ဘောလုံး လူရမ်းကားဝါဒ

ဝီကီပီးဒီးယား မှ

ဘောလုံး လူရမ်းကား ဝါဒ (Football hooliganism) သည် တစ်ခါတစ်ရံ အင်္ဂလိပ်ရောဂါဟု ဗြိတိသျှ မီဒီယာများက ညွှန်းဆို ကြသည်။ ထိန်းမနိုင်သိမ်း မနိုင်သောင်းကျန်းပြီး ဖျက်လိုဖျက်ဆီး လုပ်တတ်ခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် ဘောလုံးအသင်း ပရိသတ်များ၏ ရန်ပွဲများ၊ လက်သရမ်းဖျက်ဆီးခြင်း နှင့် ခြိမ်းခြောက်ခြင်း များတို့ ဖြစ်ကြသည်။ အားပေးသူ ပရိသတ်များ အကြား ဖြစ်ပွားသော ရန်ပွဲများသည် ဘောလုံးပွဲများ မစတင်မီ နှင့် ကျင်းပပြီး အချိန်များ၌ ရဲများ၏ ဖမ်းဆီးခြင်းကို ရှောင်ရှားရန် ဘောလုံးကွင်းနှင့် ဝေးရာ ကြိုတင် ချိန်းဆို ထားကြသော နေရာများတွင် ဖြစ်ပွားတတ်ကြသည်။ သို့မဟုတ်လည်း ၎င်းတို့သည် အားကစားကွင်းထဲတွင် သို့မဟုတ် အားကစားကွင်းအနီးရှိ လမ်းများပေါ်၌ ကောက်ကာငင်ကာ ထပေါက်ကွဲတတ်ကြသည်။ ဘောလုံးလူရမ်းကား ဝါဒတွင် အော်ဟစ်မှုများ၊ ထိုးပွဲကြိတ်ပွဲ အသေးစားများ၊ ကြီးမားသော အုပ်စုလိုက် ပဋိပက္ခရန်ပွဲ များတွင် ဘတ်တံများ၊ ပုလင်းများ၊ ကျောက်ခဲများ၊ ဓားများနှင့် ပစ်စတို ကဲ့သို့သော သေစေနိုင်သော လက်နက်များဖြင့် လုပ်ဆောင်ခြင်းများ အကျုံးဝင်သည်။

တချို့သော ဖြစ်ရပ်များတွင် အားကစားကွင်းတွင်း ရန်ပွဲများသည် ပရိသတ်များ အထိတ်တလန့် ထွက်ပြေးရင်း အကာအရံများ သို့မဟုတ် နံရံများ ပြိုကျသည့်အခါ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွား လေ့ရှိသည်။ အချို့ ပြင်းထန်သော ဖြစ်ရပ်များတွင် လူရမ်းကားများ၊ ရဲများ နှင့် ရပ်ကြည့်သူများ အသတ်ခံရတတ်သည်။ အကြမ်းဖက်ရန်ပွဲ နှိမ်နှင်းရေး ရဲများက မီးသတ်ပိုက်များ၊ ကျည်ကာကားများ နှင့် မျက်ရည်ယိုဗုံးများ အသုံးပြုကာ ကြားဝင် နှိမ်နှင်းပေးရတတ်သည်။

Hooligan firm ဟုခေါ်သော ဘောလုံးအဖွဲ့များ သည် အခြားသော ကလပ်အသင်းများ၏ အားပေးသူများကို တိုက်ခိုက်ရန် နှင့် အတိုက်အခံပြုလုပ်ရန် ဖွဲ့စည်းထား တတ်ကြသေးသည်။ အချို့သော အဖွဲ့များသည် လက်ဝဲနှင့် လက်ယာ နှစ်ဘက်စလုံး ပါဝင်သော နိုင်ငံရေးကိစ္စရပ်များအတွက် ကလပ်အသင်းအား အားပေးထောက်ခံမှု နောက်ကွယ်တွင် အကြမ်းဖက်လှုပ်ရှားမှု လုပ်ခြင်းအားဖြင့် ၎င်းတို့၏ နိုင်ငံရေး အယူဝါဒကို စည်းရုံးဖို့ရန်အတွက် တည်ထောင်ထားခြင်းလည်း ရှိ၏။ အဖွဲ့၏ နိုင်ငံရေးအမြင်သည် အသင်းပရိသတ်အားလုံးကို ကိုယ်စားမပြုပေ။ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ် အစောပိုင်းကာလများတွင် ဗြိတိသျှ ဘောလုံးလူရမ်းကားများ၏ ဝတ်စားဆင်ယင်မှုများသည် ပုံစံပြောင်းလဲလာကြသည်။ ကတုံးပြောင်ပြောင် နှင့် အလုပ်သမားများ ဝတ်ဆင်လေ့ရှိသော အဝတ်အစားများကို ဝတ်ဆင်ခြင်းသည် ရဲများက ဘောလုံးလူရမ်းကားများ အဖြစ် သတိထားမိစေသည့်အတွက် ယင်းအစား ဒီဇိုင်နာများ ချုပ်လုပ်ပေးသော အဝတ်အစားများနှင့် ဈေးကြီးသော အားကစားဝတ်စုံဆန်းများကို ဝတ်ဆင်လာကြသည်။

ဘောလုံးလူရမ်းကားများ အကြောင်းကို I.D., The Firm, Cass, The Football Factory, Green Street,Rise of the Footsoldier နှင့် Awaydays စသော ရုပ်ရှင်ဇာတ်ကားများက ခြယ်မှုန်းပြသ ကြသည်။ The Football Factory နှင့် Among the Thugs ကဲ့သို့သော ဘောလုံးလူရမ်းကားများ အကြောင်း ရေးသားထားသော စာအုပ်များလည်း ရှိသေးသည်။ အချို့သော ဝေဖန်ရေးသမားများက ထိုသို့သော မီဒီယာများသည် အကြမ်းဖက်မှုနှင့် ဘောလုံးလူရမ်းကားများ၏ လူနေမှုဘဝ ပုံစံကို စွဲမက်ဖွယ်ဖြစ်အောင် ကိုယ်စားပြု နေကြသည်ဟု ဝေဖန်ကြသည်။


ဝေါဟာရသမိုင်း[ပြင်ဆင်ရန်]

၁၉၉၀ ခုနှစ်တွင် FDGB Pokal ဖလားပွဲ ၌ လိုကိုမိုးတစ်ဗ် လိပ်ဇစ် (Lokomotive Leipzig) နှင့် ဒိုင်နမို ရှက်ဝါရင် (Dynamo Schwerin) အသင်းတို့ တွေ့ဆုံမယှဉ်ပြိုင်မီ ၂ဘက် ပရိသတ်များ အချင်း များနေကြစဉ်

လူရမ်းကားဝါဒ (hooliganism)ဆိုသော စကားလုံး နှင့် ပတ်သက်၍ သီအိုရီ မျိုးစုံရှိသည်။ အိတ်ဆောင် အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်တွင် ၁၈၉၀ ခုနှစ်များဆီက ကပွဲရုံများ၌ ဆူဆူညံညံပြုလုပ်တတ်ပြီး ရန်လိုတတ်သော အိုင်းရစ် မိသားစု တစ်စု၏ မိသားစု အမည် မှလာသည်ဟု ပုံပြင်ဆန်ဆန် ဖော်ပြပါရှိသည်။ ကလားရန့် ရုခ် (Clarence Rook) ရေးသားသော ၁၈၉၉ ခုနှစ်ထုတ် Hooligan Nights စာအုပ်တွင် ထိုစကားလုံးသည် လန်ဒန်တွင်နေထိုင်သော ဘားခန်းများ၏ အပေါက်စောင့်လုံခြုံရေး နှင့် သူခိုးတစ်ယောက် ဖြစ်သူ ပက်ထရစ် ဟူလီဟန် (Hoolihan) သို့မဟုတ် ဟူလီဂန် (Hooligan) မှ လာသည်ဟု အခိုင်အမာ ပြောဆိုသည်။

အစောပိုင်းကာလများတွင် အသုံးပြုမှု[ပြင်ဆင်ရန်]

လူရမ်းကား သို့မဟုတ် တေလေဂျပိုး (hooligan) ဆိုသော စကားလုံးကို အနည်းဆုံး ၁၈၉၀ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် အသုံးပြုနေပြီ ဖြစ်သည်။ လန်ဒန်ရှိ လမ်းပေါ်က ဂိုဏ်းတစ်ခု၏ အမည်ကို ထိုစကားလုံးနှင့် အသုံးပြုသည့် အချိန်နှင့် တစ်ချိန်တည်းမှာပဲ "Scuttlers" ဆိုသော မန်ချက်စတာ လမ်းပေါ်က ဂိုဏ်းတစ်ခုသည် နာမည်ဆိုးနှင့် ကျော်ကြား နေပြီ ဖြစ်သည်။ ပထမဆုံး အသုံးနှုန်းကို မသိသော်လည်း ၁၈၉၄ ခုနှစ် လန်ဒန်ရဲ တရားရုံးတွင် လန်ဒန်မြို့ လမ်ဘာ့သ်(Lambeth) အပိုင်းရှိ လူငယ်ဂိုဏ်းတစ်ခု၏ အမည်ကို လူရမ်းကားလေးများ (the Hooligan Boys) နောက်ပိုင်းတွင် O'Hooligan Boys ဟု ရည်ညွှန်း ဖော်ပြပါရှိပြီးနောက်တွင် ထိုစကားလုံး ပထမဆုံး ပေါ်ပေါက်လာခဲ့သည်။ ၁၈၉၈ ခုနှစ်၌ လမ့်ဘာ့သ် (Lambeth) တွင် ဂိုဏ်းသား တစ်ဦး ကျူးလွန်ခဲ့သော လူသတ်မှု တစ်ခုကြောင့် ထိုစကားလုံး အသုံးနှုန်းသည် သတင်းစာ၊ ဂျာနယ်များတွင် တမုဟုတ်ချင်း ကျော်ကြားလာကာ ပို၍ လူသိများလာခဲ့သည်။ လန်ဒန်အခြေစိုက် Daily Graphic သတင်းစာ၏ ၁၈၉၈ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့၌ ပါရှိသော ဆောင်းပါးတွင် ‘လူရမ်းကားဝါဒ (Hooliganism) ၏ အမည်အောက်တွင် ကျူးလွန်သော လူမဆန်သည့် လုပ်ရပ်များသည် လန်ဒန်တောင်ပိုင်း၏ လူမှုနယ်ပယ် မှတ်တမ်းများတွင် ကြောက်မက်ဖွယ်ကောင်း သော စကားလုံးတစ်ခု အဖြစ် ပါဝင်လာခဲ့သည်။ ’

နောက်ပိုင်းတွင် ၎င်းစကားလုံး၏ အဓိပ္ပာယ်သည် အနည်းငယ် ပြောင်းလဲလာပြီး အနှောက်ယှက် ပေးသောသူ၊ စတင် တိုက်ခိုက်သူ၊ ပြစ်မှုကျူးလွန်၍ ပျက်စီးမှုဖြစ်စေခြင်း၊ ဖျက်လိုဖျက်ဆီး လုပ်ဆောင်သော အမူအကျင့်ရှိသည့် တရားမဝင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင် (အထူးသဖြင့် လူငယ်) များ၏ လက္ခဏာရပ် တစ်ခု အဖြစ် သုံးနှုန်းခြင်း မဟုတ်တော့ပေ။ ယင်းစကားလုံးသည် ၂၀ရာစု နှစ်တွင် နိုင်ငံတကာမှာပင် အသုံးတွင်ကျယ်လာခဲ့ပြီး ဆိုဗီယက်ယူနီယံ တွင် khuligan ဟု သုံးနှုန်းကာ နိုင်ငံရေး သဘောထားကွဲလွဲသူ၊ သရော်လှောင်ပြောင်သူများကို ရည်ညွှန်းရာ၌ အသုံးပြုသည်။ (ဆိုဗီယက်က အသုံးပြုသော khuligan သည် လူအ၊ လူနုံ နှင့် အသိဉာဏ်နည်းသော သူဟူ၍ အဓိပ္ပာယ် ရမည်ဟု ယူဆရသည်။)

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမဆုံး ဘောလုံးအကြမ်းဖက်မှုကို မည်သည့်အချိန်တုန်းက စတင်ခဲ့သည်ကို မသိရသော်လည်း အနည်းဆုံး ၁၄ ရာစုနှစ်ခန့်က အင်္ဂလန်နိုင်ငံမှာ စတင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ ၁၃၁၄ခုနှစ် ဒုတိယမြောက် အက်ဒွပ်ဘုရင် လက်ထက် တွင် ဘောလုံးကစားနည်းကို ပိတ်ပင်ခဲ့သည်။ အကြောင်းမှာ အဆိုပါပွဲများသည် ပုန်ကန်ခြားနားခြင်း သို့မဟုတ် ဆူပူအုံကြွခြင်းကို ဦးဆောင် ဖြစ်ပေါ်စေနိုင်သည်ဟု သူယုံကြည်သော ကြောင့် ဖြစ်သည်။ ပထမဆုံး မှတ်တမ်းတင်ခဲ့သည့် ရမ်းကားမှု ဖြစ်စဉ်သည် အင်္ဂလန်နိုင်ငံတွင် ၁၈၈၀ ခုနှစ်ကာလတဝိုက်တွင် ကျင်းပသော ခေတ်သစ် ကစားနည်းတွင် ဖြစ်သည်။ အဆိုပါကာလတွင် ဂိုဏ်းအဖွဲ့ဝင် ပရိသတ်များသည် ဒိုင်လူကြီးများ၊ ပြိုင်ဘက် အသင်း၏ ကစားသမားများနှင့် ပရိသတ်များကို ခြိမ်းခြောက်မှု များပြုလုပ်ခဲ့ကြသည်။