ဘူမိရူပဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကမ္ဘာမြေကြီး၏ အတွင်းပိုင်း လေ့လာခြင်း[ပြင်​ဆင်​ရန်​]

လူတို့မျက်စိဖြင့် မမြင်မတွေ့နိုင်သော ကမ္ဘာမြေကြီး၏ အတွင်းပိုင်းကို လက်တွေ့လေ့လာ စမ်းသပ်နည်းများဖြင့် အရေးကြီး သော သတ္တု၊ ရေနံစသည်တို့ကို ရှာဖွေလျက်ရှိကြသည်။ ဘူမိရူပဗေဒသည် မျက်မှောက်ခေတ်တွင်မှ ပေါ်ပေါက်လာသော်လည်း အရေးကြီးသော ဘာသာရပ်အနေဖြင့် နိုင်ငံကြီးများတွင် လေ့လာလျက်ရှိကြလေပြီ။

ဘူမိရူပဗေဒ ဆိုသည်မှာ ရူပဗေဒ၏ သဘောတရားများကို အသုံးပြု၍ ကျွနု်ပ်တို့နေထိုင်သော ကမ္ဘာမြေကြီးအကြောင်းကို လေ့လာသော သိပ္ပံပညာဖြစ်သည်။ ဤပညာသည် ဘူမိဗေဒနှင့် ရူပဗေဒပညာ နှစ်ရပ် ပေါင်းစပ်၍ ပေါ်ထွက်သော ပညာဖြစ်၍ အထက်ပါ သိပ္ပံပညာ နှစ်ရပ် စလုံးပင် အကျုံးဝင်နေသည်။ ကမ္ဘာမြေကြီး၏ နက်နဲလှသော အကြောင်းအရာများကို လက်တွေ့စမ်းသပ်ချက်များဖြင့် ပိုမို နားလည်အောင် ပြုလုပ်ခြင်းသည် ဘူမိရူပဗေဒပညာပင် ဖြစ်ပေ သည်။


ဘူမိဗေဒပညာရပ်သည် ကမ္ဘာမြေကြီး၏ ခက်ခဲနက်နဲ မှုကြောင့် ရှေးယခင်အခါက စာဖြင့်ရေးသားဖော်ပြနိုင်သောသိပ္ပံ ပညာအဖြစ်နှင့်သာ ဖွံ့ဖြိုးလာခဲ့သည်။ အခြားတစ်ဘက်မှာ ကြည့်မည်ဆိုလျှင် ရူပဗေဒပညာသည် အင်အားနှင့်စွမ်းအင်များ အကြောင်းကို လေ့လာသော ဘာသာရပ်ဖြစ်သောကြောင့် လက်တွေ့သိပ္ပံပညာအဖြစ် တိုးတက်လာပေသည်။ ယခုအချိန်မှာ ဆိုလျှင် ဘူမိဗေဒပါရဂူများသည် ကမ္ဘာမြေအကြောင်းကို အတော်အတန် နက်နက်နဲနဲ သိလာကြပြီးဖြစ်၍ ယင်းတို့၏ ယူဆချက် အတွေးအခေါ်များကို လက်တွေ့စမ်းသပ်၍ အထောက် အထားပြုရန် လိုအပ်လာပြီဖြစ်ရာ၊ ရူပဗေဒ ပါရဂူများ၏ လက်တွေ့စမ်းသပ်ချက်တွင် ကျွမ်းကျင်မှုကို အသုံးပြုလာ ကြသည်။ ဘူမိရူပဗေဒသည် ဤကဲ့သို့ပြန့်ပွား လာသော သိပ္ပံပညာတစ်ရပ် ဖြစ်သည်။ အမေရိကန် ဘူမိဗေဒအသင်းကြီးသည် ဘူမိဗေဒ ပညာကို အောက်ပါအတိုင်း ၈ မျိုး ခွဲခြားထားသည်။

  1. မိုးလေဝသပညာ - လေအကြောင်း သိပ္ပံပညာ၊
  2. ဥဒကဗေဒ - မြေပေါ်မြေအောက်ရှိ ရေများအကြောင်း လေ့လာသော သိပ္ပံပညာ၊
  3. အဏ္ဏဝဗေဒ - ပင်လယ်သမုဒ္ဒရာများ အကြောင်းလေ့လာသေ သိပ္ပံပညာ၊
  4. မီးတောင်ပညာ - မီးတောင်နှင့် သက်ဆိုင်သမျှကို လေ့လာသော သိပ္ပံပညာ၊
  5. ဘူကမ္ပဗေဒ - ငလျင်လှုပ်ခြင်းနှင့် အခြားမြေကြီး၏ တုန်လှုပ်ခြင်းအကြောင်းများကို လေ့လာသေ သိပ္ပံပညာ၊
  6. ဘူမိသံလိုက်ဗေဒ - ကမ္ဘာမြေကြီး၏ သံလိုက်ဓာတ်၊ လျှပ်စစ်ဓာတ်များအကြောင်း လေ့လာ ( မြေ၏သံလိုက်သော သိပ္ပံပညာ၊ဓာတ်ပညာ )
  7. မြေခုံးတိုင်းပညာ - ကမ္ဘာမြေ၏ ပုံပန်းသဏ္ဌာန်နှင့် ဒြဗ်ဆွဲအား အကြောင်း လေ့လာသော သိပ္ပံ ပညာ၊
  8. တက်တိုနိုရူပဗေဒ - ကျောက်စိုင်ကျောက်ခဲများ ပုံသဏ္ဌာန် ပြောင်းလဲခြင်း၊ ရိုးမတောင်တန်းများ ပေါ်ပေါက်ခြင်း၊ ကမ္ဘာမြေမြင့်တက်ခြင်း နိမ့်ဆင်း ခြင်းတို့၏ အကြောင်းအရာကို

လေ့လာသော သိပ္ပံပညာ၊

အထက်ပါ ဘာသာရပ်များ အားလုံးကို ဘူမိဗေဒပညာ လေ့လာသူတစ်ဦးသည် အားလုံးကုန် မလေ့လာ နိုင်ပေ။ ပထမ ၃ ဘာသာသည် ကျယ်ပြန့်လွန်း၍ သီးသန့်ဘာသာ တစ်ရပ် စီအဖြစ်ဖြင့် လေ့လာကြရသည်။ ကျန်ရှိသော ဘာသာရပ်များ ကိုမူ များသောအားဖြင့် ဘူမိရူပဗေဒ၏ ဘာသာရပ်များဟု ယူဆကာ လေ့လာခြင်း ပြုကြလေသည်။

ဘူမိရူပဗေဒသည် လူတို့၏ မျက်စိဖြင့် မမြင်နိုင်သော ကမ္ဘာမြေ၏ အတွင်းပိုင်းကို အဓိကအားဖြင့် လေ့လာသည်။ ကမ္ဘာမြေ၏ အတွင်း၌ မည်ကဲ့သို့သော ဓာတ်သတ္တု၊ ကျောက်ခဲ များရှိသနည်း။ ထိုဓာတ်သတ္တု၊ ကျောက်ခဲများသည် အခဲလိုက် ရှိသလော၊ အရည်လော သို့မဟုတ် ကတ္တရာစေးကဲ့သို့စေးပျစ် နေသလော စသည် ဖြင့် လူတို့အတွက် မသိသေးသော အကြောင်းအရာများကို သွယ်ဝိုက်သော နည်းဖြင့် သိနိုင်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။ ထိုပြင် ကမ္ဘာမြေ၏ ပုံသဏ္ဌာယန်၊ အတိုင်းအတာ၊ အဝန်းနှင့် အလေးချိန်များကို တွက်ဆခြင်း သည်လည်း ဘူမိရူပဗေဒပညာတွင် အကျုံးဝင်လေသည်။

ပမာအားဖြင့် ကမ္ဘာမြေ၏ သံလိုက်ဓာတ်သည် နှစ်ပေါင်းများစွာအတွင်း မည်သို့ပြောင်းလဲသည်ကို လေ့လာ ခြင်းဖြင့် ကမ္ဘာမြေ၏အတွင်း၌ ဓာတ်သတ္တုများ မည်ကဲ့သို့ ပေါင်းစပ်နေသည်ကို ခန့်မှန်းနိုင်သည်။ မြေငလျင်လှုပ်ခြင်းကို လေ့လာ၍ ကမ္ဘာမြေအတွင်း၌ အလွှာများသည် ဘယ်နှစ်လွှာ ရှိသည်ကို ခန့်မှန်းတွက်ဆနိုင်သည်။ ကမ္ဘာသည် ဘောလုံး ကဲ့သို့မလုံးဘဲ လိမ္မော်သီးကဲ့သို့ဝင်ရိုးစွန်းနှစ်ဘက်တွင် အနည်းငယ် ပြားချပ်နေကြောင်းကို သိလာသည်။

ထိုလေ့လာချက်များမှ ထွက်ပေါ်ရရှိသော နည်းတို့ကို တိုးတက်ထွန်းကား လာစေ၍ ထိုလေ့လာနည်းများဖြင့် လူတို့ အတွက် အရေးကြီးသော သတ္တု၊ ရေနံစသည် ရှာဖွေရာတွင် အသုံးပြုသည်။ ဘူမိရူပဗေဒနည်းဖြင့် သတ္တု၊ ရေနံရှာဖွေခြင်း သည် ယခုအခါ ကမ္ဘာပေါ်တွင် အလွန်ပင် အသုံးတွင်လျက် ရှိသည်။ ဘူမိဗေဒ သတ္တု၊ ရေနံရှာသည့်နည်း ပင်ရင်း ဘူမိဗေဒပညာထက်ပင် တိုးတက်ပြန့်ပွားလာ၍ ယင်းကို ယခုအခါ အလွန်အရေးကြီး သော ဘာသာတစ်ရပ်အနေဖြင့် ကမ္ဘာရှေ့ဆောင် တိုင်းပြည်ကြီးများတွင် လေ့လာလျက်ရှိကြ သည်။

ဘူမိရူပဗေဒ သတ္တု၊ ရေနံရှာဖွေနည်းကို အောက်ပါအတိုင်း ၄ မျိုး ၄ စား ခွဲခြားနိုင်သည်။

၁။ ဒြဗ်ဆွဲအားကို အသုံးပြု၍ ရှာနည်း။[ပြင်​ဆင်​ရန်​]

ဤနည်းသည် ကမ္ဘာ၏ ဒြဗ်ဆွဲအား ပြောင်းလဲပုံကို လေ့လာခြင်းဖြင့် မြေအောက် ၂ မိုင် ၃ မိုင်ခန့်တွင် မည်သည့်ကျောက်များ မည်ကဲ့သို့တည်ရှိနေမည်ကို ခန့်မှန်း နိုင်သည်။

၂။ သံလိုက်ဓာတ်အားကို အသုံးပြု၍ ရှာနည်း။[ပြင်​ဆင်​ရန်​]

ဤနည်းသည် ကမ္ဘာ၏ သံလိုက်ဓာတ် ပြောင်းလဲပုံကို လေ့လာခြင်းဖြင့် မြေအောက်၌ သံလိုက် သတ္တု မရှိကို ခန့်မှန်း နိုင်သည်။

၃။ မြေကြီးကို တုန်လှုပ်စေခြင်းဖြင့် ရှာဖွေနည်း။[ပြင်​ဆင်​ရန်​]

ဤနည်းသည် ပေ ၁ဝဝ ခန့်နက်သော တွင်းခေါင် ထဲ၌ ဒိုင်းနမိုက် ( ယမ်းဘီလူး ) ထည့်ဖောက်ခြင်းဖြင့် မြေ ကြီးကို တုန်လှုပ်စေကာ၊ ထိုဗဟိုနေရာမှ ဖြာထွက်လာသော တုန်ခါလှိုင်းများကို မြေပေါ်တွင် ဖမ်းယူလေ့လာ ခြင်းဖြင့် မြေအောက်ရှိ ကျောက်လွှာများ အကြောင်းကို တွက်ဆခန့်မှန်း နိုင်သည်။

၄။ လျှပ်စစ်ဓာတ်အား အသုံးပြု၍ ရှာဖွေနည်း။[ပြင်​ဆင်​ရန်​]

ကမ္ဘာမြေ၏ မူလလျှပ်စစ်ဓာတ်အား ပြောင်းလဲပုံကို လေ့လာခြင်းဖြင့် လည်းကောင်း၊ မြေပေါ်မှ မြေအောက်သို့ လျှပ်စစ်ဓာတ်များ လွှတ်၍ ပြန်လည်ဖမ်းယူကာ လေ့လာခြင်း ဖြင့် လည်းကောင်း ဓာတ်သတ္တုများ ရှိမရှိကို ခန့်မှန်းတွေးဆ နိုင်သည်။

ထို့ကြောင့် နိဂုံးချုပ်အားဖြင့် ဘူမိရူပဗေဒပညာသည် အလွန်ပင် ကျယ်ပြန့်လှသည်။ သိပ္ပံပညာရပ် အနေနှင့်လေ့လာ ရာတွင်လည်း ဘူမိဗေဒနှင့် ရူပဗေဒပညာ နှစ်ခုစလုံး လေ့လာ ရ၍ စိတ်ဝင်စားဖွယ် ကောင်းသည်။ ရေနံ၊ သတ္တုရှာဖွေရာ တွင်လည်း အသုံးဝင်ခြင်းကြောင့် စီးပွားရေးသမားဖြစ်သည့် သတ္တုတွင်း ရေနံတွင်း ရှာဖွေ သူများကို အထောက်အပံ့ အကူအညီ ဖြစ်စေ၍ ပိုမိုစိတ်ဝင်စားဖွယ် ကောင်းပေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)