကြသည့် အရွယ်အစားသေးငယ်သောအပင်များကို တွေ့ရှိခဲ့ကြသည်။ အရွယ်အစားအားဖြင့်သေးငယ်သော်လည်းသဘာဝအတိုင်းရာသီအလိုက် ဖူးပွင့်သီးပွင့်နေသောအပင်ကလေးများဖြစ်ကြရာ နှစ်သက်သဘောကြသဖြင့်တူးဆွယူငင်လာကြပြီးနေအိမ်များရှိ အိုးထဲတွင်စိုက်ပျိုးကြသည်။ တန်မင်းဆက် (၆၁၈-၉၀၆) လက်ထက်ပန်းချီကားများတွင် ထင်းရှူးပင်များ၊ အုန်းထန်းအနွယ်ဝင်အပင်များ၊ ဝါးပင်များကိုပန်းအိုးထဲတွင်စိုက်ပျိုးထားသော ပုံများကို အစောဆုံးတွေ့ရှိရသည်အထောက်အထားများတွေ့ရှိရသည်။ ဂျပန်လူမျိုးတို့သည် သဘာဝအတိုင်းပေါက်နေသောအပင်များကို အပင်ငယ်ပုံစုံကလေးများနှင့် တူအောင်ဖန်တီးစိုက်ပျိုးခဲ့ကြရာသဘာဝအပင်ငယ်လေးများထက် ရူချင်စဖွယ်ပိုကောင်းလှပေသည်။

ကိုကူဂါဝါးခေတ်[ပြင်ဆင်ရန်]

ကိုကူဂါဝါး (Tokugawa) ခေတ် (၁၆၀၀) တွင်သံကျုံ့ပင်ကလေးများ သို့မဟုတ် သက်ကြီးပုပင်များဟုခေါ်သောဘွန်ဇိုင်းပင်လေးများ ဖန်တီးမှုအတတ်ပညာအတွက် နည်းစနစ်ဥပဒေအသစ်များ ပေါ်ထွန်းလာခဲ့ပြီးဘွန်ဇိုင်းပညာရှင်များနှင့် ဘွန်ဇိုင်းပင်စိုက်ပျိုးမှုအတတ်ပညာသင်ကြားပေးသည့်ကျောင်းများလည်း ပေါ်ပေါက်ခဲ့သည်။

ကမာကူရာခေတ်[ပြင်ဆင်ရန်]

ကမာကူရာခေတ် (၁၁၈၅-၁၃၃၃) ကဘွန်းဇိုင်းရိုးရာဓလေ့စတင်အမြစ်တွယ်ခဲ့ဟန်တူသည်။ ဘွန်ဇိုင်းပင်ကလေးများကိုကျောက်ဆောင်အောက်တွင် တွယ်ကပ်ပေါက်နေဟန်ကိုလှပစွာသရုပ်ဖော်ရေးဆွဲထားသောပုံများကို "ကာဆူဂါဂွန်ဂင်ကင်တီအီမာကီ" ရုပ်ပုံပုရပိုက်များတွေ့နိုင်သည်။ ထိုကမာကူရာခေတ်က စာပေများတွင်လည်း ဘွန်ဇိုင်းအကြောင်းရေးသားထားသည်များကိုလည်းတွေ့ရှိရည်။

အကိုးအကား[ပြင်ဆင်ရန်]

  • Bonsai, A World In Miniature by Junsan Yamamoto
  • မြင့်ဇော်ဟိန်း၏ "ဘွန်ဇိုင်းစိုက်ပျိုးနည်းနှင့် ပြုစုနည်း"
  • မြန်မာ သုတစွယ်စုံ (၂၀၀၇)