ဘုမ္မရာဇာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘုမ္မရာဇာ
Rauvolfia
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် Gentianales
မျိုးရင်း Apocynaceae
မျိုးစု Rauvolfia
မျိုးစိတ် Rauvolfia tetraphylla L., 1753

ဘုမ္မရာဇာပင် (Rauvolfia သို့ Rauwolfia) သည် အပေါ့ဆီနေစီအီး မျိုးရင်းနှင့် ရောဗောဖီးယား မျိုးစုတွင် ပါဝင်သည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ ရောဗောဖီးယား ဆာပင်တီးနားဖြစ်သည်။ ဘုမ္မရာဇာပင်သည် အမြင့် ၃ ပေကျော် ၄ ပေခန့်ရှိ၍၊ တည့်တည့်မတ်မတ် တက်သောချုံပင်မျိုး ဖြစ်သည်။ ပင်စည် လုံးများတွင် ဖြူတူတူ အခေါက်များရှိ၍ ယင်းတို့ကို ခွဲလိုက် သည့်အခါ၊ သို့မဟုတ် ယင်းတို့အက်ကွဲလာသည့်အခါ အစေး များ ထွက်လာတတ်သည်။

အသွင်သဏ္ဍာန်[ပြင်​ဆင်​ရန်​]

အရွက်များသည် စိမ်း၍ လှံးစွပ်ပုံသဏ္ဌာန် ရှိပြီးလျှင်၊ ရွက်ညှာတို့ဘက်သို့သွယ်၍ ဆင်းသွားသည်။ အရွက် ၃ ရွက် မှ ၅ ရွက်အထိ အခက်ထိပ်တွင် ဝိုင်း၍ပေါက်သည်။ အပွင့် များမှာ အချို့ဖြူ၍ အချို့ပန်းရောင် ဖြစ်ပြီးလျှင် အချို့မှာ အနီဖြစ်သည်။ အပွင့်များသည် အခိုင်လိုက်ပွင့်သည်။

အသီးများသည် ပထမ စိမ်းနေရာမှ မှည့်သောအခါခရမ်းရောင် ဖြစ်လာသည်။ အသီးအတွင်း၌ မာသော အစေ့ရှိသည်။ ဘုမ္မရာဇာပင်၏ အမြစ်သည် ဆေးဖက်ဝင်သည့် အလျောက်၊ ယခုအခါ သွေးတိုးအားပြင်းခြင်းရောဂါ ကုသရန် အတွက် များစွာ အသုံးပြုကြသည်။ သွေးတိုးအားကို လျော့စေ သည်။


စိုက်ပျိုးပုံ[ပြင်​ဆင်​ရန်​]

(က) မြေပြုပြင်ခြင်း ။ ။ မြေကို နက်နက် ထွန်ယက် ပေးရန် လိုသည်။ စိုက်မည့် အတန်းလိုက် အကွာအဝေး မှာ ၁ ပေ မှ ၂ ပေ အထိ ထား သင့်သည်။ စိုက်မည့် အတန်းလိုက် ထယ်ကြောင်း ပေးထားရန် သင့် သည်။

(ခ) စိုက်ပျိုးခြင်း။ ။ အစေ့ကို စိုက်ပျိုး ခြင်းဖြင့် အပင် ဖြစ်ထွန်း နိုင်သော်လည်း မိုးဦးကျ အချိန်၌ အမြစ် အဆစ် ကလေးများကို ဖြတ်တောက် ၍ ပျိုးထောင်ပြီး လျှင် အပင်ပေါက် ကလေးများ ကို ပြောင်းရွှေ့ စိုက်ပျိုးခြင်း က ပို၍ လျင်မြန်စွာ ဖြစ်ထွန်းသည်။ အပင်တက် များကို တူးဖဲ့၍ မြေချ စိုက်ပျိုး ခြင်းက သာလွန် ကောင်းမွန်ပေသည်။ တစ်ပင် နှင့် တစ်ပင် ၂ ပေမှ ၃ ပေ အထိ ခွာ၍ စိုက်ပျိုး သင့်သည်။

(ဂ) ပြုစုဂရုစိုက်ခြင်း ။ ။ ပေါင်းများ ရှင်းပေးခြင်း ၊ နွေရာသီ ၌ ရေသွင်း လောင်း ပေးခြင်းနှင့် အပင်ရင်းများ၌ လိုအပ်သည့် မြေဆွေး များ ထည့်ပေးခြင်း။

(ဃ) စုဆောင်း ရယူခြင်း ။ ။ အမြစ်အား ပင်သက် ၁ နှစ်ခွဲသား မှ စတင် အသုံးပြု နိုင်သော်လည်း ၃-၄ နှစ်သား ရှိသော အခါ ၌သာ ဆေးဖက်ဝင် အာနိသင် အရှိဆုံး အချိန် ဖြစ်၍ အမြစ်များကို တူဖော်ရ ယူသင့်သည်။ တူးယူရန် အကောင်းဆုံး သော လများ ဖြစ်သည့် တန်ဆောင် မုန်း မှ တပေါင်း လ များ တွင် တူးယူသင့်သည်။ တူးဖော်ပြီး သော အမြစ်များ အား ရေစင် အောင်ဆေး၍ လက်လေးသစ် ခန့်ဖြတ်ကာ အခြောက်လှန်း ရသည်။ သွေ့ခြောက်ပါက လိုအပ်သလို သုံးစွဲနိုင်သည်။

အသုံးဝင်ပုံ[ပြင်​ဆင်​ရန်​]

မြန်မာ့ ဆေးကျမ်း များ အလိုအရ ဘုမ္မရာဇာ မြစ်သည် ဖန်၏ ၊ စပ်၏ ၊ ခါးသော အရသာ ရှိ၏ ၊ ထက်မြက်၍ ပူသော ဂုဏ်သတ္တိ ရှိပြီး ဝမ်းမီးကို တောက်စေ၏ ၊ လေကို သက်စေ၏ ၊ နှုတ်ကို မြိန်စေ၏ ၊ အကြောလှုပ် ခြင်း ၊ အကြော ညောင်းကျနာ ခေါ် ရိဖြူနီ ကျဆင်းမှု တို့နှင့် သုက်ဆီး လွန် သော ဒူလာ သရောနာ ကို နိုင်၏ ။ သွေးတိုး ရောဂါ သွေး နိမ့် ရောဂါ တို့ကို ပျောက်စေ၏ ။ ပန်းသေ ပန်းညှိုး သုက်ခန်း ရောဂါ တို့ကို နိုင်၏ ။

ဘုမ္မရာဇာပင်မှ ထိုးထွက်နေသော အဖူးကလေးများ

အမြစ်[ပြင်​ဆင်​ရန်​]

  • ဘုမ္မရာဇာ မြစ်သည် သွေးတိုး ကျဆေး အဖြစ် အထူး ထင်ရှားသည်။ အထူး သဖြင့် စိုးရိမ် ကြောင့်ကြ ခြင်း နှလုံး တုန် မြန်ခြင်း တို့ နှင့် ယှဉ်သော သွေးတိုး ရောဂါ ရှိသည့် လူရွယ် များ အတွက် သင့်တော် ၏ ။
  • ဘုမ္မရာဇာ မြစ်သည် အားတိုးဆေး ၊ အိပ်ဆေး ၊ အဖျားဖြတ်ဆေး ၊ လေဆေး နှင့် အဆိပ်ဖြေ ဆေး များ တွင် ထည့်သွင်း အသုံးပြုသည်။
  • ဘုမ္မရာဇာမြစ်သည် ငြိမ်စေသည့် သတ္တိလည်း ရှိသောကြောင့် ယခုအခါ အရူးကုရာ၌လည်း အသုံးပြုကြသည် ဟုဆိုသည်။ စိတ်ထကြွခြင်း ၊ ရန်ပြုလိုခြင်း ၊ စိုးရိမ်ကြောင့်ကြ ဖြစ်ခြင်း ၊ စိတ်ကြောတင်းခြင်း များကို ပြေပျောက် စေသည့် အတွက် စိတ်ဝေဒနာ ရှင်အချို့ စိတ်ငြိမ်ဆေး အဖြစ် အသုံးပြု ကြသည်။
  • ဘုမ္မရာဇာ ၊ ရှိန်းခို ၊ ဣသရမူလီ ၊ ဆေးဒန်း တို့ကို ဆတူ အမှုန့် ပြု၍ ကလေး သူငယ်များ ၊ အသား အရေ အေး၍ တက်ခြင်း ၊ ပူ၍ တက်ခြင်း ၊ အညှော်မိခြင်း ၊ ချွဲကျပ်ခြင်း ၊ လေပူ ကျပ်ခြင်း ဖြစ်ပါက လက်ဖဝါး ခြေဖဝါး တို့ကို ချန် လှပ် ၍ တစ်ကိုယ်လုံး ကို နှမ်းဆီနှင့် ဖျော်၍ လိမ်းပေးခြင်း ၊ ၎င်း ဆေးမှုန့် နှင့် ကွမ်းရွက် တစ်ရွက် ရောခြေ ၍ အနံ့ ရှူပေးခြင်း ၊ လက်ကို အပူကင်း ၍ ရင်ကို အုပ်ပြီး သက်ချခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။

အရွက်[ပြင်​ဆင်​ရန်​]

  • လတ်ဆတ်သော အရွက်ကို အရည်ကို မျက်စိ အတွက် ဆေးအဖြစ် ဖော်စပ် အသုံးပြု နိုင်၏။ မှတ်သားရန်မှာ ဘုမ္မရာဇာ ဆေးကို စားသုံးပြီးနောက် ပွင့်သော အစာကို စားရ၏။ ရေမှန်မှန် ချိုးပေးရမည် ဖြစ်သည်။ [၁]

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ[ပြင်​ဆင်​ရန်​]

ပူအိုက် စွတ်စို၍ မိုးရေ ချိန် လက်မ ၈၀ မှ ၁၂၀ ကျော်ခန့် ရှိသော ဒေသများ တွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် ပျဉ်မနား ၊ တောင်ငူ ၊ မွန်ပြည်နယ် ကျိုက်ထို ၊ ဘီးလင်း ၊ ကော့ကရိတ်၊ သကသာ၊ နမ်းခမ်း၊ ပျဉ်းမနား၊ တောင်ငူ၊ ဇီးကုန်း၊ ဥက္ကံ၊ တိုက်ကြီး၊ သထုံ၊ ကျိုက်မရော မြို့နယ်များတွင် ပေါက်ရောက်သည်။ တောင်ပိုင်းရှမ်းပြည်နယ်များ၌လည်း ပေါက်ရောက်လေသည်။[၂]ဘာဝ အလျှောက် သဲနုန်းမြေစေး များတွင် အလေ့ကျ ပေါက်ရောက် သော်လည်း စိုက်ပျိုးပင် တစ်ရပ် အနေဖြင့် လည်း စိုက်ပျိုး ထုတ်လုပ် နိုင်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=139
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)